Friday, May 29, 2015

Design & Ideology

တစ်ချိန်က ဝါသနာတူ သူငယ်ချင်းတစ်စု Design Ideology Forum လေးမှာ ရေးခဲ့ကျတဲ့ 1st News Letter လေးကို အမှတ်တယ အနေနဲ့ ပြန်တင်တာပါ။

Design & Ideology









ချားစ်ဒါဝင်ရဲ့ အီဗော်လူးရှင်း သီအိုရီအရ လူသည် မျောက်နှင့် မျိုးစိတ်တူသောသတ္တဝါ တစ်မျိုးဟု ဆိုခဲ့သည်။
ဘာသာရေးအသီးသီးမှလည်း လူ၏ဖြစ်တည်ရာကို အမျိုးမျိုးဆိုခဲ့ကြသည်။ မည်သို့ဆိုစေ သတ္တလောက၌ လူ၏ တည်ရှိနေမှု ကဏ္ဍသည် မှေးမှိန်သွားခြင်းမရှိခဲ့။ မည်သည့်နေရာမှ ဖြစ်တည်လာခဲ့ပါစေ လူဟူသော
သက်ရှိတစ်မျိုးသည် သတ္တလောကအတွင်း တည်ရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။ ဗုဒ္ဓအလိုအရ စင်္ကြဝဠာတစ်ခွင်ရှိ သတ္တဝါများ အားလုံးအတွင်း လူသားဘဝသည်သာ အမြင့်မြတ်ဆုံး အဖြစ် သတ်မှတ်ထားသည်။ ထိုအမြင့်မြတ်ဆုံးသော လူသားသည်ပင် လောကကို အကျိုးပြုနိုင်သလို၊ လောကကို ပျက်စီးအောင် ပြုလုပ်နိုင်ပေသည်။ လောကရှိ သက်ရှိ သတ္တဝါအားလုံး၌ တူညီသော လိုအပ်ချက်များ ရှိပေသည်။ ထိုအရာတို့မှာ စားရေး၊ ဝတ်ရေး၊ နေထိုင်ရေး နှင့် ဘေးကင်း လုံခြုံရေးများပင် ဖြစ်သည်။ ထိုလိုအပ်ချက်များမှာ မရှိမဖြစ် အခြေခံများပင် ဖြစ်သည်။ သို့သော်လည်း အခြားသက်ရှိတို့နှင့် မတူကွဲပြားသော လိုအင်ဆန္ဒများမှာ လူသားတို့၌ သိသာထင်ရှားစွာ ဖြစ်ပေါ်တတ်သည်။ ထိုဆန္ဒမှာ အခြေခံ လိုအပ်ချက်အပေါ်မှာ မူတည်ဖြစ်ပေါ်လာတတ်သလို အချို့မှာ စိတ်ခံစားမှုအတွက် ပေါ်ပေါက်လာတတ်သော လိုအင် ဆန္ဒများ ဖြစ်သည်။ ထိုလိုအင်ဆန္ဒများမှ လူသားတို့၏ ထွေပြားဆန်းကျယ်သော စိတ်ကူး အကြံဉာဏ် ကွန့်မြူးမှုဖြင့် အမျိုးမျိုးသော တီထွင်မှုများဖြစ်ပေါ်လာခဲ့သည်။ လူသားတို့၏ လိုအင်မှ စိတ်ကူး အကြံဉာဏ်များ ဖြစ်ပေါ်လာခဲ့ပြီး ထိုဖြစ်ပေါ်သော အကြံအစည် စိတ်ကူးစိတ်သန်းများကို အကောင်အထည် ဖော်ဆောင်ရန် ဒီဇိုင်းများမွေးဖွားခဲ့ကြသည်။ အတွေးအခေါ်သစ်များ ထွေးပွေ့ခဲ့ကြခြင်းပင် ဖြစ်သည်။
_._._._._._._._._._._._.



