Sunday, November 13, 2011

အဓိကလမ်းကြောင်းနည်း စီမံချက်

အဓိကလမ်းကြောင်းနည်း စီမံချက်

 Project တခုကို မစခင်မှာ Project Schedule ကိုဆွဲရပါတယ်။ Client က သတ်မှတ်ပေးထားတဲ့ရက်နဲ့ အမှန်တကယ် ပြီးစီးနိုင်တဲ့ရက် နှစ်ခုကြားမှာ သီအိုရီ နဲ့ အတွေ့အကြုံပေါင်းပြီး ရေးဆွဲကြရပါတယ်။ သင်တန်းမှာသင်ခဲ့ရတဲ့ အဓိကလမ်းကြောင်းနည်း စီမံချက် ( Programming by Critical Path Method) ကို ပြန်လည် မျှဝေလိုက်ပါတယ်။

ကျွန်တော်တို့သည် လုပ်ငန်းကြီး ငယ်မဆို ဆောင်ရွက်ရာ၌ မိမိတို့ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်နှင့် ဆောင်ရွက်မှုလမ်းကြောင်းကို ချမှတ်ရစမြဲပင်ဖြစ်သည်။ ကျွန်တော်တို့ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ကျွန်တော်တို့၏ နေ့စဥ ်လုပ်ငန်းဆောင်တာများသည် စာရွက်ပေါ်၌မဖော်ပြစေကာမူ စီမံချက်များလျာထားပြီး ဖြစ်ကြသည်။ အများနှင့်စုစည်းဆောင်ရွက်ရသော လုပ်ငန်းကြီးများ၌ ဆိုလျှင် မိမိတို့ သွားရမည့် လုပ်ငန်းဆောင်ရွက်မှု လမ်းကြောင်းကို စီမံချက်ပုံစံဖြစ် အတိအကျ ဖော်ထုတ်ရန်လိုလာသည်။ စီမံချက်ပုံစံများကို ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၌ နှောင်းခတ်ကလည်း သုံးခဲ့သည် ခုခတ်လည်း သုံးစဲဖြစ်ပါသည်။ တိုးတက်သောနိုင်ငံများ၌ စီမံချက်ရေးဆွဲသည့်ပုံစံကို သမရိုးကျ နည်းမှ စနှစ်ကျသောနည်းသို့ ဖွဲ့ စည်းဖော်ထုတ်လာသည်။ ထင်ရှားသော စီမံချက်ဆောင်ရွက်နည်းပုံစံသည် အဓိကလမ်းကြောင်းနည်း စီမံချက် ( Programming by Critical Path Method) ဖြစ်ပါသည်။



 အဓိကလမ်းကြောင်းနည်းစီမံချက်ကို ၁၉၆၀ ခုနှစ် နောက်ပိုင်းမှစ၍ ကမ္ဘာ့နိုင်ငံများ၌ အသုံးပြုလာကြပါသည်။ ဆောက်လုပ်ရေးလုပ်ငန်းများနှင့်ဆိုင်သော "ဆောက်လုပ်ရေးအဓိက လမ်းကြောင်းနည်း" ပဏာမအဆင့်ကို ဤ Post ဖြင့် စတင်ဖော်ပြပေးပါမည်။

မော်တော်ယာဉ်သည် လမ်းရှိမှ မောင်းနှင်၍ရသည်။ မော်တော်ယာဉ် နှင့် မော်တော်ယာဉ်လမ်းသည် သီးခြားဖြစ်သည်။ သို့သော် ထိုနှစ်ခုတို့သည် အပြန်အလှန် အထောက်အကူ ပြုကြပါသည်။ထို့အတူ အဓိကလမ်းကြောင်းနည်းစီမံချက်ကို မော်တော်ယာဉ်နှင့် နှိုင်းယှဉ်ပါက မော်တော်ယာဉ်လမ်းကို တည်ဆောက်ရပေဦးမည်။ မော်တော်ယာဉ်လမ်းနှင့် တူသော အောက်ပါအခြေခံအချက်များကို ပဏာမ ဖော်ထုတ်ရသည်။

(က) လုပ်ငန်းသဘာဝနှင့်အလုပ်ကို နားလည်ရပါမည်။ နားလည်အောင်လေ့လာပါ။
(ခ) လုပ်ငန်းဆောင်ရွက်လိုမှု ပုံစံကို ကြိုတင်သတ်မှတ်ရမည်။ ကြိုတင်သတ်မှတ်ပုံစံကို စာရွက်ပေါ်၌ ရေးချထားပါ။
(ဂ) ဆောင်ရွက်မှုလုပ်ငန်းအဆင့်ဆင့် ( Sequence of Job ) ကိုကြိုတင်သတ်မှတ်ရမည်။ စာရွက်ပေါ်၌ သတ်မှတ်ချက် ရေးချ ဖော်ပြထားပါ။
(ဃ) အလုပ်ယူနစ်နှင့် လုပ်ငန်းယူနစ် ( Unit of Work and Working Unit ) များကို ကြိုတင် သတ်မှတရမည်။ လုပ်ငန်းငယ်တခုစီ အလိုက် ကြိုတင်သတ်မှတ်ချက်များကို ရေးသားဖော်ပြထားပါ။
(င) ဖြစ်နိုင်ခြေအလားအလာရှိသော ချုပ်ထိန်းမှုများ ( Likely Constraints) ကိုကြိုတင် သတ်မှတ်ထားရမည်။ သတ်မှတ်ရရှိသည့် ချုတ်ထိန်းမှုများကို စာရွက်ပေါ်၌ ရေးသားဖော်ပြထားပါ။
(စ) သာမန်အခြေ အနေ၌ အလုပ်ယူနစ်တခုစီ၏ ကုန်ကျစားရိတ် များကိုတွက်ချက်ရမည်။ စာရွက်ပေါ်၌ ရေးသားတွက်ချက်ထားပါ။
(ဆ) အချိန် (သို့မဟုတ်) ငွေကြေးအကုန်အကျတို့အနက် မည်သည့်အချက်သည် အဓိကဖြစ်ကြောင်း ကိုကြိုတင်သတ်မှတ်ထားရမည်။ စာရွက်ပေါ်၌ ရေးသားဖော်ပြထားပါ။

 သမရိုးကျနည်းစီမံချက် သည် လုပ်ငန်းအတွေ့အကြုံနှင့် လုပ်ငန်းအခြေအနေကို လေ့လာ၍ သတ်မှတ်ဆောင်ရွက်ခြင်းဖြစ်သည်။ နည်းစနစ်အနေနှင့်ဖော်ပြပါဆိုလျှင် စီမံချက်ရေးဆွဲသူ၏ အဆုံးအဖြတ်ပင်ဖြစ်သည်ဟု ယေဘူယျ အားဖြင့်ဆိုနိုင်ပါသည်။ လုပ်ငန်းတခုလုံး၏ အခြေအနေကို ဖော်ပြသည်။ လုပ်ငန်းစိတ်တခုခြင်း၏ အခြေအနေကို ဖော်ပြခြင်းမရှိပေ။ ထို့ကြောင့် ဆောက်လုပ်ရေးကာလ (Duration) ကိ ုလျှော့ချလိုလျှင်လည်းကောင်း ဆောက်လုပ်ရေးစရိတ်စက (Cost) ကိ ုလျှော့ချလိုလျှင်လည်းကောင်း ဆောင်ရွက်ရမည့် အဓိကအကြောင်းအရာ (Critical Condition) များကိုဖော်ပြခြင်း မရှိ။ မျက်စေ့ဖြင့်ကြည့်၍ ပေါ်လွင်နိုင်သည့် အခြေအနေကို ပြသနိုင်ခြင်း မရှိကြောင်း တွေ့ရပါမည်။
အဓိကလမ်းကြောင်းနည်းစီမံချက် ပုံစံ၌ အဓိကအကြောင်းအရာ အဓိကအလုပ် ဆောင်ရွက်ရမည့် အဓိကလုပ်ငန်းလမ်းကြောင်း စသည်တို့ကို သာမန်မျက်စေ့ဖြင့် မြင်နိုင်သည့် အထိ ဖော်ပြသည်။
လုပ်ငန်းဆောင်ရွက်စဉ်ကာလအတွင်း
(က) မူလလျာထားချက် ဆောင်ရွက်ပြီးချက်နှင့် တိုးတက်မှု အခြေအနေ
(ခ) အချိန်ခွဲဝေသုံးဆွဲနိုင်မှု အခြေအနေ
(ဂ) လုပ်အားခွဲဝေသုံးဆွဲနိုင်မှု အခြေအနေ
(င) စက် ယန္တရား အထောက်အကူ ခွဲဝေသုံးစွဲနိုင်မှု အခြေအနေ
စသည်တို့ကို အသေးစိတ် ဖော်ပြသည်။
အဓိကလမ်းကြောင်းနည်းစီမံချက်ကို လုပ်ငန်းခွင်များ၌ အသုံးပြုလိုလျှင် အလေ့အကျင့် အနည်းငယ်လိုသည်။ နောင်တွင် မိမိ၏ ဆန္ဒအတိုင်း စီမံချက်ပုံစံကို အမျိုးမျိုး ရေးဆွဲနိုင်ပါသည်။
နောင်တွင် ဆက်လက်ဖော်ပြမည့် ဤ Post ပါ အချက်အလက်များသည် ပဏာမ အဆင့်၌သာ ရှိပါမည်။ အဓိက အချက်အလက်များကို ဖော်ပြပေးပါမည်။ လက်တွေ့အသုံးချမှု အပိုင်းများအတွက် ဆက်လက်လေ့လာရန် လိုသေးကြောင်း ဖော်ပြ အပ်ပါသည်။

နောက်ခံသမိုင်း
၁၉၅၆ -၅၈ ခုနှစ်များအတွင်း အမေရိကန်နိုင်ငံ၌ ပရိုဂျက်များ စီမံရေးနှင့် ကွပ်ကဲရေးအတွက် စီမံချက်ပုံစံတချို့ကို စခဲ့ပါသည်။ အမေရိကန်ရေတပ်သည် ပိုလာရစ်ဒုံးပျံ ဆောက်လုပ်ရန် အစီအစဉ် ချမှတ်သည်။ သုတေသနပြုလုပ်ခြင်း ထုတ်လုပ်ခြင်းနှင့် ယခင်က မရှိဘူးသေးသော စက်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်ခြင်း လုပ်ငန်းများ ပါဝင်သည်။ ကံထရိုက်တာအား အစောဆုံး နောက်အကျဆုံးနှင့် ဖြစ်နိုင်ရန် အလားအလာအရှိဆုံး (Optimistic Pessimistic, and Likely Dates) ပြီးစီးမည့် နေ့များကို သတ်မှတ်စေသည်။ ကံထရိုက်တာ၏ တင်ပြချက်ကို သင်္ချာနည်းဖြင့် တွက်ချက်ဆန်းစစ်သည်။ ဤသို့ ဆောင်ရွက်နည်းကို (Program Evaluation and Review Technique -PERT) ဟုခေါ်သည်။ ဤနည်း၌ စရိတ်စကတန်ဖိုးကို အပြောင်းအလဲမရှိ ပုံသေထားသည်။ နောင်တွင် တန်ဖိုးကို ထည့်သွင်း စဉ်းစားသည့်နည်းကို တီထွင်ပြန်သည်။ ဤဒုတိယ စနစ်ကို (PERTCO PERT with cost) ဟုခေါ်သည်။ လိုအပ်ချက်ကိုသာသိ၍ မသေချာသော ဆောင်ရွက်မှုများ ပါဝင် သည့် လုပ်ငန်းများအတွက် (PERT) နည်းသည် အကောင်းဆုံး ဖြစ်သည်။

