Monday, July 21, 2014

ဖိုရမ် အဆောက်အအုံ

ဒီနေ့ ရုံးပိတ်ရက် ဆိုတော့ ကျနော် အေးအေးဆေးဆေးနားရင်း စာအုပ်တွေ ထိုင်ဖတ်လိုက်၊ ဝပ်ဆိုက်တွေ ဝင်ကြည့်လိုက်၊ ဒီဇိုင်းအကြောင်းလေးတွေ စဉ်းစားလိုက်လုပ်ရင်း အားလပ်ချိန်ကို အပြည့်အ၀ အသုံးချနေမိပါတယ်။ 
ကျနော့သူငယ်ချင်း MMO ကို ရုံးပိတ်ရက် အလည်ခေါ်ထားတော့ သူ့ကိုစောင့်ရင်း ဟိုတွေးဒီတွေးပေါ့။ ရာသီဥတုလေးကလည်းကောင်းတော့ ဘာညာသရကာလေး မှီဝဲရမလားလည်း ကြံစည်နေမိသဗျ။ ကိုယ့်လူကလည်း စိန်ခေါ်ရင် ဘွာမခက်သူဆိုတော့ အတော်ညှိနေရမယ်ဆိုတာ တွေးနေမိတယ်။ 
စာဖတ်နေရင်း တယ်လီဖုန်းက ဆဲဗင်းဒေးသီချင်းသံထွက်လာတော့ ဘော်ဒါကြီးလာပြီဆိုတာ အတတ်သိလိုက်ပြီ။
ခဏနေအကြာတွင် အိမ်ရှေ့က တံခါးခေါက်သံ ကြားသဖြင့် စာအုပ်ကို စားပွဲပေါ်ပစ်တင်လိုက်ပြီး တံခါးသွား ဖွင့်ပေးလိုက်သည်။ ဟူးခနဲ သက်ပြင်းချသံနှင့် ကျောပိုးအိပ်ကို ဆွဲရင်အိမ်ထဲရောက်မဆိုက် MMO ပြောလိုက် တာက….
MMO : ကိုသန့်ဇင်ရေ… ကျနော်တို့တွေလည်း ဖိုရမ်မှာ စာမရေးဖြစ်တာအတော်ကြာပြီနော်။
MTZO: အေးဟုတ်တယ်… ဒါနဲ့ ကျနော်ဖတ်ထားမိတာလေး တစ်ခုရှိတယ်ဗျ။
MMO : အင်း ဟုတ်လား… ဘာများလဲ… ကောင်းရင်တင်ရအောင်လေ။
MTZO: ကျနော်ဖိုရမ်ကို တနေ့က ဝင်မွှေတော့ Amazing Building မှာ ကျနော်တို့ ဘာမှရေး မထားရ သေး ဘူးဗျ။ ကိုထွန်းအောင်ကျော်၊ ဂျွန်မိုးအိမ်နှင့် ဂျာကြီးတို့တော့
ဓါတ်ပုံတွေနဲ့ တင်ထားတာတွေ့တယ်…။
MMO : အင်း ကျနော်လည်း စဉ်းစားထားတာတွေ တော့ရှိတယ် မရေးနိုင်သေးဘူးဖြစ်နေတာ။
MTZO: ခု ကျနော်ဖတ်ထားတဲ့ ဖိုရမ်အဆောက်အအုံက တမျိုးစိတ်ဝင်စားဖို့ ကောင်းတယ်ဗျ။
MMO : အန် … ဘယ်နဲ့ ဖိုရမ် အဆောက် အအုံလဲ… ခင်ဗျားကလည်း ကျနော် ဖိုရမ်အကြောင်းပြောခါမှဒါနဲ့ အဲဒီ ဖိုရမ်ဆိုတဲ့ အဆောက်အအုံ ဆိုတာတကယ်ရှိနေသလား။ ဒါဆိုရင် ကျနော့ကိုပြောပြဗျာ။
MTZO: ဒီမယ်ဗျာ ဒီပုံလေးတွေကို ကြည့်။ အဲဒါ ဖိုရမ်အဆောက်အအုံတဲ့ ။ အင်္ဂလိပ်လို Forum Building ဆိုတော့ ဖိုရမ်အဆောက်အအုံလို့ပဲ ဘာသာပြန်လိုက်တာလေ။ ဟဲဟဲ မမိုက်ဘူးလား။






