Showing posts with label Management. Show all posts
Showing posts with label Management. Show all posts

Friday, September 16, 2011

ဒီဇိုင်နာ နှင့် ခေါင်းဆောင်မှုပညာ





အဖွဲ့အစည်းတိုင်းမှာ ခေါင်းဆောင်ဆိုတာ ရှိပါတယ်။ ထို့အတူ ဒီဇိုင်းအဖွဲ့အစည်း တစ်ခုစီအတွင်းမှာလဲ Design Team Leader ထားပြီး လုပ်ဆောင်ကြပါတယ်။ ဒီဇိုင်းအဖွဲ့အပေါ် ဘယ်လိုခေါင်းဆောင်တယ်ဆိုတာ မလေ့လာခင် ခေါင်းဆောင်မှုဆိုတာ ဘာလဲ ဆိုတာကို စတင်လေ့လာမိပါတယ်။ ဒါမှလည်း ခေါင်းဆောင်တွေရဲ့ သဘောတရားကို နားလည်နိုင်မှာ ဖြစ်သလို ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်မှာပါ..။ ခေါင်းဆောင်ကောင်းဖြစ်ဖို့ဆိုတာကလည်း ခေါင်ဆောင်ကောင်းစိတ်ဓါတ်အပြင် နည်းနိသယတွေလည်း သိထားဖို့ လိုအပ်ပါတယ်။

၂၀ရာစုခေတ်လယ်ပိုင်းလောက်ကစပြီး ခေါင်းဆောင်မှုအရေးပေါ် ချဉ်းကပ်နည်း ကို ထဲထဲဝင်ဝင် လွန်စွာအလေးထား လာခဲ့ကြပါတယ်။ အရေးပေါ်ခေါင်းဆောင်မှု သီအိုရီတွေ မြောက်မြားစွာပေါ်ထွန်းလာခဲ့ပါတယ်။ သို့သော် ၎င်းတို့အားလုံးရဲ့ တူညီတဲ့ ယူဆချက်ဆုံမှတ်တစ်ခုကတော့ တစ်စုံတစ်ခုသော(သို့) ထူးခြားသောအခြေအနေ တစ်ရပ်မှာ ခေါင်းဆောင်တစ်ဦးဟာ ဘယ်ပုံဘယ်နည်း ပြုမှုသင့်တယ်ဆိုတာကို ထောက်ပြ ညွှန်ပြကြခြင်းပဲ ဖြစ်ပါတယ်။ ပညာရှင်တွေက Management ရဲ့ အဓိပ္ပါယ်ကို အမျိုးမျိုးဖွင့် ဆိုခဲ့သလိုပဲ Leadership နဲ့ပါတ်သက်ပြီးတော့လည်း အဓိပွါယ် အမျိုးမျိုး ဖွင့်ဆိုခဲ့ကြပါတယ်။
ခေါင်းဆောင်မှု အနက်အဓိပ္ပါယ် ဖွင့်ဆိုတာ အမျိုးမျိုးရှိသလိုပဲ ခေါင်းဆောင်မှု သဘောတရားကို အဓိပ္ပါယ်ဖွင့်ဆိုရန် ကြိုးပမ်းသူ ပုဂ္ဂိုလ်တွေ အများကြီးရှိပါတယ်။ ယေဘုယျအားဖြင့်တော့ ထိရောက်ဖြစ်ထွန်းသော ခေါင်းဆောင်မှုဆိုသည်မှာ ခေါင်းဆောင် ၏ အောင်မြင်သော သြဇာသက်ရောက်မှု နှင့် နောက်လိုက်များ၏ ရည်မှန်းချက်ပန်းတိုင် ဆွတ်ခူးရရှိတဲ့ အောင်မြင်မှု နှစ်ရပ် ပါဝင်တယ်ဆိုသောအချက်ကို အ‌ခြေခံအားဖြင့် လက်ခံ ထားကြပါသည်။ ခေါင်းဆောင်မှုဟူသည် တစ်စုံတစ်ခုသောပန်းတိုင်တစ်ရပ် (သို့) ပန်းတိုင်အချို့ ဆွတ်ခူး ရရှိအောင်မြင်ရေး၌ ပါဝင်သက်ဆိုင်သူတို့၏ လုံ့လစိုက်ထုတ် ကြိုးပမ်း အားထုတ် ချက်များကို သြဇာပေးလမ်းညွှန်ပြတဲ့ နည်းစဉ် အဖြစ် အဓိပ္ပါယ်ဖွင့် ဆိုနိုင်တယ် လို့ဆိုပါတယ်။
(Barnard Bass. Stogdill’s Handbook of Leadership)

ဂျော့အက်ဖ်ကင်နန် ( George F.Kennan 1954 )ကတော့ “ ကိုယ့်ကိုယ်ကို ဧကန်အမှန် ပိုင်စိုးထိန်းနိုင်သူသည်သာ အခြားတစ်ပါးသူတွေအပေါ် ခေါင်းဆောင်မှု ပေးစွမ်းနိုင်သည်” ဟုဆိုပါတယ်။
စီမံခန့်ခွဲရေးမှူးတစ်ဦး၏ ရှေ့တန်းအကျဆုံး နဲ့ အရေးပါဆုံး အရည်အချင်းတစ်ရပ် ကတော့ “ ခေါင်းဆောင်တတ်ရေး” ပဲဖြစ်ပါတယ်။ ထိရောက်ဖြစ်ထွန်းသော ခေါင်းဆောင်မှု သည် လူတစ်ဦးချင်းအောင်မြင်မှုအတွက်ရော အဖွဲ့အစည်းအောင်မြင်မှု အတွက်ပါ အဓိကကျပါတယ်။
စီမံခန့်ခွဲရေးမှူးတွေဟာ တစ်ဦးနှင့်တစ်ဦးသည် သြဇာပေးနည်းစနစ်ခြင်း မတူညီ ကျပါဘူး။
ဥပမာ -
စီမံခန့်ခွဲရေးမှူးအချို့ဟာ လက်အောက်ငယ်သားများအတွက် ရည်မှန်းချက်များ ဖော်ပေးခြင်း၊ လုပ်ရမည့်အရာများကို အသေးစိတ်စာရင်းချပေးခြင်း နှင့် လုပ်ငန်းစဉ်ဇယား အတိုင်း လုပ်ဖြစ် /မဖြစ် သေချာအောင် ထပ်ကြပ်မကွာ အနီးကပ်စစ်ဆေး ကြည့်ရှု့ခြင်းဖြင့် အချိန်အများကြီးသုံးစွဲခဲ့ကျပါတယ်။ ဒီလိုစီမံခန့်ခွဲးရေးမှူးမျိုးကိုတော့ လက်အောက်ငယ် သားများအား လုပ်ပိုင်ခွင့်အာဏာကို မဖြစ်ညစ်ကျယ် မဆိုစလောက်သာ လွှဲအပ်ပေးသည့် လူမျိုးလို့ဆိုရမှာဖြစ်ပါတယ်။
နောက်တစ်မျိုးကတော့ လက်အောက်ငယ်သားများကို ကိုယ်လုပ်နည်းကိုင်နည်း အား ကိုယ်တိုင်ဆုံးဖြတ်ရွေးချယ်စေခြင်း၊ အကူအညီထပ်မံလိုသူတွေကို တံခါးဖွင့်မူဝါဒ ထားပေးခြင်းဖြင့် ယေဘုယျ ရည်မှန်းချက်များ ချမှတ်ပေးရတာကို ပိုလိုလားကျတယ်။ ဒီလို စီမံခန့်ခွဲရေးမှူးများကတော့ လက်အောက်ငယ်သားများအား မျှတတဲ့အလုပ်တာဝန်ကို လွှဲအပ်ပေးတဲ့သူမျိုးဖြစ်တယ်လို့ဆိုရမှာဖြစ်ပါတယ်။
တချို့စီမံခန့်ခွဲသူတွေကတော့ လက်အောက်ငယ်သားတွေကို ဖြစ်နိုင်သမျှ အနည်းဆုံးလမ်းညွှန်မှုပေးတယ်၊ လက်အောက်ငယ်သားတွေက ပြဿနာအချို့ကိုရင်ဆိုင် နေရပါက သူတို့ဘာသာအဖြေရှာပြီးဖြေရှင်းစေတယ်။ ဒီလိုစီမံခန့်ခွဲရေးမှူးမျိုးကတော့ အလုပ်တာဝန်ခပ်သိမ်းကို လုံးလုံးလွှဲအပ်ပေးထားတဲ့သူမျိုးတွေဖြစ်ပါတယ်။
အဲ့ဒီနည်းလမ်း သုံးမျိုးထဲမှာ ဘယ်နည်းလမ်းကအကောင်းဆုံးလဲလို့မေးလာခဲ့လျှင် တော့ နည်းဟန်သုံးမျိုးစလုံးဟာ တစ်မျိုးစီထိရောက်နိုင်ပါတယ်။ အကောင်းဆုံး ခေါင်းဆောင်မှုနည်းဟန် တစ်မျိုးတည်းဟူ၍ မရှိဘူးဆိုတာကို သိသာထင်ရှားစေပါတယ်။ အဲ့ဒီအချက်တွေကြောင့်ပဲ ခေါင်းဆောင်မှုဆိုတာဟာ အလွန်စိတ်ဝင်စားဖွယ်ရာ ကောင်း လာပါတယ်။

အဓိကစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အချက်ကတော့ ခေါင်းဆောင် တွေမှာ ရှိတတ်ကျတဲ့ ဓလေ့စရိုက်များ နဲ့ အရည်အချင်း စွမ်းရည်များ ( traits & abilities ) ပဲဖြစ်ပါတယ်။
၁၉၂၀ နှင့် ၁၉၅၀ ပြည့်နှစ်အတွင်း ခေါင်းဆောင်မှု ထိရောက် အကျိုးဖြစ်ထွန်းချက် အား အထောက်အကူပြုသော အင်အားစုများကို ပိုင်းခြားပြရန် အားထုတ်သည့်အနေဖြင့် ဓလေ့စရိုက်သီအိုရီ ( traits & abilities ) သုတေသနပြုမှုတွေကို အများကြီးပြုလုပ်ခဲ့ကျ ပါတယ်။ စူးစမ်းလေ့လာသူ ပညာရှင်များက အများလက်ခံနိုင်သော ယေဘုယျစာရင်း တစ်ခု မဖော်ဆောင်နိုင်ခဲ့ခြင်းမှာ ကံဆိုးသည့် အကြီးမားဆုံးပြဿနာပဲဖြစ်ပါတယ်။ဒါပေမဲ့ အများစုတင်ပြခဲ့တဲ့ ယေဘုယျတွေ့ရှိချက်အချို့ကို တော့ရရှိခဲ့ပါတယ်။
သာဓကအားဖြင့် အဲ့ဒီခေတ်က ရေးသားတင်ပြချက်တွေကို ဆန်းစစ်သုံးသပ်ပြီး နောက် ဘက်စ် (Bass )ဆိုသူက အောက်ပါကောက်ချက်များ ဆွဲယူရန် စူးစမ်း လေ့လာချက် ၁၅ခုကျော်မှ တစ်‌ပြေးညီ ခိုင်မာအားကောင်းသော အထောက်အထားများကို တွေ့ရှိခဲ့ပါတယ်။
ခေါင်းဆောင်မှု အနေအထားတစ်ရပ်ရရှိထားသူဟာ ၎င်းရဲ့ အုပ်စု သာမန်အဖွဲ့ဝင် များထက် အောက်ပါအချက်တွေဟာသာလွန်နေတာကိုတွေ့ရမှာဖြစ်ပါတယ်-
(၁) ဉာဏ်အမြော်အမြင် ( Intelligence )
(၂) ပညာအရည်အချင်း ( Scholarship )
(၃) တာဝန်များထမ်းဆောင်ရာ၌ မှီခိုအားထားနိုင်မှု ( Depend-ability in exercising responsibilities )
(၄) လှုပ်ရှားထကြွရှိမှု နှင့် လူမှုရေးပါဝင်ပူပေါင်းဆောင်ရွက်မှု ( Activity & Social Participation )
(၅) လူမှုစီးပွါးရေးဘဝအဆင့်အတန်း ( Socioeconomic Status ) တို့ပဲဖြစ်ပါတယ်။