အခြားဖြစ်ရပ်တခုမှာ (E.I Du Pont de Nemours Company) သည် အမေရိကန်ပြည်၌ ဓာတုဗေဒ စက်ရုံအများတည်ဆောက်ရန် လုပ်ငန်းရှိသည်။လုပ်ငန်းအားလုံး၌ အချိန်နှင့် စရိတ် (Time and Cost) များကို ကြိုတင် ခန့်မှန်းရန်လိုသည်။ ပရိုဂျက်စီမံရေးနှင့် အချိန်ဇယားကိုက်စနစ် (Project Planning and Schedule - PPS) ကိုတီထွင်သည်။ အချိန်နှင့်စရိတ်စကကို ထည့်သွင်းရာထားသည်။ PERTနည်းထက် ပိုမို ပြည့်စုံလာသည်။ ဤ PPSနည်းကိုပင် တိုးတက် ပြုပြင်လာခြင်းဖြင့် နောက်ဆုံး၌ အဓိကလမ်းကြောင်းနည်းစီမံချက် (Critical Path Method - CPM) ပေါ်ထွက်လာသည်။ ဆောက်လုပ်ရေး လုပ်ငန်းနယ်ပယ်၌ အသုံးချလာသည်။ လုပ်ငန်းခွင်၌ တွေ့ကြုံရတတ်သည့် အခြေအနေနှင့် အခက်အခဲကို ပေါင်းစပ် ထည့်သွင်း ဆောင်ရွက်ပြန်သည်။

(PERT) သို့မဟုတ် အဓိကလမ်းကြောင်းနည်း နှစ်ခုအနက် မည်သည့်နည်းကိုအသုံးပြုသည်ဆိုစေခါမူ မျဉ်းကြောင်းပြပုံစံ (Diagram or Model) ကိုစနစ်တကျ ဖွဲ့စည်းပေါင်းစပ် ရေးဆွဲရသည်။ လုပ်ဆောင်ရမည့် လုပ်ငန်းအဆင့်ဆင့်ကို ဖော်ပြရသည်။ ပုံတွင် လေ့လာကြည့်ရှုပါ။

  မည်သည့် ဆောက်လုပ်ရေးနယ်ပယ် ဖြစ်စေခါမူ

- စီမံကိန်းတခုလုံး၏ လုပ်ငန်းအသေးစိတ်ကို ခွဲခြမ်းစိတ်ဖြာ၍ စဉ်းစားရာ၌ ဆောင်ရွက်ပုံစနစ်အတိုင်း ဖြစ်ပေါ်လာအောင် အလုပ်သမားအင်အား အရွယ်အစားနှင့် အလုပ်ချိန် စသည်တို့ကို ကြိုက်သလို ပူးပေါင်းဆောင်ရွက်နိုင်သည်။
- ပူးပေါင်းမှု (Combination)တခုသည် စရိတ်စက အချိန် (သို့) နှစ်မျိုးစလုံးကို အဓိကအားဖြင့် အဆုံးအဖြတ်ပေးသည်။

Project တခုကို ကြည့်လျှင် သာမန်အားဖြင့် တိုက်ရိုက်ကုန်ကျစရိတ် တခုတည်းကိုသာ အလေးပေးစဉ်းစားတတ်သည်။ ပရိုဂျက်တန်ဖိုး၌ တိုက်ရိုက် နှင့် သွယ်ဝှိက် ကုန်ကျစရိတ်များ ပါဝင်အောင် ပါဝင်ကြောင်းကို သတိမူရမည်။ ၎င်းတို့သည် အလုပ်ချိန်နင့် တိုက်ရိုက် ဆက်သွယ်လျှက် ရှိသည်။ ဆောက်လုပ်ရေးအင်ဂျင်နီယာသည် အလုပ်သမားနှင့် စက်ယန္တရားများကို အခြားလုပ်ငန်းခွင်သို့ အမြန်ဆုံးပို့ခြင်းဖြင့် တိုက်ရိုက်ကုန်ကျစရိတ်ကို လျှော့ချကောင်းလျှော့ချပေမည်။ နေရာတိုင်း၌ မှန်ချင်မှလည်း မှန်ပေမည်။

- အချိန်သည် ပြဿနာမဟုတ်ခဲ့ပါမူ တိုက်ရိုက်ကုန်ကျစရိတ် အနည်းဆုံးဖြင့် ဆောင်ရွက်ပေလိမ့်မည်။
- စရိတ်သည် ပြဿနာမဟုတ်ခဲ့ပါမူ အချိန်တိုအတွင်း ပြီးစီးစေရန် အလုပ်ကို အမြန်ဆုံးနည်းဖြင့် ဆောင်ရွက်ပေလိမ့်မည်။

ဤအစွန်းနှစ်ဖက်အကြား၌ အကောင်းဆုံးနည်းကို ရှာကြံရန်မှာ ထပ်တူဖြစ်သော အချင်းချင်းဆက်သွယ်မှုရှိသော လုပ်ငန်းသဘောများကို အသေးစိပ်တခုကို အမြန်ပြီးစီးစေရန် ဆောင်ရွက်ခဲ့လျှင် စရိတ်စက တက်မည်။ အချိန်သက်သာမည် ဖြစ်သည်။ သို့သော် ထိုလုပ်ငန်းစိပ်သည် ပရိုဂျက်လုပ်ငန်းစဉ်များ၌ အဓိက (Critical) ကျသောလမ်းကြောင်းပေါ်ရှိ လုပ်ငန်းတခု မဖြစ်သ၍ ပရိုဂျက်လုပ်ငန်းတခုလုံး၏ အလုပ်ချိန်ကို လျှော့နည်းစေမည် မဟုတ်ပေ။ ထို့ကြောင့် ကွင်းဆက်လုပ်ငန်းစဉ်များမှ အဓိကကျသောလုပ်ငန်းစိပ် ကိုရှာဖွေရန် အရေးကြီး သည်။ အဓိက လုပ်ငန်းကို ဆောင်ရွက်မိမှသာလျှင် လုပ်ငန်းတခုလုံး၏ အလုပ်ချိန်ကို လျှော့နည်းစေ၍ တိုက်ရိုက်နှင့် သွယ်ဝှိက် ကုန်ကျစရိတ်များ သက်သာစေမည်။

 အချိန် စရိတ် ပြဿနာသည် လွယ်ကူသော ကိစ္စတရပ် မဟုတ်ပေ။ တန်ဖိုးအားလုံးသည် အချိန်ကိုလိုက်၍ ပြောင်းလဲသည်။
- လုပ်ငန်းဆောင်ရွက်မှုတခုအတွက် အချိန်အလုံအလောက်ရလျှင် တိုက်ရိုက်ကုန်ကျစရိတ် ကျဆင်းသည်။
- လုပ်ငန်းဆောင်ရွက်မှုတခုအတွက် အချိန်ပိုမိုကုန်သည်နှင့်အမျှ သွယ်ဝှိက်စရိတ်နှင့် ဝန်ဆောင်စရိတ်များ ပိုမိုကုန်ကျမည်။
- အချိန်နှင့် စုပေါင်းကုန်ကျစရိတ် နှစ်ခုအကြား မျှတသည့် အခြေအနေကိုရှာနိုင်ပါမှ အကောင်းဆုံးအဖြေကို ရရှိနိုင်ပါမည်။

ပရိုဂျက်စီမံချက် (Project Program) များ ရေးဆွဲရာ၌ အစဉ်အလာအားဖြင့် မိမိ၏အတွေ့အကြုံအရ ဆင်ခြင်သုံးသပ်လျှက် အဖြေရှာဆောင်ရွက်တတ်သည်။စမ်းသပ်၍ တွက်ချက်ရယူကြသည်။တနည်းအားဖြင့် ဆောက်လုပ်ရေးစီမံချက်တခုလုံးသည် ခန့်မှန်းချက်သာဖြစ်သည်။ ခေတ်သစ်ဆောက်လုပ်ရေးလုပ်ငန်းများ၌ အချိန် နှင့် စရိတ် ကို ပူးတွဲ လေ့လာသည့်စနစ် CMP (သို့) PERT ကိုအသုံးပြုလာကြသည်။ လိုအပ်သည့်လုပ်ငန်း၌ အချိန် နှင့် စရိတ် ကို ပူးတွဲလေ့လာသည့် စနစ်၊ CMP (သို့မဟုတ်) PERT ကိုအသုံးပြုလာကြသည်။ လိုအပ်သည့် လုပ်ငန်းဆောင်ရွက်မှု အဆင့်တိုင်းအတွက် အချက်အလက်များဖေါ်ပြသည့် ကွန်ယက်ပုံစံ ( Net-Work Diagram or Model) ဖြင့် စီမံချက်ကို မြင်မြင်ထင်ထင် ဖေါ်ပြသည်။ ပရိုဂျက်ဆောင်ရွက်မှု နည်းစဉ်ကို မြင်နိုင်ရန်မျဉ်းကြောင်းများ ဖြင့် အဆင့်ဆင့် ဆက်သွယ်ဖေါ်ပြသည်။

