Monday, July 21, 2014

ငွေ့ရည်ဖွဲ့ခဲ့မိသော အိပ်မက်များ



“လုပ်ထားတာတွေက တလွဲတွေချည်းပဲကွာ... တနေကုန် မင်း ဘာတွေလုပ်နေတာလဲ...”
ဆရာရဲ့ဒေါသဖြင့် ဆူပူလိုက်သောအသံက ကျနော့နားထဲ ခက်ထန်စူးရှစွာ တိုးဝင်လာသည်။  ရှက်ရွံ့မှုနှင့် ကြောက်ရွံ့မှုတို့ ရောစပ်ပြီး ထူပူနေမိသည်။  ဆရာခိုင်းထားသောပုံကို တွက်ချက်ဆွဲသားထားသည်မှာ လိုသလို မဖြစ်သဖြင့်  စိတ်ထဲမှာ ဝမ်းနည်းသွားမိသည်။ တနေကုန် ကွန်ပျူတာရှေ့ထိုင်ကာ  တကုတ်ကုတ် စဉ်းစား တွက်ချက် ပြီးဆွဲထား ခဲ့ခြင်းတို့အားလုံး ညနေဆရာပြန်လာချိန် ပြသောအခါ  သဲထဲရေသွန် ဖြစ်ကုန်သည်။
 
“ဒီပုံမှာလည်း Dimension တွေ  အကုန်တပ်လေကွာ... ဘာလဲ လက်သမားက မှန်းလုပ်ရမှာလား...”
 
ကြောက်ရွံ့သည့်အရှိန်နှင့် ယောင်ယမ်းကာ 
 
“ဟုတ်ကဲ့” ဟု ပြောလိုက်မိသည်။
 
“ဟ... လက်သမားတွေ မှန်းလုပ်ရမယ်ဆိုရင် မင်းကို ငါအဆွဲခိုင်းနေပါ့မလား။  အတိုင်းအတာမှန်သမျှ စုံအောင်တပ်ပေးရမယ် ဆိုတာလောက်တော့ ငါလိုက်  ပြောမနေချင်ဘူးကွ...”
“ဟုတ်ကဲ့ဆရာ”
“ဒါက ဒီလိုလုပ်ရတယ်ကွ...၊  ဒါတွေကို အဲလိုထားရင် အဆင်မပြေဘူး...
ဒါတွေကလည်း ...
ဒါတွေ  ...
ဒါလည်း ...
ခိုင်းရတာ စိတ်တိုင်းကျကို မဖြစ်ပါဘူးကွာ... မင်း  ဘာမှကို ကောင်းကောင်းမလုပ်နိုင်ပါဘူး... ဒါလေးတွေလောက်ကို မသိဘူး ...  အခါခါပြောလဲ အမှားတွေပါနေတာပဲ...”
 
ဆရာပြောသမျှ ငြိမ်နေရင်း ညှိုးငယ်စွာ  ရပ်နေခဲ့ရသည့် အချိန်များ
အလုပ်ဝင်ခါစ...
နေဝင်ခါနီး...
အလုပ်ဆင်းခါနီး...
ညနေခင်း...အချိန်များ...
ပြောရရင် ကျနော် အကြောက်ရွံ့ဆုံး
အမုန်းဆုံး  အချိန်များ...။

.............................. ....................................

အခန်းထဲမှာ  ပန်ကာရဲ့ လည်ပတ်သံသာ တဝီဝီမြည်နေသည်။ သင်တန်းခန်း ကျဉ်းကျဉ်းလေးထဲမှာ  သင်တန်း ဆရာက နီးဝေးမြင်းကွင်းပုံ (Perspective) ဆွဲသားနည်းအကြောင်း အသေးစိတ်ပြောပြနေသည်။ သင်တန်း ဆရာမှာ  ဖိလစ်ပိုင်လူမျိုးဆရာ။ အရပ်ပုပု၊ ခပ်၀၀၊ မျက်နှာ ပြုံးရွှင်ရွှင်နှင့်  ခင်မင်နှစ်လိုဖွယ် ကောင်းသည်။ ဆံပင်ရှည်ကို ကြက်တောင်စည်းထားပြီး  နားတစ်ဖတ်မှာလည်း နားကွင်းတပ်ထားသည်။ ထိုပုံသည် Interior Design  သင်ပေးသော ဆရာရဲ့အကြမ်းဖျင်းပင်။ Whiteboard soft pen ကို ဆရာ့လက်မှာ  ဆကိုင်ရင်း Whiteboard သင်ပုန်းမှာ ရေးခြစ်သွားသည့်ဒီဇိုင်းပုံက  ကျနော်တို့တွေ အံ့သြ ငေးမောသွားစေအောင် ဖမ်းစား နိုင်ပေသည်။
 