ဒီဇိုင်းနှင့် အိုင်ဒီယာဆိုသောစကားလုံးနှစ်လုံးကို ကျွန်တော်တို့ မြန်မာအတော်များများ ရင်းနှီးနေကြသည်။
ဒီဇိုင်း ဆိုသည့်အဓိပ္ပါယ်ကို အတိအကျ မသိကြသော်လည်း အလွယ်တကူ သုံးစွဲနေတတ်ကြသည် ။ Oxford အဘိဓါန်၌ ဒီဇိုင်း ဆိုသည်ကို
“ A plan or drawing produced to show the look and function of
something before it is built or made (or) The art or action of planning
the look and function of something (or) The arrangement of the features
of an artifact ” ဟုလည်းကောင်း “A decorative pattern (or) The purpose or
planning that exists behind an action or object” ဟုလည်းကောင်း၊ “Decide upon
the look and functioning of something, especially by making a detailed
drawing of it (or) do or plan (something) with a specific purpose in
mind” ဟုလည်းကောင်း အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။

ခေတ်သစ် အင်္ဂလိပ်မြန်မာ အဘိဓါန်မှာ
ကြိယာအဖြစ်
၁။ ပုံ-ထုတ်သည်-ဆွဲသည်-ရေးသည်။
၂။ အနုပညာလုပ်ငန်းအတွက် အကြမ်းစီမံဖော်ပြသည်။
၃။ လိုရင်းအကြောင်း ပြီးမြောက်အောင် ဖန်တီးသည်။ ရည်ရွယ်သည်။ ကြံရွယ်သည်။ ရည်စူးသည်။
၄။ စီမံ-သတ်မှတ်သည်-လျာထားသည်။ မှန်းထားသည် ဟုလည်းကောင်း၊

နာမ်အဖြစ်-
၁။ အလှပုံ-ဆွဲ-ရေးထားသည့်ပုံ။
၂။ အနုပညာလုပ်ငန်းအတွက် အကြမ်းစီမံဖော်ပြချက်- အတိုချုပ် စီမံဖော်ပြချက်။
၃။ အဆောက်အအုံ-ဆွဲ ရေးထားသည့်ပုံ- ထုထားသည့် အရုပ်- အစီအစဉ်ဖွဲ့စည်းပုံ- အနေအထား အချိုးအစားကျပုံ။
၄။ အကြံအစည်။ စီမံထားခြင်း။ ကြံစည်ဖန်တီးထားခြင်း။
၅။ တမင်တကာ-ရည်မှန်းထားခြင်း- ရည်ရွယ်ထားခြင်း။
၆။ မကောင်း-အကြံအစည်-အကြံအရွယ် ဟုလည်းကောင်း အဓိပ္ပါယ်များဖွင့်ဆိုထားသည်ကို တွေ့နိုင်ပါသည်။


အိုင်ဒီယော်လိုဂျီ ကို Oxford အဘိဓါန်၌ “A system of ideas and ideals forming the
basis of an economic or political theory (or) The set of beliefs
characteristic of a social group or individual ဟုလည်းကောင်း၊ Archaic the
study of the origin and nature of ideas” ဟုလည်းကောင်း အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။
Wikipedia တွင်တော့ အိုင်ဒီယော်လိုဂျီကို “An ideology is a set of ideas that
constitutes one's goals, expectations, and actions” ဟု အဓိပ္ပါယ်ဖွင့်ဆိုထားပါသေးသည်။

ခေတ်သစ် အင်္ဂလိပ်-မြန်မာ အဘိဓါန်တွင် နာမ် အဖြစ်-
၁။ လူ့ စိတ်ကူး စိတ်ကမ်း အခြေပြုရာ အကြောင်းအချက်။ အယူအဆ ယုံကြည်စွဲမြဲချက်များ။
၂။ သဘောတရား။
စိတ်ကွန့်မြူးတွေးဆချက် ဟု အဓိပ္ပါယ် ဖွင့်ဆိုထားပါသည်။