 စီပီအမ် ( CPM ) နည်း၏ အခြေခံအချက်များ
ဆောက်လုပ်ရေးလုပ်ငန်း စီမံရေးရာကိစ္စ၌ စီပီအမ်နည်းကို၊ အသုံးပြုဆောင်ရွက်မည်ဆိုပါက အောက်ပါအဓိက အချက်များကို၊ အဆင့်ဆင့် ဆောင်ရွက်ရမည်။
(က) ပရိုဂျက်၌ ပါဝင်အစိပ်အပိုင်းတစ်ခုစီ၏ ဆောင်ရွက်မှုအတွက်၊ အချိန်နှင့် စရိတ် ကို အတိအကျ တွက်ချက်ရမည်။
(ခ) ပါဝင်လုပ်ငန်းတစ်ခုစီ၏ “အချိန်နှင့်စရိတ်“ သိရှိရန်အတွက်၊ ခန့်မှန်းခြေစာရင်းများပြုစုသည့်သမရိုးကျ အစဉ်အလာအတိုင်း၊ လုပ်ငန်းစိပ် ( Itemised Bill of Quatity ) များ၏ ပစ္စည်းနှင့် လုပ်အားကို တွက်ချက်ရမည်။ လုပ်ငန်းစိပ်တစ်ခုစီ၏ တိုက်ရိုက် ကုန်ကျစရိတ်ကို တွက်ချက်ရမည်။
(ဂ) လိုအပ်ပါက လုပ်ငန်းစိတ်တစ်ခုစီကို လုပ်ငန်းအခြေအနေနှင့် ကိုက်ညီသင့်လျော်သလို ဆောင်ရွက်မှု အဆင့်ဆင့် ဆောင်ရွက်မှုနည်းစဉ်များ ထပ်ဆင့်ခွဲခြမ်းစိပ်ဖြာရမည်။
(ဃ) အထက်ပါခွဲခြမ်းစိပ်ဖြာသည့်အဆင့်ကို မည်မျှအထိ ဆောင်ရွက်သင့်သည် ဆိုသည့်အချက်မှာ ဆောင်ရွက်မှုလုပ်ငန်း မည့်သည့် အဆင့်အထိ စရိတ်စကကို သိလိုကြောင်း ဆုံးဖြတ်ချက်ပင်ဖြစ်သည်။
(င) တိုက်ရိုက်ကုန်ကျစရိတ်ကို တွက်ယူပြီးသောအခါ၊ လုပ်ငန်းစိပ်တစ်ခုစီအတွက် သာမန်အားဖြင့် လိုအပ်သော လုပ်အားချိန်၊စက်ယန္တရားလုပ်အားချိန်တို့ကို သမရိုးကျနည်းစနစ်များအတိုင်း ဆက်လက်တွက်ချက်ရမည်။
(စ) ဆောင်ရွက်မှုလုပ်ငန်း ( Operation ) တစ်ခုစီအတွက်၊ အချိန်စရိတ်များကို တွက်ချက်ရရှိပြီးသောအခါ၊ သာမန်ထက်ထူးခြားသော အခြေအနေများအတွက် ရာထားတွက်ချက်ရန်သည်၊ ခတ်ခဲတော့မည်မဟုတ်ပေ။ ပြောင်းလဲအခြေအနေများကို ရာထားတွက်ချက်၍၊ ရနိုင်ပေပြီ။

 အခြေအနေပြောင်းလဲရာထားနိုင်ချက်များ
- အလုပ်သမားတဆိုင်းအားအချိန်ပိုဆောင်ရွက်စေလျှင်...
- အလုပ်သမား အဆိုင်းခွဲ၍ ဆောင်ရွက်စေလျှင်...
- အလုပ်သမား အရေအတွက် ပြောင်းလဲဆောင်ရွက်စေလျှင်...
- စက်၊ ယနရား၊ ကရိယာ ပြောင်းလဲဆောင်ရွက်စေလျှင်...
- လုပ်နည်းလုပ်ဟန် ပြောင်းလဲဆောင်ရွက်စေလျှင်...
- ပရိုဂျက်အတွက် အခြေအမြစ် ပြောင်းလဲဆောင်ရွက်စေလျှင်...

ဖြစ်နိုင်ခြေ အလားအလာများလေလေ..ဤသို့ပြန်လည်တွက်ချက်ရသည့်အလုပ်သည် ငြီးငွေ့ဘွယ်ရာဖြစ်လေဖြစ်မည်။သို့သော် အတွေ့အကြုံရလာလျှင်၊ လွယ်ကူလာပေမည်။ နောက်ဆုံးတွင် စုပေါင်း ကုန်ကျစရိတ် အသက်သာဆုံးနည်းကို တွေ့ရမည်။
ဤသို့ နည်းလမ်းရှာဖွေနည်းကို “ ကွန်ယက်စိပ်ဖြာလေ့လာနည်း - Network Analysis “ ဟုခေါ်သည်။ ဆောက်လုပ်ရေးအင်ဂျင်နီယာတိုင်း၊ စီမံကိန်း မန်နေဂျာတိုင်း သိအပ်သည်။ အသုံးပြုအပ်သည်။ ကွန်ယက်စိပ်ဖြာနည်းကို ကိုယ်တိုင်ဆောင်ရွက်ပါက၊ ဆောင်ရွက်မှုလုပ်ငန်း အဆင့်ဆင့်ကို အသေးစိပ် စဉ်းစားနိုင်သည်။ သုံးသပ်ဆုံးဖြတ်နိုင်သည်။

 ပရိုဂျက်၏ အလုပ်ခွဲခြမ်း စိပ်ဖြာခြင်း
လုပ်ငန်းတစ်ခုကို ဆောင်ရွက်မည်ဆိုလျှင် ဆောင်ရွက်မှုနှင့် ဆောင်ရွက်မှုနည်းစဉ်ကို အသေးစိပ် ခွဲခြမ်းစိပ်ဖြာရပေမည်။ စိပ်ဖြာမှုအဆင့်ဆင့်ကို အောက်ပါတို့ဖြင့် ထိန်းကွပ်ထားသည်။
- အလုပ်၏ လုပ်ငန်းသဘော နှင့် သဘာဝ
- အလုပ်သမား အမျိုးအစား နှင့် အရည်အချင်း
- လုပ်ငန်းအတွင်း အလုပ်တည်နေရာ
- လုပ်ငန်းစိပ်တစ်ခုအတွက် ပစ္စည်း နှင့် စရိတ်
- လုပ်ငန်းဆောင်ရွက်မှု ရှေ့နောက်တန်းစီ အခြေအနေ

လုပ်ရပ် ( Activity ) သီးခြားဆောင်ရွက်မှုတစ်ခု ကိုခေါ်သည်။
ဖြစ်ရပ် ( Event ) သီးခြားလုပ်ရပ်ပြီးဆုံးတိုင်း ဖြစ်ရပ်တစ်ခု ကိုရသည်။
ထို့ကြောင့် လုပ်ရပ်တိုင်း၌ အချိန်ပါဝင်သည်။ ဖြစ်ရပ်၌ အချိန်ပါဝင်ခြင်း မရှိ။ ဖြစ်ရပ်များသည် လုပ်ရပ်များဖြင့် ပိုင်းခြား ဆက်သွယ်ထားသည်။
လုပ်ရပ် ( Activities ) များကို အသေးစိတ်စာရင်း ပြုစုပြီးသောအခါ အချင်းချင်းဆက်သွယ်မှုကို ဆက်လက်လေ့လာရပါမည်။
လုပ်ရပ်တစ်ခုတိုင်းသို့ အောက်ပါမေးခွန်းများ မေးရပါမည်။

(က) ဤလုပ်ရပ်မတိုင်မီ မည်သည့်လုပ်ရပ်ကို လုပ်ရမည်နည်း။
(ခ) ဤလုပ်ရပ်ပြီးလျှင် မည်သည့်လုပ်ရပ်ကို ဆက်လုပ်ရမည်နည်း။
(ဂ) ဤလုပ်ရပ်နှင့်အတူ မည်သည့်လုပ်ရပ်များကို တပြိုင်တည်း ဆောင်ရွက်ရမည်နည်း။

ဤသို့ စစ်ဆေးစူးစမ်းရင်းဖြင့် လုပ်ရပ်များကို ဆောင်ရွက်မည့် အစီအစဉ်အတိုင်း ရှေ့နောက် တန်းစီပြီး ဖြစ်လာပေမည်။
သို့ ဖြင့် .......
- လုပ်ရပ်တိုင်း၏ အစဖြစ်ရပ်ကို တွေ့ရမည်။
- ဖြစ်ရပ်သည် ဆောင်ရွက်မှုအဆင့်တစ်ခု၏ အစ (သို့) အဆုံးဖြစ်ကြောင်း တွေ့ရမည်။
- လုပ်ရပ်တစ်ခု၏ အဆုံးသည် နောက်လုပ်ရပ်တစ်ခု၏ အစဖြစ်ကြောင်း ညွှန်ပြပေမည်။
- လုပ်ရပ်များ ထပ်နေမှုရှိလျှင် ညွှန်ပြပေမည်။

 လုပ်ရပ်အများကို တကြိမ်တည်း တပြိုင်တည်း ဆောင်ရွက်နိုင်စေကာမူ အဆင့်ဆင့်ရှေ့နောက်တန်းစီ ဆောင် ရွက်နိုင်ရန် ၊ အချို့လုပ်ငန်းများကို ချုပ်ထိန်း ( constraint ) ထားရသည်။ ပုံစံအားဖြင့်- ကွန်ကရစ်ပုံစံခွက် မပြုလုပ်ရသေးမှီ ၊ ကွန်ကရစ်ကို မလောင်းနိုင်။ အမိုး - ဒိုင်း မတင်ရသေးမှီ အမိုးပြား အမိုးနိုင်သကဲ့သို့ဖြစ်သည်။ ဤချုပ်ထိန်းမှုမျိုးကို ၊ ရုပ်ပိုင်းဆိုင်ရာ ချုပ်ထိန်းမှု့ ( Physical Constraints ) ဟု ခေါ်သည်။
    တပြိုင်တည်း ဆောင်ရွက်နိုင်သော လုပ်ရပ်အချို့ကို ရှေ့နောက်ခွဲခြား ဆောင်ရွက်စေရသည်လည်းရှိသည်။ ပုံစံအားဖြင့် အပေါ်ပိုင်း၌ အမိုး- ဒိုင်း စသည့် သစ်သားလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ၊ အောက်တည့်တည့်ရှိကြမ်းခင်း ( ကွန်ကရစ် သို့မဟုတ် သစ်သား ) လုပ်ငန်းးကို ဆောင်ရွက်နိုင်မည် မဟုတ်ပေ။ အန ္တရာယ်ကင်းရှင်းရေးအတွက် ရှေ့နောက်ခွဲလိုက်ရသည့် ၊ လုပ်ရပ်များရှိသည်။ ဤသို့ချုပ်ထိန်းမှုမျိုးအစားကို အန္တရာယ်ကင်းချုပ်ထိန်းမှု ( Safety Constraints ) ဟုခေါ်သည်။
    လုပ်ငန်းဆောင်ရွက်မှု့အတွက် လိုအပ်သော လူ၊ ပစ္စည်း၊ စက်ယန္တရားများ အချိန်မှီမရရှိနိုင်သည့် အခြေနေမျိုး တွေ့ရတတ်သည်။ ထိုအခါ လုပ်ရပ်တစ်ခုကို ချုပ်ထိန်းထားရသည်။ သို့မဟုတ်ပါက ပြိုင်တူလုပ်နိုင်သောအခြားလုပ်ငန်းများကို ဆက်တိုက်ဆောင်ရွက်နိုင်မည်။ ဆောင်ရွက်မှုအတွက်လိုအပ်သော အခြေအမြစ် ( Resources ) များ နှောင့်နှေးမှုကြောင့် လုပ်ရပ်တစ်ခုကို ၊ ချုပ်ထိန်းထားရလျှင် အခြေအမြစ်ချုပ်ထိန်းမှု့ ( Resources Constraints ) ဟု ခေါ်သည်။
    အချို့လုပ်ငန်းများ ၌ ကျွမ်းကျင်သူအလုပ်သမား ရရှိမှု့ခက်ခဲတတ်သည်။ လုံးဝမရခြင်းအနည်းငယ်သာရရှိခြင်းမျိုးရှိတတ်သည်။ ဤအခြေနေမျိုး၌ တပြိုင်နက်လုပ်နိုင်သော လုပ်ရပ်များကို ဆိုင်းငံ့ထားရသည်လည်းရှိသည်။ ကျွမ်းကျင်သူအလုပ်သမား အခက်အခဲကြောင့် ပေါ်ပေါက်လာတတ်သော လုပ်ရပ်ချုပ်ထိန်းမှု့များကို အလုပ်သမားချုပ်ထိန်းမှု့ ( Crew Constraints ) ဟုခေါ်သည်။
    လုပ်ငန်းအချို့တွင် အခြေနေအရ မန်နေဂျာများ၏ ဆုံးဖြတ်ချက်ဖြင့်ချုပ်ထိန်းမှု့မျိုးရှိသည်။ သီခြားရှိ ၍ တပြိုင်တည်း ဆောင်ရွက်နိုင်သောလုပ်ငန်းများကို ရှေ့နောက်တန်းစီဆောင်ရွက်နိုင်စေသည်။ တခါတရံသီးခြားလွတ်လွတ်လပ်လပ်ဆောင်ရွက်နိုင်သည့်လုပ်ရပ်များကိုပင် အဆင့်ဆင့်ဆောင်ရွက်စေသည် ၊ စသည့် ဆောင်ရွက်ရမှု့မျိုးရှိသည်။ ယင်းချုပ်ထိန်းမှုအမျိုးအစားကို စီမံခန့်ခွဲရေးဆိုင်ရာ ချုပ်ထိန်းမှု့ (Management Constraints ) ဟု ခေါ်သည်။