ပုံဆွဲနည်းသင်ပြီးတော့  ကျောင်းသားတွေဘက် မျက်နှာမူကာ 
 
“Interior Designer ဆိုတာ  အင်မတန်ပင်ပန်းတယ်။ သူ့မှာ အလုပ်စလုပ်ပြီ ဆိုတာနဲ့ စားလည်း ဒီစိတ်၊  သွားလည်း ဒီစိတ် တခါတလေ ညမအိပ်နိုင်အောင်ကို စဉ်းစားလုပ်ကိုင်ရတတ်တယ်။  သူ့မှာ မိသားစုရှိရင် မိသားစု တာဝန်တွေ လစ်ဟင်းလားတယ်။  ချစ်သူရည်းစားရှိရင် ချစ်သူရည်းစားတွေနှင့် အချိန်ပေးနိုင်မှု  နည်းလာတတ်တယ်။ ဆရာရဲ့ အချိန်တွေ အတော်များများကို အလုပ်ထဲမှာပဲ  နှစ်မြှုပ်ခဲ့မိလို့ ဆရာ့ချစ်သူနှင့် အဆင်မပြေဖြစ်ပြီး ကွဲကွာခဲ့ရဖူးတယ်။  ဆရာအိမ်ထောင်ကျချိန်မှာလည်း ဆရာ့ရဲ့အိမ်ပြန်ချိန် နောက်ကျမှုတွေကြောင့်  အိမ်ထောင်ရေးမှာ အဆင်မပြေတွေဖြစ်ခဲ့ရတယ်။ အဲဒီတော့ Designer တစ် ယောက်ရဲ့  ရူးသွပ်မှုဟာ တခါတရံမှာ ကိုယ့်ဘဝအတွက် အရေးကြီးတဲ့သူတွေကို  ဆုံးရှုံးရတတ်တယ်။
ဘယ်လိုဖြစ်ဖြစ်ပါ Designer ကောင်းတစ်ယောက်ကတော့  အဲဒီလိုဖြစ်နိုင်တာတွေကို ကောင်းကောင်း စီမံခန့်ခွဲနိုင်ပြီး  အကောင်းဆုံးစီမံလုပ်ကိုင်သွားနိုင်ပါတယ်။ ဒီဇိုင်နာတစ်ယောက်ရဲ့ ပီတိဟာ  သူ့ Design ပြီးဆုံးသွားချိန်မှာ ဒီဇိုင်းရဲ့ လှပမှု၊ သေသပ်မှု၊ ခန့်ညားမှု၊  လူတွေ တအံ့တသြ ဖြစ်နေမှု စတဲ့ အချက်တွေကို ကြည့်ပြီး တစိမ့်စိမ့်၊ တသသ  ပီတိဖြာနေခြင်းပဲ...။ အဲဒါဟာ Designer တစ်ယောက်အတွက် ဘယ်အရာနဲ့မှ  မလဲနိုင်တဲ့ အထွတ်အထိပ်သော စိတ်ရဲ့ခံစားမှုပေါ့။"
 
အေးအေးငြိမ်ငြိမ်ဖြင့်  တစ်လုံးခြင်းရှင်းလင်းစွာ ခံစားချက်အပြည့်ဖြင့် ပြောနေသော ဆရာ့ကိုကြည့်ကာ ကျနော်အံ့သြ လေးစားသွားမိသည်။ ဆရာရဲ့ ကိုယ်တွေ့ယှဉ်ပြီးပြောလိုက်သော  Designer တစ်ယောက်ရဲ့ ဘဝခံစားချက်တွေက ကျနော့ရင်ကို  လှုပ်ခက်သွားစေသည်။ ကျနော်ကိုယ်တိုင်လည်း ဘာကြောင့် Designer  ဖြစ်ချင်မှန်းမသိ။ စိတ်ထဲမှာ Designer ဆိုသော စကားလုံးက ကျနော့်ကို  အတော်ပင် ဖမ်းစားရူးသွပ် စေခဲ့သည်ကတော့ အမှန်ပင်။

.........................