MMO : အင်း… အတော်လှတာပဲ။ အဝင်ဝပုံစံက စိတ်ထဲတစ်မျိုးပဲ။ အဝင်ဝက cantilever ကြီး အောက်ကို ရောက်သွားရင် အဆောက်အအုံကြီး ပြိုကျလာမလား ထင်စရာကြီးဗျာ။ ပုံကြည့်တာတင် အဝင်ဝမှာ အဖိစီး ခံလိုက်ရသလားပဲ။ ထားပါတော့။ ကျနော်ခံစားလိုက်ရတာလေး ပြောကြည့်တာ။ ဒါနဲ့ အဲဒါ ဘယ်မှာ ရှိတာ လဲဗျ။
MTZO: စပိန်နိုင်ငံ ဘာစီလိုးနားမြို့တော်မှာရှိတယ်ဗျ။ စပိန်နိုင်ငံဆိုတော့ နွားရိုင်းသတ်ပွဲတွေ ကျင်းပတဲ့ နိုင်ငံထင်တယ်ဗျ။ အဲဒါတော့ ထားပါဗျာ။





MMO : အော်… ၁၉၉၂ ခုနှစ်မှာတုန်းက အိုလံပစ်ပွဲတော်ကို အိမ်ရှင်လုပ်ခဲ့သေးတယ်နော်။ အဲဒီပွဲပြီးတာနဲ့ ဘာစီလိုးနားလည်း အတော်လေး ထင်ရှားပြီးဥရောပရဲ့ အချက်အချာနေရာတစ်ခု ဖြစ်သွားတာပေါ့။ ဒါနဲ့ အဲဒီအဆောက်အအုံအကြောင်းဆက်ပါအုန်း။ ဘယ်သူဆောက်ခဲ့တာလဲ။ ဗိသုကာပညာရှင်ကရော ဘယ်သူများလဲဗျ။
မသေချာရင် စာအုပ်ထဲပြန်ကြည့်ဗျာ။




MTZO: ဒီမှာဗျာ ဗိသုကာတွေက ဆွစ်လူမျိုး အာခီတတ်နှစ်ယောက်ဗျ။ Jaques Herzog နှင့် Pierre de Meuron ဆိုတဲ့နှစ်ယောက်ပဲ။ သူတို့နှစ်ယောက်ပေါင်းပြီး ဆွစ်ဇာလန်နိုင်ငံ (Switzerland) ဘက်ဆဲလ်(Basel) မြို့မှာ ၁၉၇၈ခုနှစ်က Herzog & de Meuron Architekten, BSA/SIA/ETH (HdeM) ဆိုတဲ့ ဆွစ်အာခီတတ် အဖွဲ့ တစ်ခု တည်ထောင်ခဲ့ကြတယ်ဗျ။ သူတို့နှစ်ယောက်လုံးက ဇူးရစ်(Zürich) မှာရှိတဲ့ Swiss Federal Institute of Technology (ETH) ETH Zurich (German: Eidgenössische Technische Hochschule Zürich) မှာ ကျောင်းအတူတက်ခဲ့ကြတယ်ဗျ..။