ကွန်ယက်ပုံစံ လုပ်ငန်းစီမံချက်ကို လေ့လာသုံးသပ်ခြင်း ၊ ပြုပြင်ခြင်း ၊ ဆုံးဖြတ်ခြင်းပြုလုပ်ရာ ၌ အောက်ပါတို့ကို မလွှဲမသွေထည့်သွင်းစဉ်းစားရမည်။

ရုပ်ပိုင်းဆိုင်ရာချုပ်ထိန်းမှုများ   …   Physical
အန္တရာယ်ကင်းချုပ်ထိန်းမှုများ   …   Safety
အခြေအမြစ်ချုပ်ထိန်းမှုများ   …   Resources
အလုပ်သမားချုပ်ထိန်းမှုများ   …   Crewments
စက်ယန္တရား ချုပ်ထိန်းမှုများ   …   Equipments
ဘဏ္ဍာရေး ချုပ်ထိန်းမှုများ   …   Finance
စီမံခန့်ခွဲရေးဆိုင်ရာ ချုပ်ထိန်းမှုများ   …   Management
ကွန်ယက်ပုံစံနှင့် စံပြပုံစံ (Net-Work Diagram of Model)

နောက်ဆုံးရည်မှန်းချက် တစ်ခုအတွက် လိုအပ်သည့် လုပ်ရပ်ဖြစ်ရပ်များ၏ ဆက်သွယ်မှုနှင့် ရှေ့နောက်အစဉ်အတိအကျကို ဖော်လျက် လုပ်ငန်းစီမံချက်၊ စီမံရေးကို ထင်ထင်ရှားရှား ပေါ်လွင်စေသည့် မျဉ်းကြောင်းပြပုံစံကို ကွန်ယက်ပုံစံသို့မဟုတ် စံပြပုံစံဟုခေါ်သည်။

လုပ်ရပ်ကို အခြေခံသော ကွန်ယက်ပုံစံ ၌ မျှားတစ်ကြောင်းစီသည် လုပ်ရပ်တစ်ခုစီကို ညွှန်ပြသည်။ မျှားတစ်ခုနှင့်တစ်ခုဆက်သွယ်မှုသည် လုပ်ရပ်တစ်ခုနှင့်တစ်ခုဆက်သွယ်မှုကို ညွှန်ပြသည်။
မျှားနှစ်ခုအကြား စက်ဝိုင်း (Node) တစ်ခုစီသည် ဖြစ်ရပ်ကို ညွှန်ပြသည်။
မျှားတစ်ခု၏ အတိုအရှည်သည် အဓိ ပ္ပါယ်သက်ဝင်မှုမရှိပေ။

မျှားဦးတည်ရာဖြစ်ရပ်သို့မဟုတ် လိုအပ်သည့်အချိန်ကို ဖော်ပြရန်ဖြစ်သည်။
ဖြစ်ရပ်တစ်ခုစီအတွက် သီးခြား - မျှား- တစ်ခုဖြင့် ဖော်ပြသည်။
စက်ဝိုင်း (Node) တခုအတွင်းသို့ ဝင်လာသော အလုပ်အားလုံး (လုပ်ရပ်အားလုံး) ပြီးစီးမှသာလျှင်၊ စက်ဝိုင်းမှထွက်သော လုပ်ရပ်ကို စတင်နိုင်ကြောင်းညွှန်ပြသည်။

ပုံစံအမှတ်  ၌ ဖော်ပြထားသော ကွန်ယက်ပုံစံကို လေ့လာကြည့်ကြပါစို့...

ပုံစံ (က) ၌- A- ကို - B - ၏ရှေ့ ၌လုပ်ရမည်။ B - ကို - C - ၏ရှေ့ ၌လုပ်ရမည်။
ပုံစံ (ခ) ၌- A- ကို - B - နှင့် - C - ၏ရှေ့ ၌လုပ်ရမည်။
ပုံစံ (ဂ) ၌- A- နှင့် - B - ကို - C - ၏ရှေ့ ၌လုပ်ရမည်။
ပုံစံ (ဃ) ၌- A- ကို - C - ၏ရှေ့ ၌လည်းကောင်း - B - ကို - D - ၏ရှေ့ ၌ လည်းကောင်းလုပ်ရမည်။
ပုံစံ (င) ၌ - A- ကို - C - နှင့် - D - ၏ရှေ့ ၌လည်းကောင်း - B - ကို - D - ၏ရှေ့ ၌လည်းကောင်း လုပ်ရမည်။
ဤ သို့ညွှန်ပြနိုင်ရန်အတွက် - A - နှင့် - D - အကြားတွင်သဘာဝကျသော ရှေ့နောက် ဆောင်ရွက်မှုအစဉ်ကို ဖော်ပြသည့် မျှားတု (Dummy Arrow) ကိုထည့်သည်။ မျှားတုအတွက် စရိတ်မလို အချိန်မလို။
ပုံစံ (စ) ၌- A- ကို - B - နှင့် - C - ၏ရှေ့ ၌လုပ်ရမည်။ - B- နှင့် - C - ကို - D - ၏ရှေ့ ၌လုပ်ရမည်။ဤပုံစံ ၌ ဖြစ်ရပ် (events) များကို ခြားနားပေါ်လွင်စေရန်အတွက် မျှားတု (Dummy) ကိုထည့်သည်။
ပုံစံ (ဇ) ၌ ဆောင်ရွက်မှု - -တစ်ခုတည်းကိုပင် ထိန်းချုပ်မှု (Constraints) များနှင့် လိုက်လျောညီထွေရှိစေရန် လုပ်ရပ်သုံးဆင့် ခွဲလိုက်ရသည်။ မျှားတုကို သုံးရပြန်သည်။
ပုံစံ (ဆ) ၌ - A- ကို - B - နှင့် - C - ၏ရှေ့ ၌လုပ်ရမည်။ - B- ကို - D - နှင့် - E - ၏ရှေ့ ၌လုပ်ရမည်။ - C - ကို - E- ၏ရှေ့ ၌လုပ်ရမည်။ - D - နှင့် - E - ကို - F - ၏ရှေ့ ၌လုပ်ရမည်။
ပုံစံ (ဇ) ၌ - B - ကို - C - ၏ရှေ့ ၌လုပ်ရမည်။ -B-တချို့ကို - A -အချို့ရှေ့ ၌ စတင်လုပ်ရမည်။ သို့သော် -A- မပြီးသေးမီ - D-  ကိုစတင်မလုပ်နိုင်ကြောင်း ဖော်ပြသည်။

ကွန်ရက်ပုံစံ၌ လုပ်ရပ် နှင့် ဖြစ်ရပ် များကို အမှတ်အသားဖြင့် ဖေါ်ပြပါ။ အဝိုင်းမျှားအတွင်း နံပါတ်ဖေါ်ပြရာ၌ မျှားထိပ်နံပါတ်သည် မျှားနောက်ပိုင်း နံပါတ်ထက်အစဉ်ကြီး၍ ဖေါ်ပြရသည်။ “လုပ်ငန်းအစ ဖြစ်ရပ်ကို သုည” ဖေါ်ပြ၍ နောင်ရလာသည့် ဖြစ်ရပ်နံပါတ်များကို နံပါတ်စဉ်အတိုင်း ဖေါ်ပြရသည်။
အဝိုင်း ( Node ) တစ်ခုသို့ ဝင်လာသည့်မျှားများ ၊ ထွက်သွားသည့်မျှားများအားလုံးသည် အချင်းချင်းဆက်သွယ်မှုရှိရမည်။