အဲ့ဒီအချက်တွေအပြင် အောက်ပါတွေ့ရှိချက်များကို အထောက်အကူပြုစေတဲ့ စူးစမ်းလေ့လာမှု (၁၀)ခုကျော်ကိုလဲ ဘက်စ် (Bass )က ထပ်မံတွေ့ရှိခဲ့ပြန်ပါတယ်။
(က) ခေါင်းဆောင်တစ်ဦးမှာ လိုအပ်တဲ့အရည်အချင်းတွေ၊ စရိုက်လက္ခဏာတွေနဲ့ ကျွမ်းကျင်တပ်မြောက်မှုတွေကို ခေါင်းဆောင်တစ်ဦးအဖြစ် ရင်ဆိုင်ကိုင်တွယ်ရာမှာ အ‌ခြေအနေတွေရဲ့ တောင်းဆိုချက်များက အဓိကအားဖြင့် ပိုင်းဖြတ်တယ်လို့ဆိုပါတယ်။
(ခ) ခေါင်းဆောင်မှုအနေအထားတစ်ရပ် ရရှိထားတဲ့သူဟာ သူ့ရဲ့သာမန်အဖွဲ့ဝင်တွေ ထက် အောက်ပါအချက်တစ်ခုစီ၌ အတိုင်းအတာတစ်စုံတစ်ခုအထိ သာလွန်နေတာကိုတွေ့ ရမှာဖြစ်တယ်လို့ဆိုပါတယ်-
(၁) လူမှုရေးနားလည်မှု ( Sociability )
(၂) ပင်ကိုအစွမ်းအစ ( Initiative )
(၃) ဇွဲနပဲကြီးမှု ( Persistence )
(၄) အလုပ်တွင်ကျယ်မည့် လုပ်နည်းကိုင်နည်းများ သိရှိနားလည်မှု ( Knowing how to get things done )
(၅) ကိုယ့်ကိုယ်ကိုယုံကြည်မှု ( Self-Confidence )
(၆) အ‌ခြေအနေများကို နိုးကြားထွင်းဖောက်မြင်သိမှု ( alertness to, and insight into, situations )
(၇) အများနဲ့လက်တွဲပူးပေါင်းလုပ်ဆောင်မှု ( Cooperativeness )
(၈) ရေပန်းစားမှု ( Popularity )
(၉) အ‌ခြေအနေနှင့်လိုက်လျောညီထွေပြုတတ်မှု ( Adaptability )
(၁၀) နှုတ်ရေးတတ်ကျွမ်းမှု ( Verbal facility ) တို့ပဲဖြစ်ပါတယ်။
သည်လို ယေဘုယျ ခေါင်းဆောင်မှုဓလေ့စရိုက်တွေကို စူစမ်းရှာဖွေရာမှာ အလိုအလျောက် စေ့ဆော်ဆွဲဆောင်မှု ရှိခြင်းကြောင့် ဒီချဉ်းကပ်နည်းတွေဟာ မျက်မှောက်ခေတ် စီမံခန့်ခွဲရေးဆိုင်ရာ စာပေတွေမှာ ရေပန်းစားနေဆဲဖြစ်ပါတယ်။

ဥပမာ စိတ္တဗေဒပညာရှင် ဟာရီလီဗင်ဆင် က ခေါင်းဆောင်ကိုယ်ရည်ကိုယ်သွေး ဥပတိအတိုင်းအတာ အချက် (၂၀)ကို ဆွဲထုတ်ပြခဲ့ပါတယ်။ အဲ့ဒီအတိုင်းအတာတွေဟာ ထိပ်တန်းစီမံခန့်ခွဲရေး အခွင့်အာဏာရှိသူတစ်ဦးကို စီစစ်ရွေးချယ်တဲ့အခါမှာ ထည့်သွင်း စဉ်းစားရမဲ့ အချက်တွေပဲဖြစ်ပါတယ်။ အဲ့ဒါတွေကတော့-
(၁) အချက်အလက်အမျိုးမျိုးကို ရှေ့နောက်ညီညွတ်သော ရည်မှန်းချက်ဘောင် တစ်ခုရအောင် တွေးဆသိမြင်ဖွဲ့စည်းပေါင်းစပ်တည်ဆောက်တတ်ခြင်း
( The capacity to abstract, to conceptualize, to organize, and to integrate different data into a coherent frame of reference )
(၂) ဒွိဟသံသယဝိဝါဒကို သဘောထားကြီးခြင်း
( A tolerance for ambiguity)
(၃) ဉာဏ်အမြော်အမြင်ရှိခြင်း
( Intelligence )
(၄) ကောင်းကောင်းပိုင်းဖြတ်ခြင်း
( Good Judgment )
(၅) တာဝန်ယူတတ်ခြင်း
( Ability to take charge )
(၆) ပြဿနာများကို အားတက်သရော မဟာဗြူဟာမြောက် ရင်ဆိုင်‌ဖြေရှင်း တတ်ခြင်း
( A Capacity for Attacking Problems Both Vigorously and Strategically )
(၇) ထမြောက်အောင်မြင်ရေးအလေးပေးခြင်း
( An Achievement Oriented-ness )
(၈) အခြားသူများ၏ စိတ်ခံစားချက်ကို သိလွယ်တုံ့ပြန်တတ်ခြင်း
( A Sensitivity to the Feelings of Others )
(၉) အဖွဲ့အစည်းဝင်တစ်ဦးအနေဖြင့် ပါဝင်ဆောင်ရွက်တတ်ခြင်း
( Participation as a Member of the Organization )
(၁၀) ရင့်ကျက်ပြည့်ဝခြင်း
( Maturity )
(၁၁) အခြားသူများထံမှသတင်းစကား၊ ‌ဝေဖန်ချက်နှင့် ပါဝင်ပူပေါင်းမှုရသည့်တိုင် ကိုယ်ဒူးကိုယ်ချွန်တတ်ခြင်း
( Ability to Stand on his or her Own while accepting information, criticism, and cooperation from others. )
(၁၂) ပီပြင်ရှင်းလင်းပြောဆိုတတ်ခြင်း
( Ability to Articulate )
(၁၃) ရုပ်ပိုင်းစိတ်ပိုင်းသက်လုံကောင်းခြင်း
( High Physical and Mental Stamina )
(၁၄) ဖိစီးမှုကိုအလိုက်သင့်စီမံထိန်းတတ်ခြင်း
( Ability to adapt and to manage stress )
(၁၅) ဟာသဉာဏ်ရှိခြင်း
( A Sense of Humor )
(၁၆) အဖွဲ့အစည်း၏ လိုအပ်ချက်များနှင့်ကိုက်ညီသော ရှင်းလင်းပြတ်သားသည့် ကိုယ်ပိုင်ပန်းတိုင်များရှိခြင်း
( Well-defined personal goals that are consistent with organizational needs )
(၁၇) လုံးလဝီရိယကြီးခြင်း
( High perseverance )
(၁၈) အချိန်ကိုစံနစ်တကျစုစည်းအသုံးချတတ်ခြင်း
( The ability to organize time well )
(၁၉) လေးနက်တည်ကြည်ခြင်း
( High integrity )
(၂၀) လူမှုတာဝန်နှင့်ခေါင်းဆောင်မှုတာဝန်ယူဖို့လိုအပ်ပုံကို နားလည်တန်ဖိုးထားခြင်း ( An appreciation for the need to assume social responsibility and leadership.)

လီဗင်ဆင်သည် သူရဲ့အတိုင်းအတာတွေဟာ စာရင်းအင်းဗေဒအရ ခိုင်လုံတယ်လို့ တော့ အာမဝန်တာမခံပေ။ ထိပ်ပိုင်ဆိုင်ရာ စိမံခန့်ခွဲရေး ထိရောက်အောင်မြင်မှု နှင့် စပ်လျဉ်းသော သဘောလက္ခဏာများကို အလေးပေးစဉ်းစားနိုင်ရုံသာ သူဟာတင်ပြခဲ့ခြင်း ဖြစ်ပါတယ်လို့ဆိုပါတယ်။
သူ ဘယ်လိုပဲ‌ပြော‌ပြော ဖော်ပြပါ ဓလေ့စရိုက်များဟာ ခေါင်းဆောင်မှု သဘော သဘာဝကို နားလည်သဘောပေါက် အောင်မြင်အောင်ပြုလုပ်ရာမှာ အလွန်အရေးပါတယ် ဆိုတာ ငြင်းနိုင်ဖွယ်ရာမရှိပါဘူး။ သူတင်ပြခဲ့တဲ့ ဓလေ့စရိုက်များ နဲ့ စွမ်းရည်များကို ဆန်းစစ်ကြည့်တဲ့အခါမှာ စီမံခန့်ခွဲရေး ခေါင်းဆောင်တစ်ဦးမှာ အမှန်တကယ်လိုအပ်တဲ့ ယေဘုယျပုံရိပ်တစ်ခုကို မီးမောင်းထိုးပြနေသည်မှာ ထင်ရှားတာကို တွေ့မြင်ကျရမှာဖြစ် ပါတယ်။
( Ref: Richard M.Hodgetts. Management)


နောက် အရေးပါသော ခေါင်းဆောင်မှု လေ့လာစူးစမ်းနည်းမှာ ခေါင်းဆောင်တွေရဲ့ အပြုအမူ လုပ်ဆောင်ချက်တွေကို စစ်ဆေးအကဲဖြတ်ခြင်းပဲဖြစ်ပါတယ်။ လူတစ်ဦးရဲ့ ထွန်းပေါက်အောင်မြင်သော ခေါင်းဆောင်မှုအမူအရာတစ်မျိုးကို အတုယူကျင့်သုံးခြင်း အားဖြင့် ပိုတော်သော ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်လာနိုင်တယ်လို့ သုတေသီပညာရှင် အများအပြားက ယုံကြည်ခဲ့ကျပါတယ်။ ဒါပေမဲ့ ဒီအယူအဆဟာ အငြင်းပွါးနိုင်စရာတွေ ရှိပါတယ်။ မျက်မှောက်ခေတ်မှာ ခေါင်းဆောင်မှုအမူအရာကို ပိုပြီးနက်နက်နဲနဲ ထဲထဲဝင်ဝင် စိတ်ဝင်တစားရှိလာကြပါတယ်။ စိတ်ဝင်တစားကြည့်လာကြတာနဲ့အမျှ ခေါင်းဆောင်တွေ နဲ့ လက်အောက်ငယ်သားတွေ အပြန်အလှန်ချိတ်ဆက် အကြိုးပြုနေကျပုံကို အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုခဲ့ကျပါတယ်။
စီမံခန့်ခွဲမှူးတွေ အများဆုံးလက်ခံကျင့်သုံးပြီး အလွန်အမင်း ပြုလုပ်တတ်ကြတာ ကတော့ အာဏာရှင်ဆန်သော ခေါင်းဆောင်မှု ( Autocratic Leadership )ပဲဖြစ်ပါတယ်။ သူတို့တွေဟာ အလုပ်တာဝန်ပြီးမြောက်အောင်မြင်ရေးကိုပဲ အဓိကထားအာရုံစိုက်ကြပြီးတော့ လူသားတွေအပေါ်မှာတော့ အလေးမထားကျပေ။ ဒီလိုခေါင်းဆောင်တွေကတော့ ရှေးရိုးစီမံခန့် ခွဲရေးပုံစံနဲ့သာ သင့်မြတ်ကိုက်ညီပါတယ်။ အဲ့ဒီပုံစံအရ အလုပ်သမားတွေကို ကုန်ထုတ် အင်အားစုများ ( Factors of Production )အဖြစ် ရှုမြင်သဘောထားကျတယ်။ မည်သို့ ပင်ဆိုစေ ခေါင်းဆောင်တွေမစွမ်း၊ မထိရောက်ဟု တစ်ဖက်သတ်တော့ မမှတ်ယူ သင့်ပါဘူး။ တစ်ခါတစ်ရံမှာ သူတို့ဟာ ကြောက်ခမန်းလိလိ စွမ်းဆောင်အောင် မြင်တတ် ကြပါတယ်။ ဥပမာ အကျပ်အတည်းဆိုက်တဲ့အ‌ခြေအနေတွေမှာဆိုရင် ခေါင်းမာပြင်း ထန်သော စီမံခန့်ခွဲရေးမှူး တွေလိုအပ်ပါတယ်။ တစ်ချို့သောအဖွဲ့အစည်းတွေမှာဆိုရင် ကုန်ထုတ်လုပ်မှု စွမ်းအား တိုးမြင့်ရေး၊ စရိတ်ထိန်းသိမ်းရေးပြဿနာများ (သို့) အရည်အသွးညံ့ဖျင်းမှု ပြဿနာများနှင့် ရင်ဆိုင် ကျရတဲ့အခါတွေမှာဆိုရင် အ‌ခြေအနေတည့် မတ်အောင် ဖြေရှင်းရန် အာဏာရှင်ဆန်တဲ့ ခေါင်ဆောင်တွေကို အာကိုးအားထားပြုကျရပါတယ်။
ဘာလို့လဲဆိုတော့ အာဏာရှင်ဆန်တဲ့ခေါင်းဆောင်တွေရဲ့ အမူအရာကို အမူအရာကို အနီးကပ် ကွပ်ကဲထိန်းချုပ်မှုအပေါ် အလေးထားခြင်း နဲ့ လုပ်ပိုင်ခွင့်အာဏာလွှဲအပ်ပေးရန် မလိုခြင်း ဆိုတဲ့လက္ခဏာ နှစ်ရပ်အရ အကဲဖြတ်နိုင်ပါတယ်။ သူတို့ဟာဆိုရင် အရေးပါ သောအကြောင်းကိစ္စအားလုံးအပေါ် ဆုံးဖြတ်ချက်ချမှတ်တဲ့အခွင့်အာဏာကို ထိန်းချုပ်ထား ကျပါတယ်။ နောက်ဆုံးအပြီးသတ်အတည်ပြုချက်ကို သူတို့ သေချာပေါက်ရယူလိုသော ကြောင့်ဖြစ်ပါတယ်။