အဘိဓါန်များအတွင်း ဖွင့်ဆိုချက်များအပေါ် ဆက်လက် ဆင်ခြင်တွေးတောလိုက်လျှင်ဖြင့် ဒီဇိုင်းနှင့်
အိုင်ဒီယော်လိုဂျီတို့၏ ဆိုလိုချက်များကို ပုံဖော်နားလည်သွားနိုင်ပါမည်။ ဆက်လက်၍ အဘိဓါန်၏ ယေဘုယျ
အချက်တွေအပြင် အခြား အတွေးပွားနိုင်သည်မှာ အင်ဂျင်နီယာ ပညာရပ်နှင့် ဗိသုကာပညာရပ်တို့တွင်
ဒီဇိုင်းသည် မည်သည့်အပိုင်းကဏ္ဍတွင် ပါဝင်နေသနည်း။ အိုင်ဒီယော်လိုဂျီတို့သည် ဒီဇိုင်းသည် မည်သည့်အပိုင်းကဏ္ဍတွင်
ပါဝင်နေသနည်း ဆိုသည့် အတွေးများဖြစ်သည်။
_._._._._._._._._._._._.

စင်စစ် ဒီဇိုင်းဆိုသည်မှာ အရာဝတ္ထုတစ်ခုအတွက် တိကျသေချာ အသေးစိတ်သော အဓိပ္ပါယ်ဖော်ပြချက်။
သွားရောက်လိုတဲ့ ပန်းတိုင်တစ်နေရာမှ ပေးစွမ်းမယ့် ပြီးပြည့်စုံတဲ့ ခံစားလိုမှု။ စိတ်အဆာ၏ လိုအပ်ချက်ကို
ပြည့်စုံစေမှု။ စည်းချက်ညီညီ ကန့်သတ်ချုပ်ချယ်မှု။ အကန့်အသတ်မရှိ လွင့်ထွက်သွားနိုင်သော ဖန်တီးမှု
စသည်ဖြင့် အမျိုးမျိုး ခံစားသိမြင်နိုင်ပါသည်။ ဖန်တီးသူတစ်ဦးမှ ပြောပြလိုသော သီးခြား ခံစားမှု
သို့မဟုတ် ခံစားမှု အဖုံဖုံကို ဒီဇိုင်းများမှ ရရှိနိုင်သည်။ ဒီဇိုင်းတစ်ခု အတွင်းမှာပင် အတွေးအမျိုးမျိုး
ကွဲပြားနိုင်ပါသည်။ ထို့ပြင် ဒီဇိုင်းကို သွင်ပြင်ခွဲ၍ ဆိုလျှင် ဒီဇိုင်းသည် ဘာသာဗေဒ အကန့်အသတ်မရှိ။
ကွဲပြားခြားနားတဲ့ အတွေးအခေါ်အမျိုးမျိုးသည် ဒီဇိုင်းတွင် ရှိနေသည်။ ဒီဇိုင်းတွင်
လမ်းခွဲအမျိုးမျိုးမှ ချဉ်းကပ်လာမှုများ ရှိသည်။ ဒီဇိုင်းတွင် လက်ဆင့်ကမ်း ဆင်းသက်လာတဲ့ သုခုမရသတွေ
ရှိသည်။ တိုးထွက် ဖောက်ထွက်လာတဲ့ အနုပညာတွေ ရှိသည်။ နည်းစနစ်တကျ တွေးခေါ်ပေးရတာတွေ ရှိသည်။
ထို့အပြင် ဒီဇိုင်းတွင် စီးပွားရေးအတွက် တွက်ခြေကိုက် လုပ်ဆောင်ချက်တွေ ရှိသည်။ လှုမှုဗေဒ
လိုအပ်ချက်အပေါ် အဖြေရှာမှုတွေရှိသည်။ လိုအပ်ချက်အပေါ် သုတေသန ပြုလုပ်ရတာတွေ ရှိသည်။
အတွေးခံစားချက်ကို ဖော်ထုတ် ပေးရတာတွေ ရှိသည်။ ဖန်တီးမှုအတွေးကို အကောင်အထည် ဖော်ဆောင်ရတာတွေ ရှိသည်။ ခြုံ၍ ဆိုရပါလျှင် ဒီဇိုင်းသည် အရာအားလုံးကို စနစ်တကျ ချိန်ညှိပေးရခြင်းဟု ဆိုရပေမည်။