အဝိုင်းတစ်ခုမှထွက်သွားသော မျှားများအတွက် တူညီသော ရှေ့ပိုင်းဆောင်ရွက်ချက် (Predecessors) များရှိရမည်။
အဝိုင်းတစ်ခုသို့ဝင်လာသောမျှားများအတွက် တူညီသော နောက်ပိုင်း ဆောင်ရွက်ချက် ( Indentical Followers ) များရှိရမည်။
လုပ်ရပ်များသည် ဖြစ်ရပ် ( အဝိုင်းနံပါတ် ) တစ်ခုအတွက် စုပေါင်းဦးတည်ချက်ရှိရမည်။ ထို့ကြောင့် ဆောင်ရွက်မှုအစ ( မျှားနောက် ) နံပါတ်သည် ၊ အဆုံး ( မျှားဦး ) နံပါတ်ထက်စဉ် ငယ်ရမည်။
စီပီအမ် ( CPM ) နည်း သည် ၊ လှုပ်ရှားမှုအားလုံးအတွက် ၊ ရှေ့နောက်တန်းစီခြင်း ၊ ဆက်သွယ်မှုဖေါ်ပြခြင်းတို့သာလျှင် မဟုတ်ပေ၊ လုပ်ငန်းဆောင်ရွက်မှုလုပ်ရပ်အားလုံးအတွက် အချိန်နှင့်စရိတ်ကိုပါ အကြိုးဝင်ဖေါ်ပြသည်။
ပထမဆင့်၌ လုပ်ရပ်တစ်ခုတိုင်းအတွက် ဆောင်ရွက်မှုအစီအစဉ်၊ ဆက်သွယ်မှုလမ်းကြောင်း ရှေ့နောက်အဆင့်ဆင့် လုပ်ရမည့်အချက်များကို ဖေါ်ပြရန် ကွန်ယက်ပုံစံကို၊ အကြမ်းရေးဆွဲသည်။
ဒုတိယဆင့်၌ လုပ်ရပ်တခုတိုင်းအတွက် လိုအပ်အချိန်ကို ထည့်သွင်းရေးသားသည်။
ဤသို့ဖြင့် ကွန်ယက်ပုံစံသည်၊ ပရိုဂျက်လုပ်ငန်းတခုအတွက်လိုအပ်သော ဆက်သွယ်လုပ်ရပ်များ၊ ဖြစ်ရပ်များနှင့် လုပ်ငန်းတခုလုံးပြီးစီးသည့်အထိ ၊လိုအပ်အချိန်ကို စုပေါင်းဖော်ပြပြီးဖြစ်သည်။
ဆောင်ရွက်မှုလုပ်ရပ်တခုတိုင်းအတွက် အချိုးကျစရိတ်စကများ ပါဝင်စေသည်။ ဤစရိတ်စကသည် လုပ်ရပ်တခုပြီစီးစေရန် လိုအပ်သည့် သတ်မှတ်အချိန်ကာလအပိုင်းအခြားအတွက်သာ မှန်ကန်သည်။ အချိန်ပြောင်းလဲချက်ရှိလျှင်၊ စရိတ်စကလည်းပြောင်းသည်။ ထို့ကြောင့် အချိန်ပြောင်းလဲမှုကြောင့် ဆက်သွယ်ပေါ်ပေါက်လာမည့် စရိတ်စကပြောင်းလဲမှုကိုလည်း သိရန်လိုအပ်သည်။ ဤသို့ဖြစ်ပေါ်လာသည့် အကျိုးတရား တနည်းအားဖြင့် အသုံးချကိန်း ( Utility Data ) ကို လုပ်ရပ်တခုစီအတွက် ကွန်ယက်ပုံစံ ၌ ဖေါ်ပြနိုင်သည်။
ကွန်ယက်ပုံစံတခုအပေါ် ၌ အချိန်နှင့်စရိတ်ကိန်းဂဏန်းများ ဖေါ်ပြပြီးသောခါ၊ ကွန်ယက်စံပြပုံစံ (Net-Work Model) ဖြစ်လာသည်။

 အသုံးချကိန်းဂဏန်းနှင့် အချိန်စရိတ်မျဉ်းကွေး

အသုံးချကိန်းဂဏန်းသည် လုပ်ငန်းခန့်မှန်းခြေစာရင်းမှ ရရှိသောဆောင်ရွက်မှုလုပ်ငန်းစိတ် ( လုပ်ရပ် ) တခုစီအတွက် သတ်မှတ်ထားသည့် အချိန်စရိတ် သေးစိတ်ကိန်းဂဏန်းများပင် ဖြစ်သည်။ လုပ်
ရပ်တစ်ခုကို ဆောင်ရွက်ရာ၌ ဖြစ်နိုင်ခြေအလားအလာကောင်းဆုံးနည်းလမ်းအရ လိုအပ်မည့်အချိန်နှင့် စရိတ်များဖြစ်သည်။ ဤအချက်များကို သိမှသာလျှင် ပရိုဂျက်လုပ်ငန်းတခုလုံးအတွက် အနေတော်အချိန်နှင့်စရိတ် ( Optiumum Cost and Duration ) ကိုရှာနိုင်မည်။ စီပီအမ်နည်း၌ အသုံးချကိန်းများကို အပြန်အလှန်လေ့လာသုံးသပ်ခြင်း၊ သဘာဝကျကျဆက်စပ်စဉ်းစားခြင်းတို့ ပြုလုပ်သည်။ သို့ဖြင့် စရိတ်အနည်းဆုံးဖြေရှာနည်းနှင့် အချိန်အနည်းဆုံးအဖြေရှာနည်း (The Least – Cost Solution and the Least time Soluation ) လမ်းနှစ်သွယ်၏ အစွန်းရောက်မှုများကြောင်း သင့်လျှော်သည့် အဖြေတခုကိုရှာဖွေနိုင်မည်ဖြစ်သည်။
စရိတ်အနည်းဆုံး အဖြေရှာနည်း ( Least – Cost – Soluation ) ကို အများအားဖြင့် ” အားလုံးပုံမှန် အဖြေရှာနည်း ( All Normal Soluation ) ဟု ခေါ်သည်။ တိုက်ရိုက်ကုန်ကျစရိတ် အနည်းဆုံးဖြစ်စေရန်အတွက် လိုအပ်သောအချိန်ကို လုံလောက်စွာပေးနိုင်စွမ်းရှိရမည်။
  အချိန်းအနည်းဆုံးအဖြေရှာနည်း ( Least Time Solution ) သည်၊ ပရိုဂျက်လုပ်ငန်းတခုကို ဖြစ်နိုင်သည့်အချိန်တတိုဆုံးအတွင်း ပြီးစီးစေရန် ရာထားစီမံချက်ပင်ဖြစ်သည်။ ထိုဆောင်ရွက်မှုကာလအတွက် စရိတ်အနည်းဆုံးလည်းဖြစ်ရမည်။
အချိန်ကိုလျှော့ချနိုင်ရန်၊ လုပ်ရပ်အများအပြားကို လျှပ်တစ်ပျက် ( Crashed ) အလျင်အမြန်ဆောင်ရွက်ရသည်။ သို့သော် အချိန်းအနည်းဆုံးဖြစ်စေရန်အတွက်၊ ပရိုဂျက်၏လုပ်ရက်အားလုံးကို လျှပ်တစ်ပျက်ဆောင်ရွက်ရန်လည်း မလိုအပ်ပေ။
လုပ်ရပ်အားလုံးကို လျှပ်တစ်ပျက်ဆောင်ရွက်ရန် ရာထားခဲ့ပါလျှင်၊ “ အားလုံးလျှပ်တစ်ပျက်ဖြေရှာနည်း ( All Crash / Soluation ) ဟုခေါ်သည်။ ဤနည်းသည် အချိန်းအနည်းဆုံး စီမံချက်နည်းထက် စရိတ်ကပိုမိုသည်။ သက်သာသော ဆောင်ရွက်နည်းမျိုးကား မဟုတ်ပေ။ ထို့ကြောင့် အနေတော်ဖြေရှာရန်အတွက်၊ မည်သည့်လုပ်ရပ်အား လျှပ်တစ်ပျက်နည်းဖြင့် ဆောင်ရွက်ရမည်ကို ရွေးချယ်တတ်ရန်လိုလာသည်။
ပရိုဂျက်ခန့်မှန်းခြေစာရင်း လုပ်ရပ်အသုံချကိန်း ( Activity Utility Data ) များ ရွေးချယ်သက်မှတ်နိုင်ရန် တိုက်ရိုက်စရိတ် / အချိန်မျဉ်းကွေး ( Direct – Cost / Time Curves or Utility Data Curve ) ကိုရေးဆွဲရသည်။

 အသုံးချကိန်းဂဏန်းသည် လုပ်ငန်းခန့်မှန်းခြေစာရင်းမှ ရရှိသောဆောင်ရွက်မှုလုပ်ငန်းစိတ် ( လုပ်ရပ် ) တခုစီအတွက် သတ်မှတ်ထားသည့် အချိန်စရိတ် သေးစိတ်ကိန်းဂဏန်းများပင် ဖြစ်သည်။ လုပ်ရပ်တစ်ခုကို ဆောင်ရွက်ရာ၌ ဖြစ်နိုင်ခြေအလားအလာကောင်းဆုံးနည်းလမ်းအရ လိုအပ်မည့်အချိန်နှင့် စရိတ်များဖြစ်သည်။ ဤအချက်များကို သိမှသာလျှင် ပရိုဂျက်လုပ်ငန်းတခုလုံးအတွက် အနေတော်အချိန်နှင့်စရိတ် ( Optimum Cost and Duration ) ကိုရှာနိုင်မည်။ စီပီအမ်နည်း၌ အသုံးချကိန်းများကို အပြန်အလှန်လေ့လာသုံးသပ်ခြင်း၊ သဘာဝကျကျဆက်စပ်စဉ်းစားခြင်းတို့ ပြုလုပ်သည်။ သို့ဖြင့် စရိတ်အနည်းဆုံးဖြေရှာနည်းနှင့် အချိန်အနည်းဆုံးအဖြေရှာနည်း (The Least – Cost Solution and the Least time Solution ) လမ်းနှစ်သွယ်၏ အစွန်းရောက်မှုများကြောင်း သင့်လျှော်သည့် အဖြေတခုကိုရှာဖွေနိုင်မည်ဖြစ်သည်။
စရိတ်အနည်းဆုံး အဖြေရှာနည်း ( Least – Cost – Solution ) ကို အများအားဖြင့် ” အားလုံးပုံမှန်အဖြေရှာနည်း ( All Normal Solution ) ဟု ခေါ်သည်။ တိုက်ရိုက်ကုန်ကျစရိတ် အနည်းဆုံးဖြစ်စေရန်အတွက် လိုအပ်သောအချိန်ကို လုံလောက်စွာပေးနိုင်စွမ်းရှိရမည်။
  အချိန်းအနည်းဆုံးအဖြေရှာနည်း ( Least Time Solution ) သည်၊ ပရိုဂျက်လုပ်ငန်းတခုကို ဖြစ်နိုင်သည့်အချိန်တတိုဆုံးအတွင်း ပြီးစီးစေရန် ရာထားစီမံချက်ပင်ဖြစ်သည်။ ထိုဆောင်ရွက်မှုကာလအတွက် စရိတ်အနည်းဆုံးလည်းဖြစ်ရမည်။
အချိန်ကိုလျှော့ချနိုင်ရန်၊ လုပ်ရပ်အများအပြားကို လျှပ်တစ်ပျက် ( Crashed ) အလျင်အမြန်ဆောင်ရွက်ရသည်။ သို့သော် အချိန်းအနည်းဆုံးဖြစ်စေရန်အတွက်၊ ပရိုဂျက်၏လုပ်ရက်အားလုံးကို လျှပ်တစ်ပျက်ဆောင်ရွက်ရန်လည်း မလိုအပ်ပေ။
လုပ်ရပ်အားလုံးကို လျှပ်တစ်ပျက်ဆောင်ရွက်ရန် ရာထားခဲ့ပါလျှင်၊ “ အားလုံးလျှပ်တစ်ပျက်ဖြေရှာနည်း ( All Crash / Solution ) ဟုခေါ်သည်။ ဤနည်းသည် အချိန်းအနည်းဆုံး စီမံချက်နည်းထက် စရိတ်ကပိုမိုသည်။ သက်သာသော ဆောင်ရွက်နည်းမျိုးကား မဟုတ်ပေ။ ထို့ကြောင့် အနေတော်ဖြေရှာရန်အတွက်၊ မည်သည့်လုပ်ရပ်အား လျှပ်တစ်ပျက်နည်းဖြင့် ဆောင်ရွက်ရမည်ကို ရွေးချယ်တတ်ရန်လိုလာသည်။