နောက်တစ်နည်းကတော့ ဖခင်အသွင်ဆန်သောခေါင်းဆောင်မှု ( Paternalistic Leadership ) ပဲဖြစ်ပါတယ်။ ဒီခေါင်းဆောင်မှုစတိုင်ကတော့ အလုပ်ကိုအလွန်အမင်း ဗဟိုပြုထားသော်လည်း လူသားအမြုတေဖြစ်တဲ့ ဝန်ထမ်းလုပ်သားများကိုလည်း အလေးထား ထည့်တွက်ကျပါတယ်။ တစ်ခါတစ်ရံမှာသူတို့ကို ဒီမိုခရေစီဆန်သော/မျှ‌ဝေတာဝန်ယူသော ခေါင်းဆောင်တွေနဲ့ ရောထွေးမြင်တတ်ကျပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ အလုပ် ကိုရော လူတွေကိုပါ တစ်ပြိုင်နက် အလေးထားကျသောကြောင့်ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ထူးခြားသောသွင်ပြင်လက္ခဏာတစ်ရပ်က သူတို့ဟာ ဒီမိုကရေစီဆန်သော ခေါင်းဆောင်တွေ မဟုတ်ဘူးဆိုတာကို မီးမောင်းထိုးပြပါတယ်။ “ ငါ‌ပြောသလိုလုပ်၊ အဖွဲ့အစည်းက မင်းကို တာဝန်ယူ စောင်မလိမ့်မယ်” ဆိုသောအတွေးအခေါ်ကို သူတို့ယုံကြည်ကြခြင်းကြောင့် ဖြစ်ပါတယ်။ ဒီလိုခေါင်းဆောင်တွေကတော့ သားသမီးတွေကိုအုပ်ချုပ်တဲ့ မိဘတွေနဲ့ တစ်ထေရာထဲတူလိုဟန်ရှိကျပါတယ်။
စီးမံခန့်ခွဲရေးမှူးအများအပြားဟာ ဖခင်အသွင်ဆန်သော ခေါင်းဆောင်သူတွေဖြစ်ကြ ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ လက်အောက်ငယ်သားတွေဟာ သူတို့ကို ကြည့်ရှုစောင့် ရှောက်ပေးမဲ့ တစ်စုံတစ်ဦးကို အမြဲတမ်းလိုလားတောင့်တနေတယ်လို့ ထင်နေသောကြောင့် ဖြစ်ပါတယ်။ ဖခင်အသွင်ဆန်သောခေါင်းဆောင်မှုပုံစံသည် ဘဝမှာလုံခြုံမှုမရှိသောသူများ၊ မိမိတို့ရဲ့အလုပ်အကိုင်ကိုသာ သင်ယူနေကျရှာပြီး အကြံဉာဏ်၊ အကူအညီနဲ့ အကာအကွယ်ကို ငံ့လင့်နေကျတဲ့ လက်အောက်ငယ်သားများကို ကိုင်တွယ်‌ဖြေရှင်းတဲ့အခါမျိုးမှာ အထိရောက် ဆုံးနဲ့ အစွမ်းဆောင်နိုင်ဆုံး ဖြစ်တတ်ကျပါတယ်။
( Ref: Richard M.Hodgetts. Management)

ဒီမိုကရေစီဆန်သော/မျှ‌ဝေတာဝန်ယူသောခေါင်းဆောင်မှု ( Democratic/ Participative Leadership) ဆိုတာကတော့ လူနှင့်အလုပ် နှစ်မျိုးစလုံးကို လွန်စွာအလေး ထားခြင်းပဲဖြစ်ပါတယ်။ သူတို့ဟာလက်အောက်ငယ်သားတွေအကြား တစိုက်မတ်မတ် သတင်းအချက်အလက် အပြန်အလှန်စီးဆင်းမှုကိုအားပေးတယ်၊ ကူညီပံ့ပိုးပေးတယ် လုပ်ပိုင် ခွင့်အာဏာအများအပြားကိုလဲ လက်အောက်ငယ်သားများအား လွှဲအပ်ပေးထားပါတယ်။ လုပ်သားများ တက်တက်ကြွကြွပါဝင်လုပ်ဆောင်အောင်လဲ နှိုးဆော်အားပေးပါတယ်။ ဒီ‌ခေါင်းဆောင်မှုနည်းဟန်ရဲ့ အားသာချက်ကတော့ လူတစ်ဦးချင်းစီတာဝန်ယူမှု၊ အချင်းချင်း ယိုင်းပင်းကူညီမှု၊ တစ်ဦးရဲ့အားနည်းချက်ကို တစ်ဦးကဖြည့်ဆည်းအားပေးမှု၊ အပြန်အလှန် နားလည်မှု၊ မိမိတာဝန် နှင့်အပြစ်ကို တစ်ပါးသူအပေါ်ပုံမချမှု၊ တစ်ဦး၏ စွမ်းဆောင် အောင်မြင်မှုကို တစ်ဦးကမုဒိတာပွါးမှု၊ စေ့စပ်ညှိနှိုင်းအ‌ဖြေရှာမှု နှင့် ပျော့ပျောင်း သောဆက်ဆံ ရေးဘဝဖြစ်တည်မှု စတာတွေပဲဖြစ်ပါတယ်။ သည်လို လူကိုရောအလုပ်ကိုပါ အလွန်အမင်း တန်ဖိုးထားခြင်းကြောင့် ဒီခေါင်းဆောင်မှုနည်းဟန်မှာ အကျိုးကျေးဇူး‌မြောက်များစွာဖြစ်ထွန်း ပါသည်။ သိသာထင်ရှားတဲ့အကျိုးကျေးဇူးတွေကတော့-

(၁) အပြီးသတ်ဆုံးဖြတ်ချက်မချမီ လိုအပ်တဲ့သတင်းအချက်အလက်တွေနဲ့ အထောက်အကူရရှိရေးအတွက် တခြားသက်ဆိုင်သူတွေအပေါ် ခေါင်းဆောင် က အားကိုးအားထားပြုနိုင်သောကြောင့် ဆုံးဖြတ်ချက်ချမှတ်ပုံ တိုးတက် ကောင်းမွန်လာမှာဖြစ်ပါတယ်။
(၂) လုပ်အောက်ငယ်သားတွေဟာ သူတို့လုပ်ငန်းခွင်ဝန်းကျင်မှာ အဆင်ပြေ ပွင့်လင်းလွတ်လပ်မှုကို နှစ်သက်သဘောကျသောကြောင့် စိတ်ဓါတ်တက်ကြွ အားကောင်းလာမှာဖြစ်ပါတယ်။
(၃) လက်အောက်ငယ်သားတွေဟာ သူတို့ရည်မှန်းချက်ကိုသိရှိပြီး အဲ့ဒီရည်မှန်းချက် ကို မဖြစ်မနေဆွတ်ခူးရရှိရန် လိုအပ်တဲ့လုပ်ပိုင်ခွင့် လွပ်လပ်မှု အပြည့်အဝရရှိ သောကြောင့် အကြီးအကျယ် ထမြောက်အောင်မြင်ရေး မောင်းနှင်အားကို ပျိုးထောင် ရှင်သန်ကြီးထွားလာစေမှာဖြစ်ပါတယ်။
(၄) အပြောင်းအလဲများပြုလုပ်ခဲ့ပါလျှင်လဲ ဝန်ထမ်းများဟာ ဆန့်ကျင်သွေဖီခြင်း မရှိပဲ ၎င်းတို့ကိုယ်တိုင် ပါဝင် တာဝန်ယူလုပ်ဆောင်ကျမှာဖြစ်ပါတယ်။
အဓိကအားဖြင့် မျှ‌ဝေတာဝန်ယူသော ခေါင်းဆောင်မှုနည်းဟန်ကို ဒီမိုကရေစီကျင့်သုံး သော တိုင်းပြည်တွေမှာ အများဆုံးလက်ခံကျင့်သုံးကျပါတယ်။ အထူးသဖြင့် အမေရိကန် နိုင်ငံမှာ လက်ခံကျင့်သုံးပါတယ်။ သို့သော် ဒီခေါင်းဆောင်မှုနည်းဟန်သည် အဖွဲ့အစည်း တိုင်းအတွက်တော့ ခြွင်းချက်မရှိ အလုပ်ဖြစ်တယ်လို့တော့ မဆိုနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ တစ်ချို့အဖွဲ့အစည်းတွေဟာ မျှ‌ဝေတာဝန်ယူမှု အလွန်အားကောင်းတဲ့ ပတ်ဝန်းကျင် ဓလေ့ စရိုက်နဲ့ ဟန်ကျပန်ကျ လည်ပတ်အောင် မစွမ်းဆောင်နိုင်တတ်ကျလို့ပဲ ဖြစ်ပါတယ်။

နောက် လွပ်လပ်သော/အထိန်းအချုပ်ကင်းသောခေါင်းဆောင်မှု ( Laissez-faire/Free-rein Leadership) ဆိုတာကတော့ လုပ်ငန်းဌာနရဲ့ဆောင်ရွက်ချက်တွေကို အ‌ခြေခံအားဖြင့် ကိုယ်တိုင်ပါဝင် တာဝန်ယူခြင်းမရှိတဲ့ စီမံခန့်ခွဲရေးမှူး(ခေါင်းဆောင်)တွေက ကိုင်စွဲကျင့်သုံးကျပါတယ်။ ဒီစီမံခန့်ခွဲရေးမှူးတွေဟာ လုပ်ငန်းတာဝန်တွေကို လက်အောက် ငယ်သားတွေအပေါ် ပုံအောပြီး ပခုံးလွှဲပေးလိုကျတယ်။ သူတို့ကိုယ်တိုင်ကျတော့ ဘာတာဝန်ကိုမှ မယ်မယ်ရရမယူခြင်ကျဘူး၊ အလုပ်တာဝန်တွေကို သူတို့နဲ့မဆိုင်သလိုပဲ သဘောထားကျတယ်။
သူတို့ဟာ လုပ်ငန်းခွင်ထဲကို ကိုယ်ရောင်ပြသာလာကြပြီး လုပ်ငန်းအခြေအနေဘယ်လို ရှိတယ် ဘယ်လိုစခန်းသွားနေတယ်ဆိုတာကို ကြည့်ရှုစစ်ဆေးရန်လောက်သာ စိတ်ဝင်စားမှုရှိ ပါတယ်။ ခေါင်းဆောင်တာဝန်ယူ၍ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခြင်းမျိုးမရှိပေ။
သို့ဆိုလျှင် လွပ်လပ်သော/အထိန်းအချုပ်ကင်းသော ခေါင်းဆောင်မှုနည်းဟန်ဟာ ကောင်းစွာအလုပ်ဖြစ်ပါသလားဆိုတဲ့ မေးခွန်းတွေပေါ်ပေါက်လာနိုင်ပါတယ်။ အ‌ဖြေကတော့ အလုပ်ဖြစ်နိုင်ပါတယ်လို့ပဲ ‌ဖြေဆိုရပါမယ်။ ဘယ်လိုနေရာတွေမှာအလုပ်ဖြစ်နိုင်သလဲဆိုတော့ သုတေသနနဲ့ဖွံဖြိုးရေး လက်တွေ့စမ်းသပ်ခန်းတွေမှာ တာဝန်ယူရတဲ့ စီမံခန့်ခွဲရေးမှူးရဲ့ စွမ်းဆောင်ချက်တွေပဲ ဖြစ်ပါတယ်။ သူရဲ့လက်ထောက်တွေအားလုံးဟာ အများအားဖြင့် အထူးကျွမ်းကျင်နှံ့စပ် တတ်သိလိမ်မာကြတယ်၊ အလုပ်တာဝန်ကို ပိုင်နိုင်ကျွမ်းကျင်သော အတတ်ပညာရှင်တွေဖြစ်ကျတဲ့အတွက်ကြောင့် စီမံခန့်ခွဲရေးမှူးဟာ အလုပ်ပြီးမြောက် အောင်မြင်ရေးအတွက် လိုအပ်တဲ့လက်နက်ကရိယာတွေနဲ့ အထောက်အကူကိုဖြည့်ဆည်း ပေးရန်သာဖြစ်တယ် ဘာတွေလုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုတာကို အထူးတိုက်တွန်း‌ပြောဆိုဖို့ လုံးလုံးမလိုအပ်ပါဘူး။ အားကြိုးမာန်တက် စွမ်းစွမ်းတမံလုပ်ဆောင်ကြသည်မှာ လုံးဝစိတ်ချရ သောကြောင့် စီမံခန့်ခွဲးရေးမှူးတွေအဖို့ ထူးခြား‌ပြောင်မြောက်တဲ့ ရလာဘ်ကောင်းတွေရရှိနိုင် မှာဖြစ်ပါတယ်။
သို့သော် ဒီလိုအခြေအနေမျိုးတွေဟာ တွေ့ရခဲပါတယ်။ ဖြစ်မြဲသဘောရဲ့ ချွင်းချက် တစ်ခုသာဖြစ်ပါတယ်။ ဒီလိုစီမံခန့်ခွဲရေးမှူးတွေဟာ စည်းမျဉ်းစည်းကမ်း လွန်စွာလျော့နည်း တတ်ကျပါတယ်။ အများအားဖြင့်တော့ သူတို့ဟာ စာဖွဲ့ရလောက်အောင် ဘာတစ်ခုမှ ဟုတ္ထိပတ္ထိ ထိရောက်အောင်စွမ်းဆောင်နိုင်ခြင်း မရှိကျပါဘူး။ သည်လိုဖြစ်ရြခင်းရဲ့အဓိက အကြောင်းရင်းကတော့ ခေါင်းဆောင်တစ်ဦးရဲ့ အရေးကြီး ဆုံးဖြစ်တဲ့ ဦးစီးခေါင်ဆောင် မှုတာဝန်ကို လစ်ဟင်းကြသောကြောင့်ဖြစ်ပါတယ်။