MMO : အင်း…ဟုတ်ပါပြီ… သူတို့အကြောင်းတော့ဒီလောက်ပဲထားပါတော့ဗျာ။ အဆောက်အအုံအကြောင်းဆက်ပါအုန်း။
MTZO: အိုကေဗျာ။ အဆောက်အအုံပုံစံက တြိဂံထုပုံစံရှိတယ်။ သူ့ကို ဧကလေးဆယ်ကျော်ကျယ်ဝန်းတဲ့ မြေကွက်ထဲမှာ ဆောက်ထားတာပေါ့။ သူ့ရဲ့ အဓိကထင်ရှားစေတဲ့ အချက်က ၂၀၀၄ခုနှစ် ယဉ်ကျေးမှုဆိုင်ရ နှီးနှောဖလှယ်ပွဲရဲ့ ဗိသုကာမှတ်တိုင်လို့ ဆိုကြတာပဲ။ တချို့ကလည်း ဘာစီလိုးနားရဲ့ အကောင်းဆုံး အဆောက် အအုံ လို့လည်းဆိုကြပြန်တယ်…..။




MMO : အေးဗျာ ဒါဆို ဆွစ်လူမျိုးတွေရဲ့ဂုဏ်ယူစရာအဆောက်အအုံတစ်ခုလို့ ဆိုနိုင်တာပေါ့။ ဒါနဲ့ အဆောက်အအုံရဲ့ အကြမ်းဖျဉ်းအတိုင်းအတာတွေရော သိလားဗျ။
MTZO: အနားတစ်ဘက်ကို ၅၂၅ပေ စီရှိတယ်။ အမြင့်ကတော့ ၈၅ပေ အထိပဲဗျ။ သူ့ရဲ့တည်နေရာက Diagonal Avenue ၊ Rambla de Prim နှင့် the Ronda Litoral ဆိုတဲ့ ဘလောက်သုံးခုဆုံရာ နေရာမှာ ရှိတာဗျ။ အဲဒီနေရာဟာ ပင်လယ်နဲ့ကုန်းမြေဆုံရာ လို့ပြောလို့ရတာပေါ့။ အဲဒီတော့ ဒီအဆောက်အအုံကို ဒီဇိုင်းလုပ်တော့ သူတည်ရှိမယ့် နေရာလမ်းကျယ်ရဲ့ ဂျီသြမေတြီအပေါ် အခြေခံပြီး မြို့ရဲ့ ထောင့်မှန်ကွက် ပန္နက်ကို ကန့်လန့်ဖြတ် ပြီး ဆောက်ထားတာကြောင့် ကမ်းခြေရဲ့ သဘာဝအသွင်ကို ထင်ဟပ်စေတယ်ဗျ။




MMO : အင်း… ဒါနဲ့သူ့ရဲ့ အသွင်နဲ့ အရောင်အဆင်းလေးတွေလည်းပြောပြစမ်းပါအုန်း။
MTZO: တြိဂံပုံ အဆောက်အအုံ ကြီးပဲဗျ။ အဲသူ့ရဲ့ တြိဂံထုမျက်နှာပြင်ကို ပင်လယ်ပြင်မျက်နှာမူထားပြီး တြိဂံဦးချွန်ကို မြို့ဘက်ဦးတည်ပေးထားလိုက်တယ်။ သူ့ရဲ့ Concept က မြေပြင်ကနေမြှင့်ထားတဲ့ ကွန်ကရစ် ထု အပြင်အကျယ်ကြီးက ပင်လယ်ပြင်ကြီးကို ကိုယ်စားပြုတည်ဆောက်ထားတယ်တဲ့။ ကျန်တဲ့ သံမဏိ တြိဂံ ပြင်အချပ်ပေါင်း ၂၈၀၀၀ နဲ့ ဖွဲ့စည်းထားတဲ့ ပုံစံမတူတဲ့ မှန်ဖောင်းကြွ မျက်နှာပြင်တွေကတော့ ကောင်း ကင်ကြီးကို ကိုယ်စားပြုထားပါတယ်တဲ့။