“ဒီနေ့  Kitchen (မီးဖိုချောင်) နှင့်ပတ်သတ်ပြီး မင်းတို့ တစ်တွေကို  ဆရာပြောပြမယ်။ မီးဖိုချောင်ဆိုတာကို အိမ်တစ်အိမ်ရဲ့ အသဲနှလုံးလို့  ဆိုကြတယ်။ ဒါဟာ လည်း ဆိုသင့်တဲ့စကားပဲ။
ဘာကြောင့်ဆိုရင် Kitchen  ရှိမှသာ အိမ်လို့ ခေါ်ဆိုနိုင်မှာပဲ ဒါမှမဟုတ်ရင်တော့ အဆောင်တွေ  တည်းခိုခန်းတွေ ဖြစ်ကုန်မယ်။ အိမ်တစ်အိမ်အတွက် Kitchen ဆိုတာ  မဖြစ်မနေကို လိုအပ်တဲ့အရာပဲ။ ဒါကြောင့် Interior Designer တစ်ယောက်ဟာ  မီးဖိုချောင်ကို Design ပြုလုပ်တတ်ဖို့ အင်မတန်အရေးကြီးတယ်။  မီးဖိုချောင် တစ်ခုလုပ်တော့မယ်ဆို အသုံးပြုတဲ့သူတွေ Safety ဖြစ်ဖို့၊  သူ့ကို အသုံးပြုတဲ့အခါ Function ကျပြီး Comfortable ဖြစ်ဖို့၊ Aesthetic  လို့ ခေါ်ဆိုနိုင်တဲ့ အလှဗေဒ၊ အနုသုခမဟန် အမြင်မှာ ပသာဒဖြစ်စေတဲ့ ခံစားနိုင်စွမ်းလည်း ပေးဆောင်နိုင်ဖို့  စတဲ့အချက်တွေ အဓိကအခြေခံပြီး ဒီဇိုင်းလုပ်ရမယ်။ အထူးသဖြင့်  အိမ်တစ်ခုလုံးနဲ့ အဆင်ပြေပြေပေါင်းစပ်နိုင်အောင် ဖန်တီးပေးနိုင်ရမယ်။  ဒီဇိုင်းလုပ်တဲ့ အနေရာမှာ အရေးပါတဲ့ Design Harmony  ကိုလည်းထဲ့သွင်းစဉ်းစားရမယ်။  Design Harmony အတွက်တော့ Material တွေ၊   အသုံးပြုမယ့်  Accessories တွေ၊ Structural Component တွေနဲ့ နောက်ဆုံး  Finishing လုပ်ပြီးချိန်မှာ တွေ့ရမယ့် Color နဲ့ Texture တွေကို  စဉ်းစားရွေးချယ်ပြီး အကောင်းဆုံး အသင့်လျှော်ဆုံးဖြစ်မယ့် အတွဲအစပ်တွေ  ပြုလုပ်ပေးနိုင်ဖို့ပါ။
ဒါတွေအပြင် အရေးအကြီးဆုံးအချက်က အိမ်ရှင်မ  ဒါမှမဟုတ် ချက်ပြုတ် အသုံးပြုမယ့် သူတွေရဲ့စရိုက် (Culture) နဲ့ နေထိုင်မှု(Life style)  တွေကိုလည်း အဓိကထားစဉ်းစားရတော့မှာပါ။ နောက်ဆုံး  ထားရှိမယ့် နေရာ၊ သူ့ရဲ့ အကျယ်အဝန်း အနေအထား အရွယ်အစား နဲ့ Designer ရဲ့  Design Idea နဲ့ Concept တွေပေါ် မူတည်ပြီး မီးဖိုချောင်တစ်ခုရဲ့ လှပမှု၊  သပ်ရပ်မှု၊ အစီအစဉ်ကျနမှု၊ ဒီဇိုင်းခန့်ညားမှု စတာတွေကို တွေ့မြင်ရမှာပါ။