ဘယ်သူတွေဘာတွေ‌ပြော‌ပြော နောက်ဆုံးမှာတော့ ခေါင်းဆောင်ကောင်းတစ်ယောက် ရဲ့တာဝန်မှာ-
(က) လက်အောက်ငယ်သားတွေလုပ်ဆောင်ရမဲ့ အလုပ်တာဝန်တွေကို အလွယ်တကူ နားလည်အောင်ရှင်ပြနိုင်ရမယ်။
(ခ) ပန်းတိုင်ပေါက်မြောက် အောင်မြင်ရေးကိုဟန့်တားထားတဲ့ လမ်းပိတ်ဆို့မှု တားဆီးမှုအခက်အခဲတွေကို ရှင်းလင်းဖယ်ရှားပေးရမယ်။
(ဂ) ကိုယ်ပိုင်ဆန္ဒပြည့်ဝ ကျေနပ်မှုရရှိအောင် လက်အောက်ငယ်သားတွေအတွက် အခွင့်အလမ်းကိုတိုးမြှင့်ဖွင့်ပေးနိုင်ရပါမယ်။
ဒါတွေဟာ ခေါင်းဆောင်ကောင်းတစ်ဦးမှာ ရှိသင့်တဲ့အခြေခံလိုအပ်ချက်တွေပဲဖြစ် ပါတယ်။
နောက်တစ်ခု ကတော့ John C.Maxwell ရေးသားတဲ့ The 21 Irrefutable Laws Of Leadership ကို မောင်မြင့်ကြွယ်ဘာသာပြန်ဆို ထားတဲ့ မှတ်သားထားတာလေး တစ်ချို့ ကို‌ပြောပြချင်ပါတယ်။
ဒါကတော့ တစ်ချို့သောသူများဟာ ခေါင်းဆောင်မှု နှင့် စီမံခန့်ခွဲမှု သည် တစ်မျိုးတည်း ဖြစ်တယ်ဆိုသော ယူဆချက်ပဲဖြစ်ပါတယ်။ တကယ်တော့ ဒါဟာမှားယွင်းတဲ့အယူအဆပဲ ဖြစ်ပါတယ်။ တကယ်တော့ ‘ခေါင်းဆောင်မှု’ဆိုသည်မှာ လူအများအပြားအား လိုက်ပါလာ အောင် သြဇာသက်ရောက်စေမှုဖြစ်ပြီး ‘စီမံခန့်ခွဲမှု’ကတော့ နည်းစနစ်များနှင့်လုပ်ငန်းစဉ်များ တသမတ်တည်းရှိနေစေရေးကို အာရုံစိုက်မှုပင်ဖြစ်တယ်လို့ဆိုပါတယ်။

ခရိုက်စလာ မော်တော်ကားကုမ္ပဏီရဲ့ ရှယ်ယာမင် နှင့် အမှုဆောင်အရာရှိချုပ်ဟောင်း လီအိုင်ယာကော့ကာ ကတော့ “တစ်ခါတစ်ရံမှာတော့ အတော်ဆုံးမန်နေဂျာတွေတောင် ခွေးအကြီးကြီးတစ်ကောင်ရဲ့ကြိုးကို ကိုင်ထားရတဲ့ ချာတိတ်လေးတစ်ယောက်နဲ့တူတယ်တဲ့ ခွေးကြီးကဘယ်ကိုသွားချင်သလဲဆိုတာကို စောင့်ကြည့်ပြီးမှ လိုက်ပို့တတ်တာမျိုးပေါ့” ဆိုပြီး လှောင်တောင်တောင်ခနဲ့တဲ့တဲ့‌ပြောဖူးပါသေးတယ်။
ပုဂ္ဂိုလ်တစ်ယောက်အား ထိုပုဂ္ဂိုလ်သည် စီမံခန့်ခွဲမှုသက်သက်ထက် ခေါင်းဆောင်မှု ပေးနိုင်သူဟုတ်မဟုတ် စမ်းသပ်ကြည့်နိုင်တဲ့ အကောင်ဆုံးနည်းလမ်းကတော့ ၎င်းအား အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုကို ဖန်တီးပေးရန် စေခိုင်းဖို့ပဲဖြစ်ပါတယ်။ မန်နေဂျာများသည် ဦးတည်ချက်ကို မပြောင်းလဲအောင် ထိန်းထာနိုင်သော်လည်း ပြောင်းလဲသွားအောင်မူ မပြုလုပ်နိုင်ကျပေ။ လူပုဂ္ဂိုလ်များကို ဦးတည်ချက်အသစ်ဆီသို့ ပြောင်းရွှေ့ဆောင်ရွက်စေရန်ဆိုတဲ့ ကိစ္စရပ်တွေမှာ သြဇာသက်ရောက်မှုရှိစေရန်လည်း လိုအပ်မှာဖြစ်ပါတယ်။



ခေါင်းဆောင်ကြီးများက မည်သည့်အခါ၌ ဦးဆောင်ရမည်ကိုသိခြင်းသည် မည်သည့်ကိစ္စ အားဆောင်ရွက်ရမည်နှင့် မည်သည့်နေရာသို့ သွားရမည်တို့အား သိရှိသကဲ့သို့ပင် အရေးကြီး ကြောင်းကိုတွေ့မြင်ကြရမှာဖြစ်တယ်လို့ဆိုပါတယ်။ ခေါင်းဆောင်တစ်ဦးက လှုပ်ရှားမှုတစ်ရပ် ကို ပြုလုပ်သည့်အခါတိုင်း ဖြစ်ပေါ်လာနိုင်သည့် ရလဒ် လေးမျိုးရှိပါသည်။
(၁) မှားယွင်းသောအချိန်တွင် မှားယွင်းသောလုပ်ရပ်က ဘေးဒုက္ခနှင့် ကြုံတွေ့ရရှိလိမ့်မည်။
(၂) မှန်ကန်သောအပြုအမူအား မှားယွင်းသည့်အချိန်ကာလတွင် ပြုလုပ်မိပါက ခုခံငြင်းဆန်မှုကို ဖြစ်စေ၏။
(၃) မှားယွင်းသောလုပ်ရပ်ကို မှန်ကန်သည့်အချိန်အခါတွင် ဆောင်ရွက်ပါကလဲ မှားယွင်းမှုဖြစ်၏။
(၄) မှန်ကန်သောအချိန်တွင်ရှိ မှန်ကန်သောလုပ်ရပ်က အောင်မြင်မှုများကို ရရှိစေ၏။
အင်္ဂလန်နိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်ခဲ့ဖူးသော ဝင်စတန်ချာချီက “လူတစ်ယောက်ရဲ့ဘဝမှာ မွေးဖွားလာကတည်းက သူကြုံတွေ့ရမဲ့ အထူးအချိန်ကာလလေးတစ်ခုရှိနေပါတယ်။ အဲ့ဒီအထူးအခွင့်အရေးလေးကို အမိအရဖမ်းယူပြီး သူဆောင်ရွက်ရမဲ့လုပ်ငန်းတာဝန် -အဲ့ဒါကလဲ သူနဲ့အထူးတလည် သင့်လျော်တဲ့လုပ်ငန်းတာဝန် တစ်ခုကိုသူဆောင်ရွက်လိမ့်မယ်။ အဲ့ဒီအချိန်ကာလကလေးမှာ သူဟာဂုဏ်သတင်းကြီးခြင်းကိုရရှိလိမ့်မယ် နောက်အဲ့ဒီအချိန်ဟာ သူ့ဘဝရဲ့ အကောင်းဆုံးအချိန်ပဲဖြစ်တယ်”လို့ဆိုပါတယ်။
အချုပ်ဆိုရသော် ခေါင်းဆောင်တစ်ယောက်သည် မည်မျှပင်ထူးချွန်သူဖြစ်ပါစေ ၎င်းတစ်ဦးတည်းဆောင်ရွက်နိုင်စွမ်း မရှိကြပါ။ အားကစားလောကတွင် အောင်မြင်မှုရရှိစေရန် နည်းပြဆရာတစ်ယောက်သည် အားကစားသမားကောင်းများကို စုစည်းထာရန်လို အပ်ပေသည်။ အဖွဲ့အစည်းတစ်ခုသည်လည်း အောင်မြင်မှုရရှိစေရန်အတွက် ခေါင်းဆောင် ကောင်းများ ပါဝင်သည့်အဖွဲ့တစ်ဖွဲ့ရှိရန် လိုအပ်ပေသည်။ အဖွဲ့အစည်း၏ ပမာဏက ပို၍ ကြီးမားလေလေ ပို၍ခွန်အားပြည့်ဝသော ပို၍လေးနက်သော ခေါင်းဆောင်ကောင်းကို လိုအပ်လေလေဖြစ်ပါသည်။

ဤ Post ဖြစ်လာအောင် အစစအရာရာ ကူညီပေးတဲ့ ဒေါ်သီတာအေး(လက်ထောက်ညွှန်ကြားရေးမှူး,အမှတ်(၂)စက်မှုဝန်ကြီးဌာန) အား အထူးကျေးဇူးတင်ပါသည်။


MTZO








Thursday, September 15, 2011

ဒီဇိုင်နာ နှင့် စေ့စပ်ညှိနှိုင်းခြင်းပညာ






ဒီဇိုင်နာ တစ်ယောက်ဟာ စေ့စပ်ညှိနှိုင်းခြင်းပညာကိုလည်း တတ်မြောက် ရပါမယ်။ ဒါမှလည်း အလုပ်အပ်သူနှင့် ကန်ထရိုက်တာ ကြားတွင် စေစပ်ညှိုနှိုင်းရေး လုပ်ငန်းများကို အဆင်ပြေချောမွေ့အောင် အကောင်းဆုံး လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒီဇိုင်နာ တစ်ယောက်ဟာ အလုပ်အပ်သူနှင့် ကန်ထရိုက်တာတို့အကြား စေ့စပ်ပေးရသော ညှိုနှိုင်းသူတစ်ယောက်လို့ ပြောမည်ဆိုလျှင်လည်း မှားမည် မဟုတ်ပါ။ Design တစ်ခုအတွက် သီအိုရီများကို လေ့လာအပ်သကဲ့သို့ ထို သီအိုရီများကို ပြန်လည်အသုံးချသောအခါ လိုအပ်သော စေ့စပ်ညှိနှိုင်းခြင်း ပညာရပ်ကိုလည်း လေ့လာအပ်ပါသည်။ သို့ဆိုလျှင် စေ့စပ်ညှိနှိုင်းခြင်းပညာသည် မည်မျှ အရေးကြီးကြောင်း သိရှိနိုင်ပါသည်။
ဤပို့စ် ဖြစ်မြောက်အောင် အစစအရာရာ အကူအညီပေးသော ညီမငယ် TDA အား အထူုးကျေးဇူးတင်ပါသည်။

Negotiation ခေါ်ဆိုသည့် စေစပ်ညှိနှိုင်း ပညာရပ်သည် လ့ူူဘောင် အဖွဲ့အစည်းတွင် နေ့စဉ်နှင့်အမျှကျင့်သုံးနေရသော ပညာရပ်ဖြစ်ပါသည်။ လွယ်ကူမှုများရှိသကဲ့သို့ ခက်ခဲခြင်း၊ နက်နဲခြင်းများစွာလည်း ရှိပါသည်။ ဤစကားရပ်နှင့်စပ်လျဉ်း၍ ရေးသားထုတ်ဝေထားသော စာအုပ်အများအပြားရှိသည်။ အသုံးတည့်သည့် စာအုပ်၊ အသုံးဝင်သည့် အချက်များစွာတ့ိုကို တွေ့ရှိရသကဲ့သို့ မြန်မာတို့အသုံးမလိုတော့သည် အချက်များစွာတို့ကိုလည်း တွေ့ရသည်။