အိုင်ဒီယော်လိုဂျီအား ယေဘူယျဆိုရပါလျှင် အတွေးအမြင် သဘောတရား အယူအဆလို့ ဆိုနိုင်ပါမည်။
သိပ္ပံပညာရှင်များသည် အခြေခံကျတဲ့ သဘောတရားတွေနဲ့ သီအိုရီတွေ အမျိုးမျိုး ဖော်ထုတ်ကြသည်။
အင်ဂျင်နီယာများသည် သူတို့ပြုလုပ်မယ့် ဒီဇိုင်းနဲ့ တည်ဆောက်ရေး လိုအပ်ချက်အတွက် ဖြစ်နိုင်ချေရှိသော
သင့်တော်မည့် သီအိုရီများကို စနစ်တကျ အသုံးပြုကြသည်။ ဗိသုကာများသည် လူမှုပတ်ဝန်းကျင်တွင်
အဆင်ပြေချောမွေ့စွာ နေထိုင်နိုင်ရန် ကြံစည်တွေးတော အဖြေရှာကြပါသည်။ ဘာသာရေး၊ လူမှုရေး
အသိပညာရှင်များသည် လူသားတို့အတွက် လိုက်နာ စောင့်ထိန်းအပ်တဲ့ ကျင့်ဝတ်၊ သိက္ခာ၊ လူမှုဘ၀ တိုးတတ် ကြီးပွားရေး တတ်ကျမ်းများ၊ နီတိ အစရှိသည်တို့ကို တွေးတော အဖြေရှာ စူးစမ်းဖော်ထုတ်
လေ့လာကျင့်သုံးရန် လမ်းညွှန်ပြင်ဆင်ကြတယ်။ နိုင်ငံရေးသုခမိန်များ၊ ဘောဂဗေဒ စီးပွားရေးပညာရှင်များသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ နိုင်ငံရေးနည်းဗျူဟာနှင့်
စီးပွားရေးနည်းဗျူဟာတို့အပေါ် ကြံစည် တွေးတောတတ်ကြသည်။ ထို့ကြောင့် လူသားအားလုံး၏ အတွေးအမြင် အကြံအစည် အားလုံးသည် အတွေးဗေဒ အိုင်ဒီယော်လိုဂျီဆိုသော ခေါင်းစဉ်အောက်မှာ ကိန်းဝပ်နေသည်ဟု ဆိုနိုင်ပါသည်။
_._._._._._._._._._._._.
ဒီဇိုင်းဆိုသည်မှာ အိုင်ဒီယော်လိုဂျီ၏ ကုန်ထွက်တစ်မျိုးဟု ဆိုနိုင်ပါသည်။ အတွေးအမြင်မပါသော ဒီဇိုင်းသည် ဆားမပါသော ဟင်းတစ်ခွက်နှင့်တူသည်။ အတွေးအမြင်တစ်ခုသည် ဘက်စုံဒေါင့်စုံ ပြည့်စုံနိုင်ရန် ခဲယဉ်းသကဲ့သို့ ဒီဇိုင်းတစ်ခုသည်လည်း အရာအားလုံးအတွက် ကုံလုံပြည့်စုံစေမှုပေးနိုင်ရန် မလွယ်ကူလှချေ။ အတွေးတစ်ခုကို အကျိုးအကြောင်း တွေးဆနိုင်သကဲ့သို့ ဒီဇိုင်းတစ်ခုတွင်လည်း ကျိုးကြောင်းပြည့်စုံသော အဓိပ္ပါယ်ကို ပေးနိုင်ဖို့ လိုအပ်ပါလိမ့်မည်။ အတွေးတစ်ခု၏ အမှန်အမှားဆိုသည်ကို ရလာဒ် အကျိုးအမြတ်နှင့် တိုင်းတာသကဲ့သို့ ဒီဇိုင်းတစ်ခု၏ အမှန်အမှားဆိုသည်ကိုလည်း ထိုဒီဇိုင်းမှ ရရှိသော ရလာဒ်ဘောင်နှင့် ချိန်ညှိုရပါသည်။ အတွေးအမြင် တစ်ခုသည် ပြဿနာတစ်ခုမှ ဖြစ်တည်လာနိုင်သကဲ့သို့ ဒီဇိုင်းတစ်ခုသည်လည်း ဖြေရှင်းရမည့် ပြသနာအတိမ်အနက်အတွက် နည်းစနစ်တစ်ခု ဖြစ်နေနိုင်ပါသည်။ အတွေးတစ်ခု၏ ရင်းမြစ်သည် ဘာကြောင့်ဖြစ်လာသည်ဆိုသော မေးခွန်းမှ ဖြစ်တည်လာသကဲ့သို့ ဒီဇိုင်းတစ်ခုသည်လည်း ဘာကြောင့် ဖြစ်လာရသလဲဆိုသည့် အဓိပ္ပါယ်တော့ ရှိရပါမည်။ နောက်ဆုံး
အတွေးတစ်ခု၏ ဦးတည်ချက်သည် သေချာတိကျမှသာ တန်ဖိုးရှိနိုင်သကဲ့သို့ ဒီဇိုင်းတစ်ခုသည်လည်း ဘယ်ကို ဖြစ်သွားရမလဲဆိုသော ဦးတည်ချက် ရှိနေမှသာ ထိုဒီဇိုင်း၏ အနှစ်သာရကို ခံစားသိရှိနိုင်မှာ ဖြစ်သည်။