MMO : အေးဗျာ အတွေးနှင့်လုပ်ထားတာတွေက အံ့သြလောက်တယ်နော်။ ကျနော်တို့တွေ စဉ်းစားလို့ မလွယ်နိုင်တဲ့ အတွေးတွေပဲဗျာ။ ထက်မြက်တဲ့ ဗိသုကာတွေရဲ့လက်မှာ သဘာဝကနေ ဆင့်ပွားယူလိုက်တဲ့ အတွေးတွေက သမိုင်းတင်အောင် လုပ်ဆောင်နိုင်တာပဲဗျ။ ဒါနဲ့ အတွင်းပိုင်းမှာရော ဘာတွေပါပြီး ဘယ်လိုတွေ စီမံထားသေးလဲ။
MTZO: တြိဂံထုကြီးအောက်ခြေမှာ မြို့ပြဆိုင်ရာ အင်္ဂါရပ်တွေနဲ့လျှော်ညီအောင် စီမံခင်းကျင်းထားတဲ့ ဟင်းလင်းပြင်ကျယ်ကြီး ပြုလုပ်ထားတယ်…။ မြှင့်ထားတဲ့ အဆောက်အအုံထဲမှာတော့ courtyard တွေက အမိုးအောက်မှာရှိတဲ့ ကွပ်လပ်တွေနှင့် အဆောက်အအုံအထပ်ထပ်ကို အပြန်အလှန် ဆက်စပ် ယှက်နွယ် နေစေပါတယ်။ ဒါအပြင် အဲဒီဆက်နွယ်မှုတွေကတဆင့် သစ်လွင်တဲ့ မြင်ကွင်းတွေ ထွေပြားဆန်းသစ်တဲ့ အလင်း ပြုလုပ်ချက်တွေ ရစေတယ်။ နောက် အဆောက်အအုံရဲ့ အဘက်ဘက်မှာဖောက်ထားတဲ့ အကွက် တွေမှာ လူတွေဖြတ်သန်းသွားလာလို့ ရနိုင်တယ်။ အဲဒီလိုဖြတ်သန်းသွားလာရင်း အဆောက်အအုံကြီးရဲ့ အံ့မခန်းဗိသုကာလက်ရာတွေ အောက်အနိမ့်ပိုင်းကနေ ကြည့်ရှုခံစားနိုင်တယ်။ အဒါတွေအပြင် အဲဒီနေရာ တွေကနေ အဆောက်အအုံ အပေါ်ထပ်တွေနှင့် မြေအောက်ထပ်တွေမှာရှိတဲ့ ၇၀၀၀ စတုရန်းပေရှိတဲ့ ပြခန်း၊ ထိုင်ခုံ ၃၂၀၀ ဆန့်တဲ့ ဟောပြောပွဲခန်းမ၊ ကွန်ဖရင့်ခန်းတွေ၊ စားသောက်ဆိုင်ခန်းတွေနှင့် အခြားနေရာတွေကို သွားလာနိုင်အောင်စီမံထားပါတယ်။





MMO : အဟား  အတော်လေး ကောင်းပါလားဗျာ။ ဒါနဲ့ ဒီကောင်ကြီး ဆောက်လိုက်တဲ့ အတွက် ဘာများထူးခြားသွားသေးသလဲ။
MTZO: အဲ…မြို့ပြစီမံကိန်းရှုထောင့်က ကြည့်ရင်တော့ အဲဒီအဆောက်အအုံဟာ မြို့တော်ရဲ့ ခမ်းနားတဲ့ သမိုင်းဝင် လမ်းမကျယ်တစ်ခုရဲ့ အထင်ကရ အဆောက်အအုံအဖြစ် ဘာစီလိုးနားကမ်းခြေ အနားသတ်လိုင်းမှာ landmark တစ်ခုအဖြစ် ရှိနေတာပေါ့ဗျာ။




MMO : အင်း ကိုသန့်ဇင်ရေ  အတော်လေး စုံစုံလင်လင်သိလိုက်ရလို့ ကျေးဇူးပဲဗျာ။ နောက်လည်း ကျနော်တို့တွေ တခြားအဆောက်အအုံတွေ အကြောင်းဆွေးနွေးကြသေးတာပေါ့။ ကဲ တာ့တာဗျာ ကျနော်အိမ်ပြန်လိုက်အုန်းမယ်။



လေးစားစွာဖြင့်

MTZO&MMO











No comments:

Post a Comment