စေ့စပ်ညှိနှိုင်းခြင်း မည့်သည်ဆက်သွယ်မှုကို အမှီသဟဲပြုရပါသည်။ ပုဂ္ဂိုလ်များ အကြားဖြစ်ပေါ်သော ကိစ္စမျိုးဖြစ်သည်။ ပုဂ္ဂိုလ်များသည် သူတို့နှင့်ဆက်ဆိုင်သော ကိစ္စ (သို့မဟုတ်) စုပေါင်းအဖွဲ့ငယ်တို့၏အဖွဲ့အစည်းများကို ကိုယ်စားပြု ဆောင်ရွက်ခြင်း ဖြစ်သည်။
စေ့စပ်ညှိနှိုင်းခြင်းများကို ရှေးဟောင်းစာပေ၊ ကျမ်းဂန်အမျိုးမျိုး နှင့် ခေတ်ပေါ် အပြုအမူဆိုင်ရာသိပ္ပံပညာ Behaviroal Science များတွင်လည်း တွေ့ရှိရသည်။ သို့သော် ကျယ်ပြန့် လှသော စေ့စပ်ညှိနှိုင်းခြင်း၏ အဓိပ္ပာယ်အပြည့်အဝကို ကာမိစေရန် တစ်ခုသော (သို့မဟုတ်) စုပေါင်း Behaviroal Science တို့ကို ဖော်ထုတ်နိုင်သည့် အနေအထား မရှိသေးပါ ။ တစ်ကယ်တမ်းတွင် လောလောဆယ်အချိန်အထိ လူတစ်ဦးသာ လမ်းညွန်မှုပေးနိုင်သည့် စေ့စပ်ညှိနှိုင်းခြင်းဆိုင်ရာ အထွေထွေသီအိုရီ (ခေါ်) သတ်မှတ်နည်းနိဿရည်း ပေါ်ပေါက်ခြင်း မရှိသေးပါ။ သို့ဖြင့် လူ့ဘောင်လောက၏ သမားရိုးကျကျင့်စဉ် မြေစမ်းခရမ်းပျိုးနည်း Trial and error အတိုင်းပြုလုပ်နေကြ ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် အမှားတစ်ခုမှာ ထပ်တလဲလဲ ဖြစ်ပေါ်နေတတ်သည်။ ယင်းအချက်များကို အခြေပြုလျက် စေ့စပ်ညှိနှိုင်းခြင်းဆိုင်ရာ ဗဟုသုတများကို ကန့်သတ်ထားသည့် ကိုယ်တွေ့အတွေ့အကြုံများမှ ရယူနိုင်ခြင်း ဖြစ်ပါသည်။
လူသားအားလုံးတို့သည် နေ့စဉ်နှင့်အမျှ လှုပ်ရှားနေကြရာတွင် အကြောင်းအရာ အမျိုးမျိုးသော စေ့စပ်ညှိနှိုင်းခြင်းများ ပါဝင်သည်။ သို့ဖြင့် နေ့စဉ်သတင်းစာ ရေဒီယို၊ ရုပ်မြင်သံကြား သတင်းစာများတွင် စေ့စပ်ညှိနှိုင်းကြသည့် သတင်းမျိုးစုံတို့ကို ဖတ်ရှနေရသည်။
ကမ္ဘာ့အနှံအပြားတွင် စေ့စပ်ညှိနှိုင်းခြင်း ပြုလုပ်နေသော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်း အမျိုးမျိုးအပါအဝင် စည်းဝေးပွဲ အမျိုးမျိုးတို့ကျင်းပနေခြင်းတို့ကို သိနေရသည်။ ပဋ္ဋိပက္ခများပေါင်းစည်းရေး၊ လူမှုစီးပွားရေး ၊ လက်နက်လျော့ပေါ့ရေး စသည့် ကိစ္စများပါဝင်သည်။ ဤတွင်သတင်းများတွင်မပါရှိသော စေ့စပ်ညှိနှိုင်းခြင်းများစွာတို့ ရှိသေးသည်။
စေ့စပ်ညှိနှိုင်းခြင်းကို အကြောင်းကိစ္စပေါ်ပေါက်လာသည့်အခါ သာမန်အားဖြင့် အမြန်ဆုံးပြုသွားလေ့ရှိပါသည်။ ဤသည်မှာ ပြဿနာကို အမြန်ဆုံးပြေလည်ရှင်းလင်းသွားစေလိုသော အာသာဆန္ဒကို အခြေပြု၍ ဖြစ်သည်။ အမှန်တွင် အမြန်ဆုံးပြေလည် စေခြင်းသည် မိမိအကျိုးစီးပွားကို ရသင့်ရထိုက်သည်ထက် လျော့နည်းခြင်း၊ ရှိမရှိ သေချာစွာ စိစစ်သင့်သည်။ ထို့ကြောင့်အချို့ပုဂ္ဂိုလ် (သို့မဟုတ်) နိုင်ငံတို့အနေဖြင့် အချိန်ယူ၍ ချိန်းဆိုခြင်းများ ပြုလုပ်ကြသည်။ ဤသို့ အချိန်ယူ အချိန်ခွာ ချိန်းဆိုခြင်းမျိုးသည် အမှားရှိက ပြုပြင်ချိန်ရနိုင်ခြင်း၊ အသင့်ပြင်ဆင်မှု အချိန်ပိုရခြင်း၊ အကြောင်း အမျိုးမျိုး ချိန်ဆွဲလိုခြင်းတို့ကို အထောက်ကူပြုခြင်း၊ စသည်တို့ဖြစ်ပေါ်စေသည်။ စေ့စပ်ညှိနှိုင်းခြင်းကာလ သတ်မှတ်မှုနှင့် အပြည့်အဝ ဆက်စပ်မှုမရှိသော်လည်း နှီးနွယ်နေသော စေ့စပ်ညှိနှိုင်းပွဲ တက်ရောက်သည့် ကိစ္စတစ်ခု ရှိပါသည်။ တစ်ခါတစ်ရံဆန္ဒမရှိခြင်း၊ လုပ်ငန်းမဖြစ်စေလိုသောကြောင့် ပတ်ဝန်းကျင်တိုက်တွန်းမှု (သို့မဟုတ်) ပြင်ပ ပယောဂကြောင့် တစ်ဖက် (သို့တည်းမဟုတ်) နှစ်ဖက်လုံး စေ့စပ်ညှိနှိုင်းပွဲ ပြုလုပ်တက်ရောက်ကြသည်။ ဤကဲ့သို့အနေအထားသည် ပြေလည်မှု ရရှိစေရန် နှစ်ဖက်လုံးမှ ကြိုးစားကြသည်ဟူသော အကျိုးအမြတ်ကိုဖြစ်ပေါ်စေသည်။
လူတို့သည် စေ့စပ်ညှိနှိုင်းခြင်းပြုလုပ်ကြသည့်အခါ ထူးခြားသော အသွင်အပြင် ခြားနားသောပုံစံအမျိုးမျိုးတို့ဖြင့် တုန့်ပြန်လေ့ရှိကြသည်။ အထူးသဖြင့် စိတ်သဘောထားခြင်း လုံးဝမတိုက်ဆိုင်၊ ညှိနှိုင်းမရသည့်အခါတွင် အဆိုးရွားဆုံးဖြစ်သည်။ ထို့ကြောင့် မည်သို့သော စေ့စပ်ညှိနှိုင်းသူမျိုးအတွက်မဆို လူသားတို့၏စိတ်နေသဘောထားကြိုတင် သိထားနိုင်မှုသည် လိုအပ်ချက်တစ်ရပ်ဖြစ်နေသည်။ စေ့စပ်ညှိနှိုင်းသူများတွင် ကြိုကြိုတင်တင် ပြင်ဆင်မှု ပြုလုပ်ထားသူများသည် လက်ဦးမှု ရရှိကြသည်။ နှစ်ဖက်လုံးမှပုဂ္ဂိုလ်များအနေဖြင့် စေ့စပ်ဆွေးနွေးပွဲသို့တက်ရောက်လာကြရာတွင် အချို့သော ခန့်မှန်း တွက်ဆခြင်းများ Assumptions ပြုလုပ်ကြစမြဲဖြစ်သည်။ ခန့်မှန်းတွက်ဆခြင်းများသည် ဘာသာရပ်ကိုကျွမ်းကျင်ခြင်း၊ တစ်ဖက်သဘောထား နောက်ခံများနားလည်ခြင်း၊ အားနည်းချက်များကြိုတင် သိခြင်း အစရှိသည့် အချက်အလက်များစွာကို အခြေပြုပြီးမှ ပြုလုပ်သင့်သည်။ မည်သို့ပင်ဖြစ်စေ အဆိုပါခန့်မှန်းတွက်ဆခြင်း အချို့အနေဖြင့် ကွဲလွဲတတ်သည်။ အောင်မြင်သောစေ့စပ်ညှိနှိုင်းပွဲသည် သက်ဆိုင်ရာပုဂ္ဂိုလ်၏အဆိုပါခန့် မှန်းတွက်ဆခြင်း နှင့် အခြားတစ်ဖက်မှပုဂ္ဂိုလ်၏ ခန့်မှန်းတွက်ဆမှုအပေါ် ကြိုတင်မျှော်လင့်ထားချက်တို့တွင် အခြေပြူသည်။ စေ့စပ်ညှိနှိုင်းမှု နည်းစနစ်နှင့် ဦးတည်ချက်ကို နားလည်သဘောပေါက်ခြင်းတို့သည် အစဉ်သဖြင့် တစ်လှည့်စီ ပါဝင်လှုပ်ရှားလျက်ရှိသည်။ နှစ်ဖက်လုံးအနေဖြင့် တိုက်ရိုက်ဖြစ်စေ ၊ သွယ်ဝိုက်၍ဖြစ်စေ လိုအပ်ချက်များ Needs ကိုရလိုကြစမြဲဖြစ်သည်။ စေ့စပ်ညှိနှိုင်းပွဲ သည် နှစ်ဖက်စလုံးမှလိုအပ်ချက်များကို တစ်မျိုးတစ်ဖုံစီ မဖြစ်ပေါ်စေနိုင်ပါက အောင်မြင်သော စေ့စပ်ညှိနှိုင်းမှုဖြစ်ပါသည်။ တစ်နည်းဆိုသော် တစ်ဖက်မှ အောင်မြင်မှုရပြီး ကျန်တစ်ဖက်မှ ဆုံးရှုံးစေကာမှု နှစ်ဦး နှစ်ဖက်အကျိုးရှိသည့် သဘောမျိုး ဖော်ဆောင်နိုင်မည်ဆိုပါက အောင်မြင်သော စေ့စပ်ညှိနှိုင်းမှုဖြစ်ပါသည်။

အားကစားသမားကောင်းတစ်ဦး ရွေးချယ်ရာတွင် သက်ဆိုင်ရာ နည်းပြသည် လျင်မြန်မှု ၊ ခွန်အားပြည့်မှု ၊ ခံနိုင်ရည်ရှိမှု၊ မျက်လုံးနှင့်လက်လှုပ်ရှားမှု ၊ ဆက်စပ်မှု ၊ အိန္ဒြေရမှု ၊ လျှပ်တပြက်တုန့်ပြန်နိုင်မှု တို့ကို အခြေပြုပြီးရွေးချယ်သည်။ ထိပ်တန်းအားကစားသမားများ ရွေးချယ်ရာတွင်လည်း ပိုမိုနက်နဲသော အရည်အချင်းများဖြစ်သည့် ကြာရှည်စွာစွမ်းဆောင်နိုင်မှု၊ မျက်လုံးကောင်းခြင်း၊ မိမိကိုယ်မိမိယုံကြည်မှု၊ စိတ်ပြင်းထန်မှု၊ လုပ်ရဲကိုင်ရဲရှိမှုတို့ကို အခြေပြုသည်။ ကျွမ်းကျင်လိမ္မာသော စေ့စပ်ညှိနှိုင်းသူများ ရွေးချယ်ရာတွင်လည်း အလားတူ သတ်မှတ်ချက်မျိုး ရှိသည်။ သို့သော် အချို့သည် ပင်ကိုယ်အနေအထားကလည်းကောင်း၊ အတွေ့အကြုံများမှလည်းကောင်း၊ နားလည် ကျွမ်းကျင်ကြသကဲ့သို့ အချို့အနေဖြင့် သင်ကြားဆည်းပူးခြင်းဖြင့် တတ်သိလာပါသည်။
စေ့စပ်ညှိနှိုင်းပွဲသို့ တက်ရောက်မည့် ပုဂ္ဂိုလ်တစ်ဦး (သို့မဟုတ်) ကျွမ်းကျင်သူတစ်ဦး အနေဖြင့် တစ်ဖက်မှ သဘောကျ နှစ်ခြိုက်စရာမလိုပါ။ ဤတွင် တစ်ဖက်၏ နှစ်လိုသဘောကျခြင်း နှင့် အဓိပ္ပာယ်ကွဲပြားခြားနားမှု ရှိပါသည်။ အတွေးအခေါ်ရင့်ကျက်မှု၊ နှစ်လိုဘွယ်ရှိမှု၊ ရိုးသားမှု (သို့မဟုတ်) ရယ်သွမ်းဖွယ်ရာ ပြောဆိုတတ်မှုတို့သည် အခြားတစ်ဖက်၏ အလိုအလျောက် နှစ်လိုသဘောကျခြင်းက ိုဖြစ်စေပါသည်။ သို့ဖြင့် အခြားတစ်ဖက်၏ အလျော့ပေးခြင်းတို့ကိုလည်း ဖြစ်ပေါ် စေတတ်ပါသည်။ တစ်ဖက်မှ အလိုအလျှောက် နှစ်လိုသဘောကျခြင်းမဟုတ်၍ နှစ်လိုသဘောကျစေရန် မိမိဆန္ဒအလျောက် ဖန်တီးယူခြင်းသည် မိမိ၏အားနည်းချက်ကို ဖြစ်ပေါ်စေရုံမျှမက တစ်ဖက်မ ှနှစ်လိုသဘောကျစေရေးအလို့ငှာ အလျှော့ ပေးမည့်ကိန်းကိုလည်း ဖြစ်ပေါ်စေသည်။ တစ်ဖက်သား သဘောကျစေရန် ပြုတတ်သူများ သည် တစ်ဖက်သားဖက်သို့ အလွယ်တကူ ပါတတ်ပါသည်။ ကျွမ်းကျင်လိမ္မာသူတစ်ဦးသည် မိတ်ဆွေနှင့် အလုပ်ကိုခွဲခြားပြသမှုပြုထားသည်။

အလားတူပင် စေ့စပ်ညှိနှိုင်းမှု၊ ကျွမ်းကျင်လိမ္မာသူတစ်ဦးသည် ဆွေးနွေးပွဲတွင် ကြုံကြိုက်ရလေ့ရှိတတ်သော မရေမရာဖြစ်လာမှုများ၊ ပြောင်းလဲခြားနားမှုများကို ခံနိုင်စွမ်းရှိသည်။ အလိုက်သင့်အခြေအနေကို ခံနိုင်စွမ်းရည်ရှိသည်။ စေ့စပ်ညှိနှိုင်းသူတစ်ဦးသည် သမာဓိဂုဏ်နှင့်ပြည်စုံပါက တစ်ဖက်၏လေးစားခြင်းကိုခံရတတ်သည်။ သမာဓိဂုဏ် ဆိုသည်မှာနားလည်သဘောပေါက်ရန် အချိန်ယူသည်နှင့်အမျှ စေ့စပ်ဆွေးနွေးပွဲတွင် ကျွမ်းကျင်မှုပညာတစ်ခု၊ တစ်ဖက်မှ အလျော့ပေးရေး ပြုလုပ်နိုင်သော အချက်တစ်ချက်ဖြစ်သည်။