 ပရိုဂျက်ခန့်မှန်းခြေစာရင်း လုပ်ရပ်အသုံချကိန်း ( Activity Utility Data ) များ ရွေးချယ်သက်မှတ်နိုင်ရန် တိုက်ရိုက်စရိတ် / အချိန်မျဉ်းကွေး ( Direct – Cost / Time Curves or Utility Data Curve ) ကိုရေးဆွဲရသည်။
လုပ်ရပ်တစ်ခုကို ဆောင်ရွက်ရန် ဖြစ်နိုင်ခြေရှိသော နည်းလမ်း အမျိုးမျိုးကို ရွေးချယ်ပါ။
ဆောင်ရွက်မှုနည်းလမ်းတစ်ခုစီအရ၊ လုပ်ရပ်ပြီးစီးသည်အထိ၊ ကုန်ကျစရိတ်စကကို တွက်ချက်ပါ။
ဆောင်ရွက်မှုနည်းလမ်းတစ်ခုစီအရ၊ လိုအပ်သောအချိန်ဇယားကို ရေးသားမှတ်သားပါ။
အချိန်စရိတ်မျဉ်းကွေးကို ရေးဆွဲပါ။

အချိန်စရိတ်မျဉ်းကွေးကို ပုံစံအတိုင်း အကြမ်းအားဖြင့်တွေ့ရမည်။ လုပ်ရပ်တစ်ခုအတွက် ဖြစ်နိုင်ခြေရှိသော လျှပ်တပျက်ဆောင်ရွက်နည်းလမ်း၊ အများအပြားရှိခဲ့ပါလျှင်၊ ပုံစံအတိုင်း အနီးကပ်ဆုံးတွေ့ရမည်။ လက်တွေ့၌ လုပ်ရပ်တစ်ခုအတွက် ဆောင်ရွက်မှုနည်းလမ်းများသည်၊ ကန့်သတ်အရေအတွက်သာ ရှိပေလိမ့်မည်။ ထို့ကြောင့် ပြောင်းလဲအမှတ်များကို ထင်ထင်ရှားရှားရေးသားရပေမည်။ ဤမျဉ်ကွေးပုံစံ၌ အရေးကြီးသည့် တွေ့ရှိချက်မှာ အားလုံးပုံမှန်အမှတ်ကို ထင်ထင်ရှားရှားတွေ့ရှိရခြင်းပင်ဖြစ်သည်။
အားလုံးပုံမှန်အမှတ်အခြေနေ၌ အချိန်းအနည်းဆုံးနှင့် စရိတ်အကျဉ်းဆုံးဖြင့် ဆောင်ရွတ်နိုင်သည့် အခြေနေကိုဖေါ်ပြသည်။
အားလုံးပုံမှန်အမှတ် (All – Normal Point ) သည် ဖြစ်နိုင်ခြေရှိ၍၊ တိုက်ရိုက်ကုန်ကျစရိတ်အနည်းဆုံးဖြင့်၊ အလုပ်တစ်ခုကိုလုပ်ရန် လိုအပ်သောအချိန်ကို အတိအကျဖေါ်ပြသည်။
အချိန်ပိုမြန်လေလေ… စရိတ်တတ်လေဖြစ်သည်။ အချိန်ပိုခိုင်းခြင်းအတိုင်း ခွဲ၍ခိုင်းခြင်း၊ စက်ကိရိယာများ ပိုမိုအသုံးပြုခြင်းနှင့်၊ အခြားကုန်ကြမှုများကြောင့် စရိတ်တတ်လာသည်။
အချိန်အနည်းဆုံးအတွက် လျှပ်တစ်ပျက်အသုံးစရိတ် ( Crash Cost for Least Time) သည်၊ လက်တွေ့ဖြစ်နိုင်သော အတိုဆုံးအချိန်အတွင်း တိုက်ရိုက်ကုန်ကျစရိတ်အနည်းဆုံးဖြင့် ဆောင်ရွက်နိုင်သည့်အမှတ်ကိုပြသည်။

 ဆက်လက်ဖော်ပြပါမည်။








ပရိဘောဂ ဒီဇိုင်း


ကျွန်တော်လေ့လာမိသလောက် ပရိဘောဂ ဒီဇိုင်း အကြောင်းကို ဒီနေရာကနေ မျှဝေပေးသွားပါမယ်။

ပရိဘောဂတွေကို ကျွန်တော်တို့လူသားတွေ ဟာ မွေးကင်းစပုခက်အတွင်းကနေ သေဆုံးချိန်မှာသုံးတဲ့ ခေါင်း ကုတင်ညောင်စောင်းတွေအထိ သုံးစွဲကြတယ်။
ပရိဘောဂတွေကို ပြုလုပ်ရာမှာတော့ သစ်သား ပလတ်စတစ် သံထည် အလူမီနီယံ စတာတွေနဲ့ ပြုလုပ်ကြတယ်။ ပရိဘောဂတွေမှာ အမြင်ပသာဒ (သို့ ) ပုံပန်းသဏ္ဍန် တို့ဟာ အလွန်အရေးကြီးပါတယ်။ ဒေသတခုရဲ့ အပူအအေး ရာသီဥတုကိုလိုက်ပြီး ပရိဘောဂတွေရဲ့ လိုအပ်ချက်တွေဟာ ပြောင်းလဲတတ်ကြပါတယ်။ သုံးစွဲမယ့်သူတွေ ဖက်ကကြည့်ရင်လဲ လူတကိုယ် အကြိုက်တမျိုးစီ ရှိကြပါတယ်။  ဥပမာ သစ်သားနဲ့ ပြုလုပ်တဲ့ ပရိဘောဂတွေမှာ သုံးစွဲသူတွေဟာ သစ်အမျိုးမျိုးအပေါ်မှာ အကြိုက်တစ်မျိုးစီ ရှိကြပါတယ်။ အရောင်တင်ရာမှာလည်း သစ်သားရဲ့ ပင်ကိုအရောင် ဆေးဆိုးခြင်း၊ ဆေးအပြောင်သုတ်ခြင်း တို့မှာ မိမိတို့ သုံးစွဲကြမယ့် သဘောသဘာဝကို သိရှိထားရပါမယ်။

 ကောင်းမွန်သော ပရိဘောဂများ၏ လက္ခဏာရပ်များ

နိုင်ငံအသီးသီးတို့မှာ သုတေသနဌာနများ ထားရှိပြီးတော့ ပရိဘောဂများမှာ ရှိရမဲ့အရည်အချင်းများကို သတ်မှတ်ထားပါတယ်။ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ International Organization for Standardization of Furniture (I.S.O) [ http://www.iso.org ] က ထိုအချက်ကို ဖြည့်ဆည်းပေးလျှက် ရှိပါတယ်။ ယေဘုယျအားဖြင့် ကောင်းမွန်သော ပရိဘောဂများတွင် ရှိရမဲ့ အရည်အချင်းတွေကို အောက်မှာဖော်ပြထားသလို သတ်မှတ်ထားပါတယ်။
၁- အရည်အသွေးမြင့်မားခြင်း (Quality)
၂- ပုံသဏ္ဍန်နှင့် ဒီဇိုင်းလှပခြင်း (Design)
၃- အသုံးဝင်မှု (Function)
၄- လက်ခံနိုင်ခြင်း (Adaptability)
၅- လှပခြင်း (Beauty)
၆- ခိုင်ခန့်ခြင်း (Durability)
၇- ထိန်းသိမ်းမှုလွယ်ကူခြင်း (Maintenance)
၈- ဘေးအန္တရာယ်ကင်းရှင်းခြင်း (Safety)
၉- ဈေးနှုန်း (Price)

တ့ိုဖြင့်သတ်မှတ်ထားကြပါတယ်။

Ref: http://www.hkbu.edu.hk/~samho/tqm/tqmex/iso.htm

 (၁)အရည်အသွေးမြင့်မားခြင်း (Quality)




 လက်ဖြင့်ပြုလုပ်သည်ဖြစ်စေ၊ စက်ဖြင့်ပြုလုပ်သည်ဖြစ်စေ အသုံးပြုသည့် ပရိဘောဂများ၏ အရည်အသွေး မြင့်မားရပါမည်။ အရည်အသွေးဟု ဆိုရာတွင် ချောမွေ့ခြင်း၊ အဆက်အပြောက်များ သေသပ်ခြင်း၊ အရောင်တင်ရာတွင်လှပခြင်း စသည့် ဘက်စုံ အရည်အသွေး မြင့်မားခြင်းဖြစ်ပါသည်။

(၂) ပုံသဏ္ဍန်နှင့် ဒီဇိုင်းလှပခြင်း (Design)



 ပရိဘောဂ သုံးစွဲသူတိုင်းသည်၊ ဒီဇိုင်းလှပမှု၊ ဆန်းကျယ်မှုကို နှစ်သက်တတ်ကြပါသည်။ တစ်ဦးနှင့် တစ်ဦး နှစ်သက်မှု မတူညီသော်လည်း အများက နှစ်သက်လက်ခံသော ဒီဇိုင်းများဖြစ်ရန်လိုပါသည်။

(၃) အသုံးဝင်မှု (Function)


 ထုတ်လုပ်သောပရိဘောဂများနှင့် သုံးစွဲသူများ၏ အသုံးဝင်မှုတို့ လိုက်လျောညီထွေဖြစ်ရန်လိုပါသည်။ နေအိမ်၊ ကျောင်း၊ ရုံးစသည်တို့တွင် အဆောက်အဦအခန်းနှင့် အသုံးတို့လိုက်လျောညီထွေ ဖြစ်သောပရိဘောဂ များလည်း ဖြစ်ရပါမည်။ ကလေး၊ လူကြီး၊ မကျန်းမာသူ စသည့် လူတန်းစားအလိုက် အသုံးဝင်သော ပရိဘောဂများ ဖြစ်ရန်လည်း လိုပါသည်။

