အတွင်းပိုင်းဒီဇိုင်းမှာ “မိုနိုခရိုမက်တစ် (Monochromatic)” ဆိုတာဟာ အရောင်တစ်ရောင်တည်းကိုပဲ အနုအရင့်ကွဲပြားအောင် အသုံးပြုပြီး ဟင်းလင်းခွင် (space) တစ်ခုလုံးကို ဒီဇိုင်းထုတ်တာကို ဆိုလိုပါတယ်။ ဥပမာ- အဖြူ၊ မီးခိုးရောင်နဲ့ အနက်ရောင်တို့လို အရောင်မဲ့အုပ်စုကိုပဲ အဓိကထား အသုံးပြုလေ့ရှိပါတယ်။ ဒီချဉ်းကပ်မှုဟာ ရိုးရှင်းမှု (Simplicity) နဲ့ ခေတ်မီမှု (Modernity) ကို ဖော်ဆောင်တဲ့အပြင် လူနေမှုပတ်ဝန်းကျင်ကို ငြိမ်သက်ပြီး အေးချမ်းတဲ့ ခံစားမှုမျိုး ဖြစ်ပေါ်စေပါတယ်။
ဒီဇိုင်နာတွေဟာ ဟင်းလင်းခွင်တစ်ခုရဲ့ အလင်းအမှောင် (Light and Shadow)၊ နွေးထွေးမှု (Warmth) နဲ့ ခံစားမှု (Mood) တွေကို ဖန်တီးဖို့အတွက် အရောင်တွေရဲ့ အချိုးအစားကို ဂရုတစိုက်ဆုံးဖြတ်ရပါတယ်။ အဖြူရောင်များများ ထည့်လိုက်တဲ့အခါ အခန်းက ပိုမိုကျယ်ဝန်းပြီး လင်းထိန်လာသလို၊ အနက်ရောင်များများ သုံးလိုက်ရင်တော့ ပိုမိုနွေးထွေးတည်ငြိမ်ပြီး အနုပညာမြောက်တဲ့ ခံစားမှုမျိုးကို ဖြစ်ပေါ်စေပါတယ်။ ဒါက ဒီဇိုင်နာတစ်ယောက်ရဲ့ ဖန်တီးမှုနှင့် ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတို့ကို ထင်ဟပ်ပြနေပါတယ်။
အနိမ့်၊ အမြင့်၊ အနီး၊ အဝေး...
ဒီဇိုင်းပညာမှာ အရာဝတ္ထုတွေရဲ့ အရွယ်အစား (Scale)၊ အနေအထား (Placement) နဲ့ အလင်းအမှောင် (Tone) က အခန်းတစ်ခန်းရဲ့ အမြင်အာရုံကို လွှမ်းမိုးပါတယ်။ မိုနိုခရိုမက်တစ်ဒီဇိုင်းမှာဆိုရင် အရောင်အနုအရင့်ကို အသုံးပြုပြီး နေရာတစ်ခုအတွင်း အနီးအဝေး ခံစားမှုတွေကို ဖန်တီးနိုင်ပါတယ်။ ဥပမာ- အနက်ရောင်နီးပါး အရောင်ကို အသုံးပြုထားတဲ့ နံရံဟာ ပိုပြီး နီးကပ်နေတယ်လို့ ခံစားရပြီး၊ အဖြူရောင်နီးပါး အရောင်ကို အသုံးပြုထားတဲ့နံရံဟာ ပိုပြီး ကျယ်ပြန့်နေတယ်လို့ ခံစားရပါတယ်။ ဒီလိုမျိုး အရောင်နဲ့ ပုံသဏ္ဌာန်တွေကို ပညာသားပါပါအသုံးပြုခြင်းဟာ အခန်းတစ်ခုကို အသက်ဝင်လှုပ်ရှားစေပြီး ခံစားမှုအမျိုးမျိုးကို ဖြစ်ပေါ်စေပါတယ်။
လောကသဘာဝနှင့် ဆက်စပ်နေသော ဒီဇိုင်းသဘောတရား
ဗိသုကာပညာနှင့် အတွင်းပိုင်းဒီဇိုင်းသည် ရုပ်ပိုင်းဆိုင်ရာ ဒီဇိုင်းသဘောတရားမျှသာ မဟုတ်ဘဲ လူသားတို့၏ စိတ်ပိုင်းဆိုင်ရာ လောကသဘာဝနှင့်လည်း နီးကပ်စွာ ဆက်စပ်နေပါတယ်။