စေ့စပ်ဆွေးနွေးပွဲလယ်တွင် ဘာသာရပ်ကို အတတ်ဆုံးလူ၊ အသိဆုံးလူသည် ကျွမ်းကျင်လိမ္မာပါးနပ်သော စေ့စပ်ညှိနှိုင်းသူှ ဖြစ်သည်။ တစ်ကယ်တွင် ဘာသာရပ်ကျွမ်းကျင်သူဖြစ်လင့်ကစား စေ့စပ်ညှိနှိုင်းခြင်း ၊ နားမလည်လျှင် (သို့မဟုတ်) ပါးရည်နားရည်မရှိလျှင်ပါဝင် ဆွေးနွေးခြင်းငှာ မသင့်ပါ။ သေးငယ်သောကိစ္စကြောင့်ပင် ပွဲပျက်လေ့ရှိပါသည်။ ကျွမ်းကျင်လိမ္မာသော စေ့စပ်ညှိနှိုင်းသူတစ်ဦးသည် မည်သည့်အကြောင်းရပ်မဆို ရင်ဆိုင်ဆွေးနွေးသွားရန်အသင့် ရှိကြောင်း အနေအထားရှိရပါသည်။ သာမန်အားဖြင့်ဆိုလျှင် ကောင်းလှပြီ၊ ပြည့်မီလှပြီဟူသော စေ့စပ်ညှိနှိုင်းသူတစ်ဦးသည် အမှားမဖြစ်အောင် နေတတ်သည့်ပုဂ္ဂိုလ်၏ စိတ်ထားမျိုးရှိရပါသည်။ ပြင်းပြသည့်ပြိုင်ဆိုင်လိုသော ဉာဉ်မျိုးမွေးရသည်။ လုံးဝဝေဖန်ပြစ်တင်ခြင်း မပြုနိုင်သည့် သမာဓိဂုဏ်လည်း ပြည့်စုံရသည်။
ရှု့ထောင့်အမျိုးမျိုးအပြင် အားလုံးကိုခြုံကြည့်တတ်ရသည်။ အရေးပါသော အသေးစိတ်ကို မြင်တတ်ရသည်။ ဤသည်တို့သည် သာမှန်အဆင့် စေ့စပ်ညှိနှိုင်းသူတို့ ရှိသင့်ရှိထိုက်အပ်သော အရည်အချင်းများ ဖြစ်ပါသည်။ ထူးခြားသောအဆင့်ရရှိနိုင်ရန်
(က) သည်းခံမှုရှိခြင်း၊
(ခ) တစ်ဖက်မှ တင်ပြချက်ကို သေချာစွာနားထောင်ခြင်း၊
(ဂ) ရှင်းလင်းပြတ်သားစွာပြောဆိုခြင်း
(ဃ) အနုစိတ်ပိုင်ဆိုင်နိုင်ခြင်း
(င) စီမံခန်ခွဲရေး ကျွမ်းကျင်ခြင်း စသည်တို့နှင့်ပြည့်စုံရန်လိုပါသည်။

(က) သည်းခံမှုရှိခြင်း၊
သည်းခံခြင်းသည် သာမန်အားဖြင့် မြင့်မြတ်သောဂုဏ်ဖြစ်ပါသည်။ သို့သော် စေ့စပ်ညှိနှိုင်းပွဲတွင် အတိုင်းအတာအားဖြင့် ခန်မှန်းခြင်းမပြုနိုင်သော စွမ်းအားကြီးဖြစ်သည်။
အစည်းအဝေးပွဲ၊ ဆွေးနွေးပွဲ၊ စေ့စပ်ညှိနှိုင်းပွဲတို့တွင် ပါဝင်တက်ရာက်သူများ အခြေခံအသုံးပြုသော အဓိကလက်နက်ကြီး ဖြစ်သကဲ့သို့ မဟာဗျူဟာတစ်ခုလည်း ဖြစ်ပါသည်။ စေ့စပ်ဆွေးနွေးပွဲ၊ အစည်းအဝေးပွဲများသို့ ဒေါသစိတ်လွှမ်းမိုးမှုဖြင့် ပါဝင်ဆွေးနွေးခြင်းသည်စေ့စပ်ညှိနှိုင်းမှု မအောင်မြင်စေသည်သာမက အခြားဆုံးရှုံးမှုများလည်း ဖြစ်ပေါ်စေတတ်သည်။ အလားတူပင် စိတ်တိုခြင်း၊ အစွန်းရောက်ခြင်းတို့သည်အခက်အခဲများ ကြုံတွေ့ခြင်း၊ အောင်မြင်မှုရရှိရန် အလားအလာ နည်းပါးခြင်းသို့ ရှေးရှု့တတ်ပါသည်။

(ခ) တစ်ဖက်မှ တင်ပြချက်ကို သေချာစွာနားထောင်ခြင်း၊
သေချာစွာ နားထောင်ခြင်းသည် စကားပြောခြင်းနည်းတူ ဆွဲဆောင်အားကောင်းသည့်နည်းလမ်းတစ်ခု ဖြစ်သည်။ တစ်ဖက်သားမှပြောဆိုသည့်စကား၊ ဆိုလိုသည့်အနက် အဓိပ္ပာယ် စကားလုံးအသုံးအနှုန်း၊ လေသံအနိမ့်အမြင့်၊ ကိုယ်နေကိုယ်ထား၊ ခြေဟန်လက်ဟန်တို့ကို ဂရုစိုက်သေချာစွာ နားထောင်ခြင်းသည် တစ်ဖက်သဘောထား ရပ်တည်ချက်နှင့် အခြားအနေအထားအမျိုးမျိုးတို့ကို သိရှိနိုင်ရန်တို့အပြင် တစ်ဖက်သား လေးစားမှုပြသသည့်သဘောဖြစ်သဖြင့် အရေးပါသောကိစ္စကြီးတစ်ခု ဖြစ်ပါသည်။ တစ်ဖက်က စကားကို ဂရုတစ်စိုက်နားထောင်ခြင်းဖြင့် ၎င်းတို့၏ လိုအပ်ချက်ကို သိရှိနားလည်ရုံမျှမက အပြောင်းအလဲဖြစ်သွားမှုများနှင့် အခြားသိကောင်းစရာများကိုလည်း သတိမှု နိုင်မည်ဖြစ်ပါသည်။

(ဂ) ရှင်းလင်းပြတ်သားစွာပြောဆိုခြင်း
အစည်းအဝေးပွဲကြီးများ၊ ဆွေးနွေးပွဲကြီးများ၊ အထူးသဖြင့် စေ့စပ်ညှိနှိုင်းပွဲ တို့တွင်ပါဝင်ဆင်နွဲသူ တို့အနေဖြင့် ရှုပ်ထွေးအောင်ပြုလုပ်သည့် မဟာဗျုဟာကို သုံးလေ့သုံးထရှိကြသည်။ ထို့အပြင် ဆွေးနွေးပွဲပြီးစီးသည့်နောက်ပိုင်း တစ်ဖက်အနေဖြင့် မရှင်းမလင်းအနေအထားမျိုး ဖြစ်တတ်ကြသည်။ အလားတူပင် အချို့အနေဖြင့် ရှင်းလင်းအောင် မတင်ပြနိုင်ခြင်းမျိုးကို မကြာခဏ တွေ့ရှိရသည်။ သို့ဖြင့် မလိုလားအပ်သော ရှင်းလင်းမှုများပြုလုပ်ခြင်း၊ အချိန်ကြန့်ကြာခြင်းများနှင့် ကြုံတွေတတ်ကြသည်။ သို့သော် တိုတိုနှင့်ရှင်းရှင်းတင်ပြတတ်သူများ ရှိတတ်သည်။ အဆိုပါ ပုဂ္ဂိုလ်များသည် တစ်ခါတစ်ရံစေ့စပ်ညှိနှိုင်းခြင်းအရာ၌ နားလည်ကြသူများ မဟုတ်သော်လည်း အောင်မြင်မှုများ ဖြစ်ပေါ်စေတတ်ပါသည်။

(ဃ) အနုစိတ်ပိုင်ဆိုင်နိုင်ခြင်း
ဆွေးနွေးသည့်ခန်းမတွင် ဆွဲဆောင်မှုအများဆုံးရနိုင်သူသည် ဆွေးနွေးသည့်ဘာသာရပ်၊ စေ့စပ်ညှိနှိုင်းသည့် ကိစ္စအနုစိတ်ကို ပိုင်နိုင်သည့် စေ့စပ်ညှိနှိုင်းသူ ဖြစ်ပါသည်။ အလားတူပင် နိုင်ငံရေးပိုင်း၊ လူမှုရေးပိုင်း၊ ဥပဒေပိုင်း၊ ပိုင်နိုင်သည့်စေ့စပ်ညှိနှိုင်းသူများသည် အရေးပါသောသူများဖြစ်ကြပါသည်။ တနည်းဆိုသော် စေ့စပ်ညှိနှိုင်းသူအနေဖြင့် သတ်မှတ်ကဏ္ဍပိုင်းကိစ္စပိုင်ဆိုင်မှုရှိခြင်းသည် အခြားတစ်ဖက်သူများ ထက်သာလွန်မှုရှိပါက စေ့စပ်ညှိနှိုင်းခြင်း ကျွမ်းကျင်မှုပိုင်းတွင်လည်း သာလွန်မည်သာဖြစ်သည်။

(င) စီမံခန်ခွဲရေး ကျွမ်းကျင်ခြင်း
စီမံကိန်း/ လုပ်ငန်းစေ့စပ်ဆွေးနွေးပွဲများတွင် စီမံခန်ခွဲရေးကျွမ်းကျင်မှုသည်အရေးပါသောကိစ္စ ဖြစ်ပါသည်။ ဆွေးနွေးပွဲခန်းမ၌ လူတကာထက် ပိုမိုကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ခြင်းသည် စေ့စပ်ညှိနှိုင်းသည့်အခါမျိုးတွင် အထက်စီးကို ရစေတတ်ပါသည်။


စေ့စပ်ညှိနှိုင်းခြင်းပညာရပ်အတွက် ရေတို/ ရေရှည်သင်တန်းများတွင် ကြိုတင်ပြင်ဆင်မှုပြုလုပ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ ရှာဖွေစူးစမ်းခြင်း၊ မှတ်တမ်းမှတ်ရာပြုခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း အစရှိသည့်အဆင့်(၄)ဆင့် နည်းပညာများသာမက ထပ်တလဲလဲသော လက်တွေ့ အလေ့အကျင့်များလည်းပါဝင်သည်။ စေ့စပ်ညှိနှိုင်းခြင်းမပြုမီ ကြိုတင် ပြင်ဆင်မှုပြုလုပ်၍ စေ့စပ်ညှိနှိုင်းခြင်း၏ ရည်ရွယ်ချက်၊ စေ့စပ်ညှိနှိုင်းပိုင်ခွင့် အတိုင်းအတာ မည်သူ့ နှင့် စေ့စပ်ညှိနှိုင်းခြင်းပြုနေသည်။ တဖက်ပုဂ္ဂိုလ်၏ ထူးမြတ်ပိုင်ခွင့် ရှိသည့် အတိုင်းအတာလက်ခံခြင်း မပြုနိုင်သော အကြောင်းအချက် အစရှိသည့် မေခွန်း (၅)ခုကို ကြိုတင်စဉ်းစားထားရန် ဖြစ်သည်။ ကြိုတင်ပြင်ဆင်မှုပြုလုပ်ရာတွင်……

(က) (Why) မည်သည့်အတွက်ကြောင့်ပြုလုပ်ရခြင်းဖြစ်သည်။
(ခ) (Who) မည်သူတွေနှင့် ညှိနှိုင်းရမည်။
(ဂ) (Where) မည်သည့်နေရာတွင်ပြုလုပ်ရမည်။
(ဃ) (When) မည်သည့်အချိန်တွြင်ပုလုပ်ရမည်။
(င) (How) မည်သို့မည်ပုံပြုလုပ်ရမည်

အစရှိသောအဓိက စိစစ်မှုများကို ကြိုတင်ပြုလုပ်ရပါသည်။ ထိုနည်းတူ တစ်ဖက်သား ပြောဆိုသည်ကို သေချာစွာနားစိုက်ရန် (Listen) နှင့် အထင်မှား၊ အမြင်မှားမြင်တတ်သည့် အကျင့်ဆိုးများ ပပျောက်ရေး အတွက် အလေ့အကျင့်ပြုစုပျိုးထောင်သွားရန် ဖြစ်ပါသည်။ သေချာစွာ နားစိုက်နိုင်ရေးအတွက် လေ့ကျင့်ခန်းကောင်းတစ်ခုသည် အတိုချုံ့မှတ်သားခြင်း (Summarizing) နှင့်ပြန်လည်စစ်ဆေးခြင်း (Reviewing) ဖြစ်ပါသည်။ တစ်နည်းဆိုရသော် တစ်ဖက်က ပြောသည်ကို မှတ်သားခြင်း၊ အရေးပါသောအချက်အလက်ကို မှတ်သားခြင်း၊ အတိုချုံးရေးခြင်းနှင့် တစ်ဖက်သို့ပြန်လည်မေးမြန်းခြင်း ဖြစ်သည်။ ဤကဲ့သို့ ဆောက်ရွက်ခြင်းများသည် သဘောတူညီချက် အခန်းကဏ္ဍအတွက် အထူးအရေးပါသည်ဖြစ်ပါသည်။ စေ့စပ်ညှိနှိုင်းကြသူများအနေဖြင့် အာရုံစိုက်နားထောင်ပြီး လိုက်၍ ရေးသားမှတ်သားခြင်း ပြုရာတွင် မိမိနားစိုက်/ အာရုံစိုက်နေသည့် ကိုယ်ဟန်အမူအရာကို ပျက်မသွားစေရန်ဖြစ်ပါသည်။