(၄) လက်ခံနိုင်ခြင်း (Adaptability)




 ပရိဘောဂသုံးစွဲသူများမှာ ကြိုက်နှစ်သက်မှုခြားနားသည့် အလျှောက် ထုတ်လုပ်သည့် ပရိဘောဂ များကို သုံးစွဲသူများက လက်ခံနိုင်ရန် အရေးကြီးပါသည်။ အရည်အသွေး၊ ပုံပန်းသဏ္ဍာန်များ ကောင်းမွန်သော်လည်း အသုံးပြုသူတစ်ဦး ချင်းက ၎င်းတို့နှင့် စိတ်ကြိုက်ဖြစ်ကာ လက်ခံနိုင်ရန်လိုပါသည်။

(၅) လှပခြင်း (Beauty)










 လူတိုင်းလှပမှုကို မက်မောကြပါသည်။ ပရိဘောဂများလည်း လှပရန်လိုပါသည်။ ပုံပန်းသဏ္ဍာန် အရောင်အဆင်းနှင့် အပြင်အဆင်တို့ လှပမှသာလျှင် သုံးစွဲသူများက နှစ်သက်ကြမည် ဖြစ်ပါသည်။

(၆)  ခိုင်ခန့်ခြင်း (Durability)






 ပရိဘောဂပြုလုပ်ရာတွင် ခိုင်ခံ့မှုမှာ အရေးပါသော အချက်ပင် ဖြစ်ပါသည်။ သစ်သားနှင့် သစ်သား သို့မဟုတ် သစ်သားနှင့် အခြားပစ္စည်းများတစ်ခုနှင့် တစ်ခု တေ့ဆက် ကြရာ၌ စရွေးများ၏တိကျမှုနှင့် ကော်များ၏ ကောင်းမွန်မှု၊ ပြုလုပ်သူများ၏ နည်းပညာ ပြည့်ဝမှု၊ စိတ်ရှည်မှု တို့မှာ လွန်စွာ အရေးပါလှပါသည်။

(၇) ထိန်းသိမ်းမှုလွယ်ကူခြင်း (Maintenance)







သုံးစွဲသော ပရိဘောဂများ၏ နေ့စဉ်ထိန်းသိမ်းရေး တာဝန်ကို အိမ်ရှင်မများက ဆောင်ရွက်ရပါသည်။ သန့်ရှင်းမှု ပြုလုပ်ရန်လွယ်ကူသော ပရိဘောဂများကို အိမ်ရှင်မများက ပိုမိုနှစ်သက်ကြပါသည်။

(၈) ဘေးအန္တရာယ်ကင်းရှင်းခြင်း (Safety)





 အသုံးပြုသော ပရိဘောဂများသည် အသုံးပြုသူများအတွက် ဘေးအန္တရာယ်မဖြစ်စေရပါ။ ဥပမာ စားပွဲများ၏ထောင့်စွန်းများ၊ ဘောင်များ၊ ထိုင်ခုံများ၏ နေရာ အသီးသီးတွင်(၉၀ ဒီဂရီ) ထောင့်များမရှိစေရပါ။ အဆိုပါ(၉၀ ဒီဂရီ)စောင်းများကို ရွေဘော်များဖြင့် တိုက်စား၍ အချောသတ်ထားရမည်။ သို့မှသာ အသုံးပြုစဉ် မတော်တဆထိခိုက်မိပါက ဒဏ်ရာရစေမှုမှ ကင်းဝေးနိုင်မည်ဖြစ်ပါသည်။


(၉) ဈေးနှုန်း (Price)




 လူများသည် မိမိတို့ စွဲမက်နှစ်သက်သော ပရိဘောဂအား သတ်မှတ် ဈေးနှုန်းဖြင့် ဝယ်ယူမည်ဖြစ်ပါသည်။ သို့သော် အထက်ဖော်ပြပါ အရည်အချင်းများတူညီခဲ့လျှင်၊ ဈေးနှုန်းသက်သာသော ပရိဘောဂများက ပို၍လူသုံးများမည်ဖြစ်ပါသည်။



ပရိဘောဂ ပုံစံအုပ်စုများ
 



 ပရိဘောဂ စတင်ပေါ်ပေါက် သုံးစွဲလာချိန်မှ ယနေ့အထိ ပရိဘောဂပုံစံ အမျိုးပေါင်းများစွာရှိပါတယ်။ နိုင်ငံအသီးသီးမှလည်း မိမိတို့၏ဟန်ဖြင့် ပရိဘောဂပုံစံများကို ပြုလုပ်ကြပါတယ်။ အပြည်ပြည်ဆိုင်ရာ ကူးလူးဆက်ဆံမှု တိုးတက်လာသည်နှင့်အမျှ ပရိဘောဂပုံစံမှာလည်း တိုင်းပြည်တစ်ခုမှ အခြားတိုင်းပြည် တစ်ခုသို့ လျင်မြန်စွာ ကူးပြောင်းလျက်ရှိပါတယ်။ များသောအားဖြင့် နိုင်ငံတိုင်းမှာ ပရိဘောဂ ပုံစံများကို မိမိတို့ နှစ်သက်မှုအလိုက် ပုံစံအုပ်စုများ ခွဲခြားထားကြပါတယ်။ ဥပမာ အမေရိကန်ပြည်ထောင်စုမှာ ပရိဘောဂပုံစံအုပ်စုများကို အောက်ပါအတိုင်း ခွဲ၍ ထားပါတယ်တဲ့။

(၁) ရှေးဦး အမေရိကန်ပုံစံများ (Early American)
(၂) မိရိုးဖလာဒီဇိုင်းပုံစံများ (Tradition)
(၃) ခေတ်ပြိုင်ပရိဘောဂပုံစံများ (Contemporary)
(၄)ပြင်သစ်နယ်ပယ်သုံးပုံစံများ (France Provincial)
(၅) အီတလီနယ်ပယ်သုံးပုံစံများ (Italian Provincial)
(၆) စပိန် (သို့မဟုတ်) မြေထဲပင်လယ်သုံးပရိဘောဂပုံစံများ (Spanish or Mediterranean)

တို့ ဖြစ်ကြပါတယ်။

 (၁) ရှေးဦး အမေရိကန်ပုံစံများ (Early American)







 ၁၆၀၈ ခုနှစ်မှ ၁၈၃၀ ခုနှစ်များအတွင်း ပြုလုပ်တဲ့ ပရိဘောဂပုံစံများအားလုံး ပါဝင်တယ်။ ထိုခေတ်မှာ ပရိဘောဂများကို လက်သုံးကိရိယာများဖြင့်သာ ပြုလုပ်ကြတယ်။ ထိုစဉ်က အမေရိကန်ပြည်ထောင်စု၌ စတင်အခြေချနေထိုင်သူများဟာ ပြည်တွင်းထွက်သစ်များကို အသုံးပြု၍ ပရိဘောဂအမျိုးမျိုး ပြုလုပ်ခဲ့ကြတယ်။ ဝင်ဆာကုလားထိုင်မှာ အဆိုပါ ပရိဘောဂအုပ်စု အမျိုးအစားတွင ်ပါဝင်ပါတယ်။

  ၀င်ဆာကုလားထိုင်

(၂) မိရိုးဖလာဒီဇိုင်းပုံစံများ (Tradition)










  လက်သုံးကိရိယာများဖြင့် ပြုလုပ်တဲ့ ပရိဘောဂများဖြစ်တယ်။ အင်္ဂလန်နိုင်ငံမှ သောမတ် (စ) ချက်ပင်ဒေး(လ်) ဟာ ၁၈ ရာစု၌ Gentlemen and Cabinet Makers Directory စာအုပ်ကို ရေးသားခဲ့တယ်။ ထိုခေတ် ပရိဘောဂပညာရှင်များ ဖြစ်ကြတဲ့ ချက်ပင်ဒေး(လ်) ဟက်ဝဲ(လ်) ဝှိုက်နှင့် ရှယ်ရီတန် စတဲ့ ပုဂ္ဂိုလ်ကြီးများရဲ့ လက်ရာများ လွှမ်းမိုးတဲ့ ပရိဘောဂများ ဖြစ်ပါတယ်။ ပရိဘောဂ ပုံသဏ္ဍာန်များဟာ ငှက်ခြေထောက်အသုံးပြုတဲ့ ပရိဘောဂများ အပါအဝင် ပရိဘောဂမျိုးစုံဖြစ်ပါတယ်။ အဓိကအားဖြင့် မဟော်ဂနီသစ်ကို အသုံးပြုပြီး နီညိုရောင်သို့မဟုတ် အညိုရောင်ဖြင့် အရောင်တင်သုတ်လိမ်းခဲ့ပါတယ်။

 (၃) ခေတ်ပြိုင်ပရိဘောဂပုံစံများ (Contemporary)






 ဤအုပ်စုမှာ ခေတ်မီပုံစံများ၊ စကင်ဒီနေးဗီးယား မိရိုးဖလာနှင့် အရှေ့တိုင်းပုံစံတို့ ရောနှောပါဝင်ကြပါတယ်။ ပရိဘောဂများကို စက်ကိရိယာများဖြင့်  စတင်ထုတ်လုပ်တဲ့  ပရိဘောဂပုံစံများ ဖြစ်ပါတယ်။ နေအိမ်များမှာ ပရိဘောဂထားသိုရန် ရရှိသော နေရာများကို အကျိုးရှိဆုံးအသုံးပြုရန်အတွက် ထပ်ဆင့်၍လည်းကောင်း၊ စုပေါင်း၍လည်းကောင်း၊ အသုံးပြုနိုင်သော ပရိဘောဂများပါဝင်ပါတယ်။ ပြောင်လက်မှုမရှိတဲ့ အရောင်တင်ဆီ၊ ကျွန်းဆီနှင့် အခြားဆီတစ်မျိုးမျိုးဖြင့် သုတ်လိမ်းကြပါတယ်။

(၄)ပြင်သစ်နယ်ပယ်သုံးပုံစံများ (France Provincial)












  ၁၈-ရာစုနှစ်တွင် အုပ်စိုးခဲ့တဲ့  (၁၄) ဆက်နှင့် (၁၅) ဆက်မြောက် ပြင်သစ်ဘုရင်လူဝီတို့ နှစ်သက်အသုံးပြုခဲ့သော လှပတဲ့  ပရိဘောဂပုံစံအမျိုးမျိုးဖြစ်ပါတယ်။ ငှက်ခြေထောက်သဏ္ဍာန်ဖော်ထားတဲ့  ပရိဘောဂများလည်း ပါဝင်ပါတယ်။ ဝါညိုရောင်၊ အညိုနုရောင်၊ အဖြူရောင်နှင့် အနက်ရောင်ပေါ်တွင် ရွှေမှုန်ချယ်ထားတဲ့ ပရိဘောဂများဖြစ်ပါတယ်။