နောက်ဒီဇိုင်း  စဉ်းစားရာမှာလည်း မီးဖိုချောင်ထဲမှာ ချက်ပြုတ်လုပ်ဆောင်မယ့် Working  Triangle  ကိုလည်း အဆင်ပြေအောင် ညှိုနှိုင်းစီစဉ်ထားရပါမယ်။ Working  Triangle ဆိုတာ  မီးဖို(Cooker), လက်ဆေးကန် (Sink) နဲ့ ရေခဲသေတ္တာ ( Fridge )  အဲဒီသုံးခုကို လှည့်ပတ်သုံးစွဲနိုင်မယ့် အကွာအဝေးကိုပြောတာ။  အဲဒီအကွာအဝေးကို အများအားဖြင့် အနည်းဆုံး 12 ft (3648mm) 4 ft- 4t ft- 4ft ၊  အများဆုံး 22 ft(6688mm) 6ft-7ft-9ft လောက်ထားသင့်တယ်။ တချို့ 26 ft  လောက်အထိထားတာလည်း ရှိတယ်။
နောက် Kitchen Layout ပုံစံတွေအနေနဲ့လည်း
1.   One Wall Kitchen
2.   Corridor Kitchen
3.   L Shape Kitchen
4.    U Shape Kitchen
5.   Double L Shape Kitchen
6.   Peninsular  Kitchen
7.   G Shape Kitchen
8.   Island Kitchen ဆိုပြီး  အမျိုးမျိုး ပုံစံဒီဇိုင်းကို လိုက်ပြီးခေါ်ကြတာတွေ ရှိတယ်။ ဒါတွေဟာ  Kitchen တစ်ခုရဲ့ Design အခြေခံတွေပဲ။”

တရပ်စပ် ပြောသွားတဲ့ ဆရာ့  စကားတွေမှာ ငေးမောနေမိတယ်...။ Kitchen Design တစ်ခုအတွက် Rule and  Regulations တွေကို နားထောင်ရင်း စိတ်တွေ ဝေဝါးနေသည်။ ဆရာ့ စကားသံက  မကြားတချက် ကြားတစ်ချက်။

“Kitchen Design လုပ်ဖို့  လုပ်ငန်းလုပ်ပြီဆိုတာနှင့် ပထမဆုံး အချက်အရေးကြီးတာတွေက ကိုယ့်ရဲ့  အလုပ်အပ်နှံသူ Client အကြောင်း သေခြာသိအောင်လေ့လာစုံစမ်းမေးမြန်းရပါမယ်။  သူ့ရဲ့လိုအပ်ချက်ကို အတတ်နိုင်ဆုံး ဖြေ့ဆည်းပေးနိုင်အောင် Design  ကိုစဉ်းစားရတော့မှာပါ။
ကိုယ့် Client ရဲ့ မိသားစုဟာ  ဘယ်လိုပုံစံမျိုးလည်း မိသားစု၊ ကြီးသလား၊ မိသားစုဝင်အရေအတွက်  နည်းနည်းလေးလား။
နောက်မိသားစု ဝင်တွေမှာ ကလေးတွေပါလာသလား။  အဲဒီကလေးတွေကြီးလာရင်ရော အတူနေကြမှာလား။
Design စဉ်းစားရာမှာ Design ကို  အပိတ်မဖြစ်အောင် Lock မဖြစ်အောင် စဉ်းစားပေးရမယ်။ ဒီနေ့လုပ်လိုက်တဲ့  Design တစ်ခုဟာ နောက် ၅နှစ်လောက်မှာ  မလိုအပ်တာတွေ ပါနေတတ်တယ်။  ဥပမာပြောရရင်... အခုချိန် အိမ်ရှင်မှာ ကလေးတွေရှိတဲ့အတွက် ကလေးစားစရာတွေ  သံဗူးတွေ မျိုးစုံရှိဖို့လိုအပ်ပေမယ့်... နောက် ၁၅ နှစ်လောက် အကြာမှာ အဲဒီ  ကလေးတွေ အရွယ်ရောက်ချိန်မှာ အဲဒီနေရာတွေဟာ အဆင်မပြေဖြစ်နေတတ်တယ်...။  တခြားဘက်ကစဉ်းစားရင်ရော အခုချိန် အရွယ်ရောက်တဲ့သားသမီးတွေ ရှိနေရင်  နောက်တစ်ချိန် အဲဒီသားသမီးတွေ ကိုယ့်အိမ်ကိုယ်နေကြပြီး အဲဒီအိမ်ပိုင်ရှင်  Client ဟာ လူနည်းနည်းသာ အသုံးပြုနိုင်တော့မှာမျိုးလား။ အဲဒီတော့  အဲဒီအခြေအနေ တွေကိုပါ ထည့်သွင်း စဉ်းစားပေးရမယ်။
အဲဒါတွေသိပြီးရင်နောက် Kitchen မှာ ဘယ်နှစ်ယောက် ချက်ပြုတ်မလဲ။ Kitchen ထဲမှာပဲ Dining  Area စားဖို့နေရာ လိုအပ်သလား။ Kitchen ထဲမှာ မိသားစုဝင်တွေ ဘယ်လောက်  ကြာကြာ အချိန်ဖြုန်းကြမလဲ။ အဲဒီထဲမှာပဲ စာကြည့်မလား၊ တီဗီကြည့်မလား။  ကလေးတွေ ဂိမ်းကစားဖို့နေရာတွေပေးမလား။
နောက်ချက်ရင်ရော  ဘယ်လိုအစားအစာမျိုးတွေ ချက်ပြုတ်မှာလဲ။ ဈေးဝယ်ရင်ရော  ဘယ်လိုဝယ်မှာလဲ။ တစ်ပတ်စာ၊ တစ်လစာ ဒါမှမဟုတ်နေ့တိုင်း ဈေးဝယ်ထွက်မှာလား။
အိမ်မှာ  ဧည့်သည် အဝင်အထွက်များမယ်ဆို ပါတီပွဲတွေများ ကျင်းပမလား။ Kitchen  ထဲမှာ အသုံးပြုမယ့် energyစွမ်းအင်တွေကိုလည်း  ဘယ်လို ချွေတာသုံးစွဲလို့ရမလဲ။...စတဲ့အချက်တွေ အများကြီးစဉ်းစားရမယ်။” ဒါတွေကို အတွေ့အကြုံနှင့် လက်တွေ့လုပ်ဆောင်မှုတွေကသာ အလွယ်ကူ အချောမွေ့ဆုံးဖြစ်အောင်  လုပ်ဆောင် ပေးသွားနိုင်မှာပါ။ နောက် Kitchen စတိုင်အနေနဲ့  ဘယ်စတိုင်သုံးမှာလဲ ဆိုတာကိုလည်း ကြိုတင်လေ့လာရမှာပါ။ ကဲ အခုလောက်ဆို  Kitchen နှင့်ပတ်သတ်ပြီး အခြေခံ အချက်တွေ အတော်များများ သိလောက်ပါပြီ။
အခုဆရာ  layout plan တစ်ခုပေးလိုက်မယ် အခုပြောတဲ့ အချက်တွေကို အခြေခံပြီး Kitchen Design တစ်ခုရ အောင်ထုတ်ပေးကြပါ။”