ပုထုစဉ် သတ္တဝါတွေရဲ့ဘဝတလျှောက်မှာ အတက်အကျ၊ အကောင်းအဆိုး၊ အနိမ့်အမြင့် စတဲ့ အတွေ့အကြုံမျိုးစုံကို တွေ့ကြုံခံစားကြရတတ်ပါတယ်။ ဒီသဘောတရားလိုပဲ ဒီဇိုင်းပညာမှာလည်း ဒီဇိုင်နာတစ်ယောက်ဟာ စီမံကိန်းအမျိုးမျိုး၊ စိန်ခေါ်မှုအမျိုးမျိုးနဲ့ ကြုံတွေ့ရပြီး အဲ့ဒီကနေ အတွေ့အကြုံတွေရကာ ပိုမိုပြီးပြည့်စုံတဲ့ ဒီဇိုင်နာတစ်ယောက် ဖြစ်လာပါတယ်။ ပြီးပြည့်စုံတဲ့ ဒီဇိုင်းတစ်ခုဟာ ဘဝရဲ့ အနှစ်သာရကို ထင်ဟပ်ပြနိုင်သလို၊ တစ်ခါတစ်ရံမှာလည်း မပြီးပြည့်စုံမှုနဲ့ လိုအပ်ချက်တွေဆီကနေပဲ အလှတရားကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။
ဒီဇိုင်းပညာမှာ အမြင် (Vision) ဟာ အရေးကြီးပါတယ်။ ဒီဇိုင်နာတစ်ဦးရဲ့ အမြင်ဟာ သူတို့ဖန်တီးတဲ့ ဟင်းလင်းခွင်ကို ပုံဖော်နိုင်ပါတယ်။ ဒီဇိုင်းပညာရှင်တွေဟာလည်း သူတို့ရဲ့ အမြင်တွေ မထွေပြားခင်၊ အပြောင်းအလဲ မဖြစ်ခင် အချိန်တစ်ခုအတွင်းမှာ အကောင်းဆုံးနဲ့ အဓိပ္ပာယ်အရှိဆုံး ဖန်တီးမှုတွေကို ပြုလုပ်နိုင်ဖို့ ကြိုးစားကြပါတယ်။ ဒါဟာ တည်ဆောက်မှုအနုပညာတစ်ခုကို ဖော်ဆောင်နိုင်ဖို့ အရေးကြီးတဲ့ အချိန်ကာလ နဲ့၊ လူ့ဘဝရဲ့ အချိန်တိုအတွင်းမှာပဲ ဘဝအနှစ်သာရကို ရှာဖွေရတဲ့ သဘောတရားနဲ့ နှိုင်းယှဉ်ရသလိုပါပဲ။
အချုပ်အားဖြင့် မိုနိုခရိုမက်တစ် ဒီဇိုင်းဟာ ရိုးရှင်းတယ်လို့ ထင်ရပေမယ့်၊ အမှန်တကယ်တော့ အရောင်တွေရဲ့ အချိုးအစား၊ အလင်းအမှောင်၊ အရာဝတ္ထုတွေရဲ့ အနေအထား စတဲ့ အသေးစိတ်အချက်အလက်တွေကနေ ခံစားမှုအမျိုးမျိုးကို ဖန်တီးနိုင်တဲ့ အနုပညာတစ်ခု ဖြစ်ပါတယ်။
ကျွန်တော် ရေးခဲ့ဖူးတဲ့ “မိုနိုခရိုမက်တစ်” ကဗျာကိုလည်း အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
မိုနိုခရိုမက်တစ်
တစ်ရောင်တည်း
အနုအရင့်တွေ
ကွဲသွားလိုက်ကြတာ
.....
သုံးဆယ့်တစ်ဘုံ
နေရာစုံသွားတယ်ကွယ်...။
အဖြူ ဘယ်နှစ်စက် ထည့်ပြီး
အနက် ဘယ်နှစ်စက် ထည့်မလဲ...။
အနိမ့်၊ အမြင့်
အနီး၊ အဝေး
ကိုယ်တိုင်သာချင့်ပြီး
နုကြ၊ ရင့်ကြတော့ကွယ်...။
ဒါဟာ
အရောင်စက်ဝန်းထဲက
သံဝေဂ တေးသံတစ်ပုဒ်လို
နားဆင်ကြည့်လိုက်ပေါ့ကွာ
ငါတို့အမြင်တွေ
မမှောက်မှားခင်
အချိန်လေးအတွင်းမှာပဲလေ....။
- MMO
ဘဝဟာတိုတောင်းပေမယ့် သံသရာကတော့ ရှည်လျားလွန်းလှပါတယ်။ အဆုံးမဲ့သံသရာထဲ ကူးခတ်သွားလာရင်း အနိမ့်-အမြင့်၊ အတက်-အကျ၊ အကြီး-အသေး အရွယ်အစားကို အမြင်တွေမှားပြီး ဝေဝါးမသွားရအောင် သတိတမံ ဉာဏ်မြေကတုတ်နဲ့ အလင်းအမှောင်တွေ ချိန်ဆလို့ ဘဝကို လှပအောင် တည်ဆောက်ကြရမှာ မဟုတ်ပါလား။
No comments:
Post a Comment