_._._._._._._._._._._._.

ဒီဇိုင်းတစ်ခု ကောင်းသည် မကောင်းသည် ဆိုသည်ကို ရည်ရွယ်ချက်ရှိခြင်း၊ အဓိပ္ပါယ် ဖော်ဆောင်နိုင်ခြင်း၊
ဆွဲဆောင်မှုရှိခြင်း၊ ဆန်းသစ်တီထွင်မှုရှိခြင်း၊ မှန်ကန်သော စည်းစနစ် ရှိခြင်း စသော အချက် ငါးချက်ဖြင့် အကြမ်းဖျဉ်း သုံးသပ်နိုင်ပါသည်။ ဒီဇိုင်းနှင့် အိုင်ဒီယော်လိုဂျီတို့သည် သိမ်မွေ့သော အသိပညာ၊
နက်ရှိုင်းသော အတတ်ပညာများ ဖြစ်သကဲ့သို့ ခန့်ညားသော၊ ဒဏ္ဍာရီဆန်တဲ့ အနုပညာတစ်ရပ်ဟု ဆိုလျှင်လည်း မမှားနိုင်ချေ။ ကျွန်တော်တို့ လူသားအားလုံးသည် မည်သည့်နေရာမှ ဖြစ်တည်လာခဲ့ပါစေ လူသားတစ်ယောက်ရဲ့ ဖြစ်တည်မှုသည် အခြား လူသားများအပေါ် ထိခိုက် နစ်နာခြင်းမရှိစေသော၊ မိမိကိုယ်တိုင်လည်း အကျိုးမမဲ့သော အတွေးအမြင်အသိပညာ အတတ်ပညာတို့ဖြင့် တန်ဖိုးရှိသော၊ လှပခန့်ညားသော၊ လူသားတစ်ယောက်အဖြစ် မိမိကိုယ်ကို ပုံဖော်ရေးဆွဲ ထုဆစ်နိုင်သော လူသားဒီဇိုင်းတစ်ခုအဖြစ် မိမိကိုယ်ကို ဖန်တီးနိုင်ကြသည်။ ဟင်းလင်းပြင် တစ်ခုအတွက် ဖြစ်ပေါ်လာသော အတွေးအမြင်၊ အသိ၊ အယူအဆ၊ တန်ဖိုးထားမှု၊ နားလည်မှု၊ ယုံကြည်မှု၊ လက်ခံလိုက်မှု၊ အသုံးချမှု၊ လွင့်မြောမှု၊ အိပ်မက်ဆန်မှု၊ ထိတွေ့မှု စသည့် မနောဝိဉာဉ်မှာ ဖြစ်ပေါ်လာမိသော စိတ်ခံစားမှုတွေကို ပုံဖော်တင်ပြနိုင်သည့် ဒီဇိုင်းဆိုသည်ကို တီထွင်ဖန်တီးရင်း ကျွန်တော်တို့၏ ပတ်ဝန်းကျင်ကို တတ်စွမ်းသမျှ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြပါစို့။




Written By Design Ideology!
1st News Letter of our Unity.
1st January 2011