ကိုယ်ဟန်အမူအရာသည် စေ့စပ်ညှိနှိုင်းသည့် ပညာရပ်အတွက် အရေးပါသောကဏ္ဍတစ်ခု ဖြစ်ပါသည်။ မျက်နှာဟန်မူရာနှင့် ကိုယ်ဟန်အမူအရာတို့သည်တစ်ခုသောအဓိပ္ပာယ် (သို့မဟုတ်) အချက်ကို အောင်စေခြင်း ဖြစ်တတ်ပါသည်။ မျက်နှာဟန်မူရာသည် ဦးခေါင်း၊ မျက်လုံး၊ နှုတ်ခမ်းအသီးသီးတို့၏လှုပ်ရှားမှုများ ပါဝင်သည်။ ထ့ိုနည်းတူပင် လက်၏လှုပ်ရှားမှု၊ ပုခုံးနှင့် ဦးခေါင်းအနေအထား၊ ကိုယ်အင်္ဂါလှုပ်ရှားမှုများသည် သတိပြုရန် သင့်သောလှုပ်ရှားမှုများ ဖြစ်ပါသည်။ ဘောင်းဘီအိတ်အတွင်း လက်ကိုထည့်၍ စကားပြောဆိုခြင်းသည် ရိုင်းပြသောအပြုအမူဟူ၍ ဆိုကြပါသည်။ သုတ်သီး သုတ်ပြာလှုပ်ရှားမှုသည် စိုးရိမ်ကြောင့်ကြခြင်း၊ ကြောင့်ရွံခြင်း၊ ပူပန်ခြင်းအဓိပ္ပာယ်မျိုး သက်ရောက်စေပါသည်။ သို့ဖြင့် တည့်မတ်စွာထိုင်ခြင်း၊ ရပ်ခြင်း၊ (ခါးကုန်းမှုလုံးဝမပြုခြင်း) ၊ (လျော၍မထိုင်ခြင်း) ၊ဝတ်စားဆင်ယင်မှုကောင်းခြင်း၊ အိန္ဒြေရှိစွာဖြင့် လှုပ်ရှားပြုမှုခြင်း၊ ရင်ကော့၍ မျက်နှာတူရူထားရှိခြင်း၊ အပြုံးဆောင်ခြင်းအစရှိသည့် လေ့ကျင့်ခန်းများအကျင့် ဖြစ်သွားအောင် လေ့ကျင့်ရန် လိုပါသည်။ စေ့စပ်ညှိနှိုင်းပွဲတွင် အဆိုးရွားဆုံးအန္တရာယ်မှာ တစ်ဖက်နှင့် တစ်ဖက်လှည့်ကွက်များ၊ ပြုလုပ်ခြင်း၊ ကစားခြင်း (Game Playing) ဖြစ်ပါသည်။

နှစ်ဖက်လုံးအတွက်အချိန်ကုန် အားကုန်သည့်အပြင် အောင်မြင်မှု ရ လာဒ်ကို အဟန့်အထား ဖြစ်စေတတ်သည်။ ကိုယ်ကျိုးအတွက် အမှတ်ယူတတ်ခြင်း၊ စကားပြောကောင်းခြင်းတို့ကြောင့် အဓိက ပြဿနာ ဆွေးနွေးခြင်းတို့မှ လွဲချော် တတ်ပါသည်။ တစ်ဖက်နှင့် တစ်ဖက်အထင်မှား ၊ အမြင်မှားဖြစ်စေတတ်သဖြင့် အထူးသတိပြုရန် နှင့် ရှောင်လွှဲတတ်ရန် ဖြစ်ပါသည်။

Reference : Photo အား http://kellycrew.wordpress.com/2011/01/17/negotiation_success/ မှရယူပါသည်။


MTZO


ဒီဇိုင်နာ နှင့် စီမံခန့်ခွဲမှုပညာ





Designer တစ်ယောက်ဟာ Design ပညာကိုတတ်မြောက်ရုံနဲ့မလုံလောက်ပါဘူး။ စီမံခန့်ခွဲမှုဆိုတဲ့ Management အတတ်ပညာကိုလဲ တတ်မြောက်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့ဟာ Management ကိုမသိဘူ၊ နားမလည်ဘူး ဆိုရင် အောင်မြင်တဲ့ လုပ်ငန်းခွင်ကို ပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် Management ဆိုတာဘာလဲ?? ဘာတွေကိုစီမံခန့်ခွဲမှာလဲ?? လေ့လာကြည့်ကျရအောင်နော်။   Smiley
ပထမဦးစွာ Management ပညာရပ်အား သင်ပေးခဲ့တဲ့ ဒေါ်သီတာအေး (ညွှန်ကြားရေးမှူး, အမှတ်(၂)စက်မှုဝန်ကြီးဌာန) အား အထူးပင် ကျေးဇူးတင်ပါတယ်ဟု ပြောကြားလိုပါတယ်။
စီမံခန့်ခွဲမှုဆိုသည်မှာ လုပ်ငန်းတစ်ခုအတွက် လိုအပ်သော အင်အားစုပေါင်းစုံကို စုပေါင်းပြီ လျှင် လုပ်ငန်း၏ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိနိုင်ရန် အကောင်းဆုံးနှင့် အထိရောက်ဆုံးသော နည်းကို အသုံးပြုနိုင်အောင် ဦးဆောင်မှု ပေးခြင်းပင်ဖြစ်ပါသည်။
စီမံခန့်ခွဲရာ၌ အရေးကြီးသောအချက်မှာ ဦးဆောင်မှုပေးခြင်းပင်ဖြစ်သည်။ မိမိလက်အောက်ရှိ ပုဂ္ဂိုလ်များ၏ လုပ်ဆောင်ချက်များကို ကြီးကြပ်မှသာလျှင် စီမံခန့်ခွဲမှုပြုလုပ်သည်မည်ပါသည်။ မိမိကိုယ်တိုင်ပြုလုပ်ချက်များကို ဂရုစိုက်ခြင်းသည် စီမံခန့်ခွဲမှု မမည်ပေ။
စီမံခန့်ခွဲမှု ပါရဂူအချို့၏ အဓိပါယ်ဖော်ပြချက် အချို့ကိုကောက်နှုတ်တင်ပြရမည် ဆိုလျှင်-

(၁) စီမံခန့်ခွဲမှုဆိုသည်မှာ တိကျစွာ သိရှိသဘောပေါက်သော ရည်မှန်းချက်ပန်းတိုင်သို့ သက်ရှိသက်မဲ့ အင်အားစုများကို ထိရောက်စွာအသုံးပြုနိုင်အောင် ဆန်းစစ်မှုများ၊ ပြဋ္ဌာန်းမှုများ၊ စီမံမှုများ၊ လှုံ့ဆော်မှုများ၊ အကဲဖြတ်မှုများ နှင့် ထိန်းချုပ်ကွပ်ကဲမှုများ ပြုလုပ်နိုင်သော လူတို့၏ဉာဏစွမ်းရည်ဖြစ်ပါသည်။
(၂) လုပ်ကိုင်ရန်ရှိသော လုပ်ငန်းတာဝန်အားလုံးကို ကြီးကြပ်လုပ်ကိုင်နိုင်ခြင်းပင်ဖြစ်သည်။
(၃) စုပေါင်းရည်မှန်းချက်တစ်ခုသို့ ဦးတည်ရောက်ရှိနိုင်ရန် လူတစ်စုကို ရှေ့ဆောင်လမ်း ပြခြင်း၊ ဦးဆောင်ခြင်းနှင့် ယင်းတို့၏လုံးလဝိရိယကို ထိန်းချုပ်ကွပ်ကဲပေးခြင်းပင် ဖြစ်ပါသည်။
(၄)လေတပ်အတွက်ဆိုလျှင် စီမံခန့်ခွဲမှုသည် ကြိုတင်သတ်မှတ်ထားသော ရည်မှန်းချက် ပန်းတိုင်သို့ရောက်ရှိနိုင်ရန် အင်အားစုအားလုံးကို စနစ်တကျ စီမံ ဖွဲ့စည်း အသုံးချခြင်းပင် ဖြစ်ပါသည်။
မည်သို့ပင်ဆိုစေ စီမံခန့်ခွဲသောပုဂ္ဂိုလ်သည် ပထမဦးစွာ ရည်မှန်းချက်ပန်းတိုင် သတ်မှတ်ရန်လိုပါသည်။ ရည်မှန်းချက်ပန်းတိုင်ကို ရှင်းလင်းပြတ်သားစွာ ချမှတ်ပြီးမှသာလျှင် ရှေ့တိုးပြီးဆောင်ရွက်နိုင်မှာဖြစ်ပါသည်။

ရည်မှန်းချက်ပန်းတိုင်ချမှတ်ရာ၌ ထိန်းချုပ်ကွပ်ကဲမှုမရှိပဲ ပြုလုပ်၍မရပါ။ စည်းမျဉ်းဥပဒေများ ထုံးတမ်းစဉ်လာအရ ပြဋ္ဌာန်းထားသော ကန့်သတ်ချက်များနှင့် ချုပ်ချယ်မှုများ၏ ဘောင်အတွင်းမှသာ ရည်မှန်းချက်ပန်းတိုင်ကိုချမှတ်ရပါသည်။ ချမှတ်သောရည်မှန်းချက်ပန်းတိုင်သည် တိုင်းပြည်၏ အက်ဥပဒေများ လူတို့၏ထုံးတမ်းဓလေ့များ ဘာသာရေးအယူအဆများ ရပ်ရွာစည်းကမ်းများနှင့် ကိုက်ညီရန်လည်းလိုပါသည်။
ရည်မှန်းချက်ပန်းတိုင်သတ်မှတ်ပြီးရင် စီမံကိန်းချမှတ်ခြင်းကိုပြုလုပ်ရပါမည်။
လုပ်ငန်းဆောင်ရွက်ရန်အတွက် ချမှတ်သောစီမံကိန်းတစ်ခုတွင် အောက်ပါအချက်အလက်များ အပြည့်အစုံပါရှိရန်အရေးကြီးပါသည်။ အတိုချုံးဆိုရပါလျှင်မြန်မာလို ဘ(၆)လုံးကိုမှတ်ထား၍ English လို W (၆) လုံးကိုမှတ်ထားရပါမည်။
၁။ ရည်မှန်းချက်ပန်းတိုင်ရောက်အောင် " ဘာ " လုပ်ရမည်နည်း။ What ?
၂။ လုပ်စရာရှိသည်တို့ကို " ဘယ်သူ" ကလုပ်ကိုင်ဆောင်ရွက်မည်နည်း။ Who ?
၃။ ပေးအပ်သောတာဝန်များကို " ဘယ်နေရာ " တွင်ဆောင်ရွက်ရမည်နည်း။ Where ?
၄။ လိုအပ်သောတာဝန်များကို " ဘယ်အချိန်" မှာ ဆောင်ရွက်ရမည်နည်း။ When ?
၅။ တာဝန်အသီးသီးကို" ဘယ်သို့ဘယ်ပုံ" ဆောင်ရွက်ရမည်နည်း ။ How ?
၆။ မိမိတို့၏ တာဝန်များကို " အဘယ်ကြောင့် " ဆောင်ရွက်ရမည်နည်း ။ Why ?
အထက်ပါမေးခွန်းများ၏ အဖြေမပါသော စီမံကိန်း(သို့) အစီအစဉ်သည် ပြည့်စုံလုံလောက် သော အစီအစဉ် (သို့) စီမံကိန်းမဖြစ်နိုင်ပါ။ အဆောက်အအုံတစ်ခု တည်ဆောက်ရာတွင် ယင်းအဆောက်အအုံ၏ ပုံစံရေးဆွဲရုံဖြင့် စီမံကိန်းချမှတ်ပြီးပြီဟုမဆိုနိုင်ပေ။ ယင်းပုံစံပါ အဆောက်အအုံ အကောင်အထည်ပေါ်လာရန်-
(၁) ဘာတွေလုပ်မည်
(၂) ဘယ်သူကဘာတာဝန်ကိုယူမည်
(၃) ဘယ်နေရာမှာတာဝန်ယူလုပ်ကိုင်မည်
(၄) ဘယ်အချိန်မှာလုပ်ကိုင်မည်
(၅) ဘယ်လိုလုပ်ကိုင်ရမည်
(၆) ဘာကြောင့်လုပ်ကိုင်ရန်လိုသည် ဟူသောအချက်အလက်များကိုပါ ပူးတွဲဖော်ပြပေးမှသာ ပြည့်စုံသောစီမံကိန်းတစ်ရပ်ဖြစ်လာပြီး ရည်မှန်းချက်ပန်းတိုင်သို့ရောက်အောင် လုပ်ကိုင်ဆောင်ရွက် နိုင်ပေမည်။
စီမံကိန်းချမှတ်ခြင်းကို အဖွဲ့အစည်းရှိအဆင့်တိုင်းတွင် အဆက်မပြတ်လုပ်ကိုင်နေရပါသည်။ အနာဂတ်တွင် လုပ်ကိုင်ရမည့် လုပ်ငန်းများအတွက်သာလျှင် စီမံကိန်းချ၍ရပါသည်။ ယခင်ဆောင်ရွက် ခဲ့ပြီးသော လုပ်ငန်းများနှင့် ယခုမျက်မှောက်အချိန်တွင် ဆောင်ရွက်လုပ်ကိုင်လျှက်ရှိသော လုပ်ငန်းများ အတွက် စီမံကိန်းချမှတ်၍ မရပါ။ ထို့ကြောင့် လုပ်ငန်းတစ်ခုကို လုပ်ကိုင်ဆောင်ရွက်ရန် မပြုမီ စီမံကိန်းချမှတ်ရပါသည်။