“ဟုတ်ကဲ့ဆရာ”   
ဟု  သံပြိုင်အော်သံနှင့်အတူ လိုက်အော်ရင်း မိန်းမောနေသော ကျနော်ခါးမတ်ခါ  သတိပြန်ဝင်လာသည်။
ဆရာလာပေးသော စာရွက်ကိုယူလိုက်ရင်း အိတ်ထဲမှ  ခဲတံဗူးလေးကို ထုတ်ယူဖွင့်လိုက်သည်။ စာရွက်ထဲက  layout plan က ကျနော့ကို  ရွံတွန့်တွန့် ဖြစ်သွားစေသည်။
 
စာရွက်ကိုင်နေရင်း...
 
ဒါက  ဒီလိုလုပ်ရတယ်ကွ...၊ ဒါတွေကို အဲလိုထားရင် အဆင်မပြေဘူး...
ဒါတွေကလည်း  ...........
ဒါတွေ .......
ဒါလည်း....
ခိုင်းရတာ စိတ်တိုင်းကျကို  မဖြစ်ပါဘူးကွာ... မင်း ဘာမှကို  ကောင်းကောင်းမလုပ်နိုင်ပါဘူး... ဒါလေးတွေ လောက်ကို မသိဘူး... အခါခါပြောလဲ  အမှားတွေပါနေတာပဲ...”
 
အလုပ်ဝင်စဉ်က ဆူငေါက်ခံခဲ့ရတဲ့  ဆရာစကားသံတွေကြားယောင်လာမိသည်။ စိတ်ထဲမှာ မွန်းကြပ် ကြောက်ရွံ နေမိသလို  ခနွာကိုယ်မှာ တုန်ရီမောဟိုက်နေမိသည်။
 