စီမံကိန်းချမှတ်ခြင်းကို အဖွဲ့အစည်းရှိအဆင့်တိုင်းတွင် အဆက်မပြတ်လုပ်ကိုင်နေရပါသည်။ အနာဂတ်တွင် လုပ်ကိုင်ရမည့် လုပ်ငန်းများအတွက်သာလျှင် စီမံကိန်းချ၍ရပါသည်။ ယခင်ဆောင်ရွက် ခဲ့ပြီးသော လုပ်ငန်းများနှင့် ယခုမျက်မှောက်အချိန်တွင် ဆောင်ရွက်လုပ်ကိုင်လျှက်ရှိသော လုပ်ငန်းများ အတွက် စီမံကိန်းချမှတ်၍ မရပါ။ ထို့ကြောင့် လုပ်ငန်းတစ်ခုကို လုပ်ကိုင်ဆောင်ရွက်ရန် မပြုမီ စီမံကိန်းချမှတ်ရပါသည်။
လုပ်ငန်းတစ်ခုလုပ်ကိုင်မည်ဆိုလျှင် စီမံကိန်းချမှတ်ရာ၌ အစပထမတွင် အချိန်ကြာပြီး လူပင်ပန်းငွေကုန်သော်လည်း လုပ်ငန်းအကောင်အထည်ဖော်ရာ၌ မူ ငွေကုန်သက်သာ လူလည်း မပင်ပန်းပဲ အချိန်တိုအတွင်း အောင်မြင်မှု ရနိုင်စွမ်းရှိရန်များပါသည်။
စီမံခန့်ခွဲသောပုဂ္ဂိုလ်တစ်ဦးသည် ထိန်းချုပ်မှုကို အကန့်အသတ်မရှိ လုပ်ကိုင်နိုင်ခြင်းမရှိပေ။ ယင်း၏ ထိန်းချုပ်မှုမှာ အကန့်သတ်ရှိပါသည်။ အထက်အုပ်ချုပ်သောအပိုင်းက ပုဂ္ဂိုလ်များသည် ဉာဏ်ဖြင့်စဉ်းစား၍ လုပ်ရသောတာဝန်များနှင့် စီမံကိန်းများကို လုပ်ကိုင်နေရသောကြောင့် နေ့စဉ် သမားရိုးကျလုပ်နေရသော လုပ်ငန်းအတွက် အချိန်အနည်းငယ်သာ ပေးနိုင်ကျပါသည်။ ထိန်းချုပ်နိုင် သောလက်အောက်ခံ အရာထမ်း အမှုထမ်း အရေအတွက်မှာလဲ နည်းပါသည်။ လုပ်ငန်းဌာနတစ်ခုတွင် အောက်အဆင့်သို့ ရောက်သွားလေလေ သမားရိုးကျလုပ်ရသော တာဝန်များလာလေလေဖြစ်ပြီး အသိဉာဏ် အသုံးပြုရသောလုပ်ငန်း နည်းပါးလာပါသည်။ ထို့ကြောင့် အောက်အဆင့်နိမ့်လေ ထိန်းချုပ်နိုင်သော ငယ်သားဦးရေများလာလေဖြစ်ပါသည်။

စီမံခန့်ခွဲသောပုဂ္ဂိုလ်များသည် လှုံ့ဆော်ခြင်း ( Motivating) အတတ်ပညာကိုလည်းတတ်‌မြောက် ရပါမည်။ ကာယ ဉာဏ လုပ်သားများအား အလုပ်ပေါ် စိတ်ပါဝင်စားအောင် အာရုံစိုက်မှုရှိအောင် စိတ်ဓါတ်တက်ကြွအောင် လှုံ့ဆော်ပေးနိုင်စွမ်းအားရှိရပါမည်။ လုပ်သားများကို လုပ်ငန်းခွင်တွင် စိတ်ပါဝင်စားအောင် လှုံ့ဆော်ပေးနိုင်ပါက ကုန်ထုတ်စွမ်းအားတိုးတက်စေခြင်း၊ လုပ်သားများ စိတ်ကျေနပ်မှု ရှိခြင်း၊ ရိုင်းပင်းကူညီခြင်း၊ ထူးထူးချွန်ချွန် ဆောင်ရွက်ခြင်းများကိုရရှိစေနိုင်ပါသည်။ ထိပ်တန်းခေါင်ဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ ဘယ်အချက်က စေ့ဆော်ပေးပါသလဲဆိုသော မေးခွန်းအတွက် အဖြေကတော့ နောက်လိုက်ကောင်းတွေကြောင့်ပဲဖြစ်ပါတယ်။ ဒါကြောင့် နောက်လိုက်ကောင်းတို့ ရဲ့ရင့်ဖို့၊ ယုံကြည်စိတ်ချရဖို့၊ ရိုးသားကျဖို့ အားသွန်ခွန်စိုက် လုပ်ချင်လာအောင် လှုံ့ဆော်ပေးနိုင်ရမှာဖြစ်ပါသည်။

ချမှတ်ထားသောစီမံကိန်း မည်မျှပင်ကောင်းစေကာမူ လက်တွေ့ဆောင်ရွက်ရာတွင် စီမံကိန်းနှင့်အတိအကျ ကိုက်ညီမှုရှိသည်ကို တွေ့ရခဲပါသည်။ စီမံကိန်းနှင့်ပါတ်သက်၍သော် လည်းကောင်း၊ ဖွဲ့စည်းခြင်းနှင့်ပါတ်သက်၍သော်လည်းကောင်း၊ လှုံ့ဆော်ခြင်းနှင့်ပါတ်သက်၍ သော်လည်းကောင်း၊ ယင်းသုံးခုစလုံးနှင့်ပါတ်သက်၍သော်လည်းကောင်း ချွတ်ယွင်းချက်များ တွေ့ရှိနိုင်ပါသည်။ ချွတ်ယွင်းချက်များရှိမရှိသိရှိရန်နှင့် ယင်းချွတ်ယွင်းချက်များ၏ အကြောင်းရင်းကို သိရှိနိုင်ရန် လုပ်ငန်းထိန်းချုပ်ကွပ်ကဲရန် လိုပါသည်။ စီမံထားသည့်အတိုင်း လက်တွေ့ဆောင်ရွက်နိုင်ရန် ကြီးကြပ်ခြင်းသည် ထိန်းချုပ်ကွပ်ကဲမှုနှင့်သက်ဆိုင်ပါသည်။ စီမံကိန်းနှင့် လက်တွေ့ဆောင်ရွက်မှု ကိုက်ညီခြင်းရှိမရှိ စစ်ဆေးကြည့်ခြင်းသည် ထိန်းချုပ်ခြင်းဖြစ်၍ စီမံကိန်းနှင့်ကိုက်ညီအောင်လုပ်ခြင်းသည်ကွပ်ကဲခြင်းဖြစ်၏။ ကွပ်ကဲခြင်းမရှိ ပါက ထိန်းချုပ်မှုသည် မပြည့်စုံပေ။ ထိန်းချုပ်ရာ၌ လက်တွေ့ဆောင်ရွက်မှုသည် သတ်မှတ်ထားသောစံနှင့် ကိုက်ညီမှု ရှိမရှိဆန်းစစ်ကြည့်ခြင်းဖြစ်ပါသည်။ သတ်မှတ်ထားသော စံဆိုသည်မှာ အာဏာပိုင်အဖွဲ့တစ်ခုက သတ်မှတ်ပေးထားသော အတိုင်းအတာတစ်ခုဖြစ်ပါသည်။ အရေအတွက် အရည်အသွေး ကုန်ကျစရိတ်နှင့် အချိန်တို့ကို တိုင်းတာနိုင်ပါသည်။ ယင်းတို့ကို ထိန်းချုပ်နိုင်ပါသည်။ ထိန်းချုပ်ရာ၌ လုပ်ငန်းဌာန၏ ရည်မှန်းချက်ပန်တိုင်နှင့် ကျင့်သုံးသောမူဝါဒ အပေါ် အမှီပြု၍ စံသတ်မှတ်ရပါသည်။ ထို့နောက် လက်တွေ့ဆောင်ရွက်မှုကို သတ်မှတ်ထားသော ဆောင်ရွက်မှုစံချိန်နှင့် နှိုင်းယှဉ်ရပါသည်။ တိမ်းစောင်မှုများရှိပါက မည်မျှတိမ်းစောင်းမှုရှိသည်၊ မည်သည့်အကြောင်းကြောင့်တိမ်းစောင်းမှုရှိသည်၊ မည်သို့မည်ပုံ ပြုပြင်ရမည်ကို ဆုံးဖြတ်ရပါသည်။ ထိန်းချုပ်ကွပ်ကဲမှုတာဝန်ကို ယူရန်လွယ်ကူပါသည်။ ကျင့်သုံးရာမူမလွယ်ကူပေ။

ထိန်းချုပ်ကွပ်ကဲခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ စီမံကိန်းနှင့်လက်တွေ့ လုပ်ကိုင်မှု အတိမ်းအစောင်းနဲပါးစေခြင်း၊ ချွတ်ယွင်းချက်များကို ဖယ်ရှားပေးနိုင်ခြင်း နှင့် တက်ညီလက်ညီ ဆောင်ရွက်နိုင်စေခြင်းများဖြစ်ပါသည်။
အဖွဲ့အစည်းတစ်ခုတွင် ရည်မှန်းချက်ပန်းတိုင်နှင့် ပါဝင်လုပ်အားပေးမည့်သူများ ရှိလင့်ကစား ဦးဆောင်မည့်သူမရှိပါက ရည်မှန်းချက်ပန်းတိုင်ကိ ုအကောင်အထည်ဖော်ရန် ခဲယဉ်းပါသည်။ လုပ်ငန်းအဖွဲ့အစည်း သို့မဟုတ် လူ့အဖွဲ့အစည်းများတွင် ခေါင်းဆောင်သူသည် စီမံခန့်ခွဲနိုင်သောအရည်အခြင်း ရှိရန်လိုပါသည်။ အဖွဲ့အစည်းတစ်ခုတွင် ရည်မှန်းချက်ပန်းတိုင် ချမှတ်ပြီးသောအခါ ယင်းရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိအောင် ဆောင်ရွက်ရာတွင် မည်သို့သော အဟန့်အတားများ၊ အခက်အခဲများ၊ အတားအဆီးများ၊ ပြဿနာများရှိမည်ကို သုံးသပ်ကြည့်ရန်လိုပါသည်။ သုံးသပ်ပြီး၍ သိရှိလာသောအခါ ယင်းအဟန့်အတား အခက်အခဲ အတားအဆီး နှင့် ပြဿများကို ကျော်လွန်‌ဖြေရှင်းနိုင်ရန် စီမံခန့်ခွဲ့မှု ( Management ) လိုလာပါတော့သည်။
စီမံခန့်ခွဲမှုဟူသည် ဆုံးဖြတ်မှုပေးခြင်းပင်ဖြစ်သည်။ အဖွဲ့အစည်းတစ်ခုလုံး၏ လုပ်ဆောင် ချက် ကဏ္ဍအားလုံးတွင် ဆုံးဖြတ်မှုပြုနေရပြီး ဆုံးဖြတ်မှုပြုခြင်း မရှိပါက စီမံခန့်ခွဲမှု အဓိက တာဝန်များကို ဆောင်ရွက်နိုင်မည် မဟုတ်ပေ။
ဆုံးဖြတ်မှုပေးခြင်းဆိုတာကတော့ ကျင့်သုံးနိုင်သောနည်းလမ်း နှစ်ခု (သို့) နည်းလမ်း အသွယ်သွယ်အနက် နည်းလမ်းတစ်ခုကို ရွေးချယ်ပေးခြင်း ဖြစ်ပါသည်။ စီမံခန်ခွဲသောပုဂ္ဂိုလ် သည် စံနှင့်လွဲချော်နေခြင်း (သို့) ဖြစ်သင့်သည်နှင့် ဖြစ်နေသည်တို့ လွဲချော်နေခြင်း တနည်းအားဖြင့် သတ်မှတ်ထားသောရည်မှန်းချက်များ၊ ဓလေ့ထုံးတမ်း ဥပဒေအမိန့်ညွှန်ကြားချက်များနှင့် ကွဲလွဲနေခြင်းဟူသော ပြဿနာများဖြစ်ပေါ်လာပါကလဲ ချက်ခြင်း‌ဖြေရှင်းပေးနိုင်ရပါမည်။ ဆုံးဖြတ်မှုပြုခြင်းကို အချိန်ယူဆုံးဖြတ်နိုင်သော်လည်း ပြဿနာကိုမူ စောင့်ဆိုင်း၍မရပဲ ချက်ခြင်း‌ဖြေရှင်းပေးနိုင်ရပါမည်။
လူ့ဘောင်လောကတွင် နေထိုင်ကျကုန်သော လူသားအပေါင်းတို့သည် စီမံခန့်ခွဲခြင်းနှင့် ကင်းလွတ်သောသူ မည်သူတစ်ဦးတစ်ယောက်မှ မရှိပေ။ အရာရာတိုင်းတွင် စီမံခန့်ခွဲမှုက ဦးဆောင်နေတတ်ပါတယ်။ လူတို့၏ဘဝ ရှုထောင့်အားလုံးတွင် ပါဝင်နေပါသည်။ သို့သော် မိမိရဲ့ဘဝကို စနစ်တကျ စီမံခန့်ခွဲတတ်သူ နှင့် စီမံခန့်ခွဲခြင်းကို အလေးထားမဆောင်ရွက်သူတ့ို့၏ ဘဝလူနေမှု အဆင့်အတန်းသည် များစွာကွာခြားခဲ့ရပေသည်။ ယနေ့ကမ္ဘာမှာ ထိပ်ဆုံးရောက် နေသူများရဲ့ အကြောင်းကို နဲနဲလောက် သင်လေ့လာကြည့်လိုက်ပါ ။ သူတို့ဘဝကို ဘယ်လိုရည်မှန်း ချက်တွေနဲ့ တည်ဆောက်ခဲ့သလဲ ငယ်စဉ်အခါထဲက မိဘကဘယ်လို ထိန်းကျောင်းပေးခဲ့သလဲ ..............
သူတို့လျှောက်လှမ်းခဲ့ရသော လမ်းတလျှောက်မှာ စီမံခန့်ခွဲမှုတွေ မပါဝင်ပါဘူး၊ စီမံခန့်ခွဲမှုဟာ အရေးမပါပါဘူးလို့ သင်ငြင်းဆိုနိုင်ပါမည်လော.....

Reference : သင်တန်းတွင် သင်ကြားခဲ့ရသော မှတ်စုများအား ကိုးကားပါသည်။



MTZO