“အကိုဘာဖြစ်နေတာလဲ...  နေမကောင်းဘူးလား လက်တွေလဲ တုန်နေတယ်... ချွေးတွေလည်းပြန်နေတယ်...”
နံဘေးက  အတန်းဖော်သူုငယ်ချင်းစကားကြောင့် အသိပြန်ဝင်လာသည်... ကိုယ့်ကိုယ်ကို  သတိနှင့် ပြန်ထိန်းရင်း...“ဘာမှမဖြစ်ပါဘူး ကောင်းပါတယ်...” ဟု စကားပြန်ပြောရင်း ရှေ့မှာချထားသော စာရွက်ကို ကြည့်ကာ ခဲတံဖြင့်  စတင်ခြစ်လိုက်သည်။
(((((ထောက်...)))))
ဟာကွာ... စိတ်ထဲမှာ  ပိုကြောက်သွားမိသည်။
ကျိုးသွားသော ခဲတံအစကိုကြည့်ရင်း ငိုင်နေမိသည်။
“အကို  ခဲတံကျိုးသွားတာလား... ရော့ ကျနော့မှာ ခဲချွန်စက်ပါတယ်...။”
သူငယ်ချင်းဆီက  ခဲချွန်စက်ယူလိုက်ရင်း ခဲတံပြန် ချွန်နေလိုက်သည်။ စိုးရိမ်စိတ်တွေ၊ လောနေသော စိတ်တွေကို ထိန်းရင်း ဆရာဖြစ်သူကို သတိရမိနေသော  စိတ်ကိုတင်းပြစ်လိုက်သည်။
စိတ်ထဲမှာ အံကြိတ်ရင်း  
“ဆရာ  ကျနော်ဖြစ်အောင်လုပ်မယ်... ဆရာခိုင်းတာတွေ မဖြစ်ခဲ့တဲ့ တပည့်တစ်ယောက်  အခုချိန်မှာ Designer တစ်ယောက်ဖြစ်အောင် ကြိုးစားနေပါတယ်။ ကျနော် ကြိုးစား နေပါတယ်ဆရာ...”

..............................

"Designer  တစ်ယောက်ဖြစ်ဖို့အတွက်  Design ဆိုတဲ့ သွေးတွေ ခန္ဓာကိုယ်ထဲမှာ  စီးဆင်းနေမှကွ...။ မင်းရဲ့ခန္ဓာကိုယ်တင်မကဘူး မင်းရဲ့စိတ်ဓါတ်တွေမှာလည်း  Design ဆိုတဲ့ ဝိဉာဉ်ပူးဝင်နေမှ... နောက် မင်းရဲ့တွေးလိုက်တဲ့ အတွေးတွေမှာ၊  မင်းမြင်လိုက်တဲ့ အမြင်တွေမှာ၊ မင်းထိတွေ့လိုက်တဲ့ အထိတွေ့တွေတိုင်းမှာ၊  မင်းစားသောက်လိုက်တဲ့ အစာတွေရဲ့ အရသာတွေမှာ၊ မင်းရဲ့ ရှုလိုက်လိုက်တဲ့  လေထုတွေထဲမှာ Design ဆိုတဲ့ အရာကို ထည့်သွင်းမြှုပ်နှံထားရမယ်...။  ကုန်ကုန်ပြောမယ်ကွာ မင်းအိပ်ယာဝင်တာဖြစ်ဖြစ် ၊ အိမ်သာတတ်တာဖြစ်ဖြစ် မင်းရဲ့  ဘဝတစ်ခုလုံးမှာ Design ဆိုတာကို ဘဝနှင့်ထပ်တူ နေထိုင်ပစ်လိုက်မှသာ  Designer ကောင်းတစ်ယောက်ဖြစ်လာမှာကွ...။"
 
ဆရာ့စကားသံတွေ  တရေးရေးကြားယောင် နေမိသည်။ ကျနော့ကိုယ်ကို စဉ်းစားလိုက်တိုင်း အဲဒီစံတွေ အဲဒီပေတံတွေနှင့် တိုင်းတာလိုက်တိုင်း တုန်လှုပ်သွားခဲ့ရသည်။  သွေးကြောင်သွားခဲ့ရသည်။ ခြေလက်တွေ အေးစက် သွားခဲ့ရသည်။  ချွေးစေးတွေပြန်ခဲ့ရသည်။
မည်သို့ဆိုစေကာမူ ကျနော့အနေဖြင့် Designer  တစ်ယောက်ဖြစ်ခြင်း၊ မဖြစ်ခြင်းကို အလေးမထားတော့ဘဲ Design  ဆိုတဲ့စကားလုံးလေးကို ချစ်မြတ်နိုးနေခြင်းသည်ပင် ကျေနပ်ဖွယ် ကောင်းနေတော့သည်  မဟုတ် ပါလား။

..............................

လေးစားစွာဖြင့်

MMO


Reference image : http://www.huffingtonpost.com/2013/11/16/famous-ideas-from-dreams_n_4276838.html

No comments:

Post a Comment