 (၅) အီတလီနယ်ပယ်သုံးပုံစံများ (Italian Provincial)










 ၁၈-ရာစုနှင့် ၁၉-ရာစုနှစ်များအတွင်း အီတလီနိုင်ငံ၌ လက်သုံးကိရိယာများဖြင့် ပြုလုပ်တဲ့  ပရိဘောဂများကို အခြေခံကာ ပေါက်ဖွားလာခြင်းဖြစ်တယ်။ စားပွဲ၊ ကုလားထိုင်များရဲ့ ခြေထောက်များဟာ အရင်းမှအဖျားသို့ လေးဖက်လေးတန်လုံး ရှုးသွားကြတယ်။ တန်းများရဲ့အောက်မှာရှိတဲ့  ခြေထောက်များဟာ အရစ်များပါတတ်တယ်။ ပုံဏ္ဍာန်ပိုမိုလှပစေရန် အရောင်မတူသော သစ်များမြှပ်၍ထည့်ခြင်း၊ ထွင်း၍ပုံဖော်ခြင်းတို့ပါဝင်တယ်။ အညိုရောင်ဖျော့ကို နှစ်သက်ကြတယ်။

(၆) စပိန် (သို့မဟုတ်) မြေထဲပင်လယ်သုံးပရိဘောဂပုံစံများ (Spanish or Mediterranean)













 အနောက်မြောက်အာဖရိကမှာ  အခြေစိုက်နေထိုင်ခဲ့ကြတဲ့  မိုး (Moor) လူမျိုးများနှင့် ဥရောပတိုက်မြောက်ပိုင်းတွင် ၁၃-ရာစုနှစ်နှင့် ၁၅-ရာစုများအတွင်း ထွန်းကားခဲ့တဲ့  ဂေါသစ် (Gothic) ဗိသုကာလက်ရာများ စုပေါင်းလွှမ်းမိုးတဲ့  ပရိဘောဂများ ဖြစ်တယ်။ ပရိဘောဂများပြုလုပ်ရာမှာ သစ်သား၊ ကြွေနှင့် သံထည်များကို ရောနှောအသုံးပြုပါတယ်။ မြင်းခွာပုံသဏ္ဍာန် အကွေးအကောက်များကို ပရိဘောဂများစွာတွင် တွေ့ရတယ်။



 Modern Furniture Design

 ဒါလေးတွေက modern furniture design လေးတွေပါ...။ သူ့ရဲ့ ဆန်းသစ်လှပမှုတွေကိုတော့ အထူးပြောဖွယ်ရာ မရှိလောက်ဘူးထင်ပါတယ်...။ ခေတ်သစ်ရဲ့ လိုလားချက်တွေနှင့်အညီ တီထွင်ဆန်းသစ်တဲ့ ဒီဇိုင်းအမျိုးမျိုးကို တွေ့မြင်နိုင်မှာပါ..။
လေ့လာကြည့်ကြပါ...







MTZO

Reference:

- ခေတ်မီ ပရိဘောဂလုပ်ငန်း , ဦးကောင်းရင်
-http://www.equipegregoire.com/
-http://mennonitefurnitureontario.com/
-http://www.lantiques.com
-http://www.emwa.com.au
-http://www.pianoman.bc.ca
-https://www.nccfurniture.com
-https://www.nccfurniture.com/
-http://www.decodir.com
-http://www.accentsofsalado.com
-http://attractions.uptake.com
-http://www.accentsofsalado.com







နှင်းဆီပင်ကို စိုက်ပျိုးရန်ရွေးချယ်ခြင်း





ပန်းအလှစိုက်ပျိုးဖို့ စိတ်ဝင်စားပြီဆိုတာနဲ့ နှင်းဆီပင်ဟာ စိုက်ပျိုးရေးသမားတွေအတွက် ပထမဆုံးရွေးချယ်ချင်တဲ့ အပင်ပါ။ ဘာကြောင့်လည်းဆိုတော့ သူ့ရဲ့အဆင်းအလှနှင့် တော်ဝင်နန်းဆန်တဲ့ အပွင့်သဏ္ဍာန်၊ သင်းပျံ့ရစ်မူးဖွယ်ကောင်းတဲ့ ရနံ့မွှေးပျံ့မှုတွေက အခြားအပင်တွေထက် ဆွဲဆောင်အား ပိုကောင်းနေတာကိုး။ အဲဒီလိုဆွဲဆောင်နိုင်တဲ့သူ့ကို စိုက်ပျိုးမယ် ဆိုရင်တော့ အထူးသတိထားရမဲ့ အချက်တွေကိုလည်း မေ့မနေသင့်ပါဘူး။ အရေးအကြီးဆုံးက အအေးပိုင်းဒေသတွေမှာ ရာသီဥတု ကြမ်းတမ်းတဲ့ အပြောင်းအလဲဒါဏ်ကို ကြံကြံခံနိုင်ဖို့ပါပဲ။ အအေးပိုင်း အပူချိန်တွေရဲ့ အနိမ့်ဆုံး အပူချိန်ဟာ အပင်ရှင်သန်နိုင်ဖို့ လိုအပ်တဲ့ အပူချိန်ဖြစ်ရမယ်။

မိုးခေါင်ရာသီဥတုဖြစ်နေပေမဲ့၊ စိုစွတ်မှုမြင့်မားပြီး အားနည်းတဲ့ မြေဆီလွှာတွေကို နှင်းဆီပင်တွေ ပိုမိုနှစ်သက်တတ်ပါတယ်။ အဲဒီအခြေအနေတွေမှာဆို အောင်မြင်ဖို့ ပိုများပြီး သာမန်ဂရုစိုက်မှုထက် လျှော့နည်းတတ်ပါတယ်တဲ့။ ဘယ်လိုဖြစ်ဖြစ်ပါ နှင်းဆီပင်စိုက်တော့မယ်ဆိုရင် စိုက်ပျိုးရေးမြတ်နိုးတဲ့ တနည်း နှင်းဆီကိုချစ်ကြတဲ့ နှင်းဆီသခင်တွေ မြို့နယ်အတော်များများမှာ အဖွဲ့လေး သဘောမျိုး ရှိနေတတ်ပါတယ်။ အဲဒီပုဂ္ဂိုလ်တွေဟာ နှင်းဆီစိုက်ပျိုးတဲ့ အတွေ့အကြုံများစွာရှိတော့ ခုမှစိုက်ပျိုးမဲ့သူတွေကို အကူအညီတွေ အကြံဉာဏ်တွေ စိတ်အားတတ်ကြွစွာ ပေးတတ်ပါတယ်။
ဒါနဲ့ နှင်းဆီပင်ကို အမျိုးအစား (၂) မျိုးရနိုင်ပါတယ်။ မြစ်ပွားအပင်(bare-root) အဖြစ်တစ်မျိုး၊ ပန်းအိုးနှင့် ပျိုးပင်(in containers) အဖြစ်တစ်မျိုး ရောင်းချတတ်ကြပါတယ်။

မြစ်ပွားပင်တွေကတော့ အမြုံပင်တွေလိုပါပဲ။ သူတို့မှာ အကိုင်းပဲရှိပြီး အရွက်မပါပါဘူး။ အမြစ်ကတော့ မြေကြီးနှင့် ထားပါတယ်။ ပျိုးခြံတွေမှာ လူအများစု သဘောကျတတ်တာတော့ မြစ်ပွားပင်ကိုပါပဲ။ ဘာကြောင့်လည်းဆိုတော့ မြစ်ပွားပင်တွေက သာမန်အားဖြင့် ရောင်းချရတာနှင့် ပို့ဆောင်သယ်ယူတာ အဆင်ပြေပြီး စိုက်ပျိုးရမဲ့ အချိန် (နွေဦးရာသီဖြစ်ဖြစ်၊ ဆောင်းဦးရာသီဖြစ်ဖြစ်) နဲ့ သင့်လျှော်လို့ပါ။ နောက်တစ်ချက်က မြစ်ပွားပင်(bear-root) တွေကို ချက်ချင်းမစိုက်နိုင်သေးရင်လည်း အပူချိန် (၅၀)ဒီဂရီအောက်ရှိတဲ့ နေရာမှာ သိမ်းထားလို့ရနိုင်ပါတယ်။ အဲဒီလိုလုပ်ထားတဲ့အတွက် သူ့ရဲ့ သန္ဓေမပျက်စီးနိုင်ပါဘူး။ နောက်တစ်ချက်က စွတ်စိုထိုင်းမှိုင်းတဲ့နေရာမှာ ထားရင်လည်း မသေနိုင်ပါဘူး။




  ပန်းအိုးနှင့်ပျိုးထားတဲ့ အပင်တွေကတော့ ထုံးစံအားဖြင့် မြစ်ပွားပင်တွေထက် ဈေးကြီးပြီး ရနိုင်တာမှာလည်း အကန့်အသတ်ရှိပါတယ်။ အပင် ကျန်းမာသန်စွမ်းစွာ ကြီးထွားဖို့ရာလည်း ဂရုစိုက်ရပါတယ်။ နောက် အပင်ရဲ့ အမြစ်တွေဟာ ပန်းအိုးအပေါ်တတ်လာရင်ပဲဖြစ်စေ။ ပန်းအိုးအောက်ကနေထိုးထွက်နေရင်ပဲဖြစ်စေ အဲဒီအပင်ဟာ အဲဒီပန်းအိုးအတွက် အရမ်းရှည်နေတတ်ပါတယ်။ ယေဘုယျအားဖြင့် ပန်းအိုး နှင်းဆီပျိုးပင်တွေကို နွေဦးရာသီတွေနှင့် နွေရာသီအလယ်ပိုင်းတွေမှာ ဒါမှမဟုတ် ဆောင်းရာသီ အဦးအစတွေမှာ စိုက်ပျိုးနိုင်ပါတယ်။
မြန်မာနိုင်ငံမှာဆို ပူနွေးစိုစွတ်တဲ့သမပိုင်းတွေမှာ စိုက်ရင်အဆင်ပြေနိုင်တွေနိုင်တာပေါ့နော်။

မြေဆီလွှာ ပြင်ဆင်ခြင်း

နှင်းဆီပင်တွေဟာ မြေဆီလွှာမျိုးစုံမှာ ရှင်သန်နိုင်ပါတယ်။ အဲ...လိုအပ်တာက ရေဆင်းကောင်းဖို့နဲ့ အရမ်းမခြောက်သွေ့အောင် လုပ်ဆောင်ပေးဖို့ပါ။ နှင်းဆီစိုက်ပျိုးတဲ့မြေထဲမှာ အော်ဂဲနစ်ပစ္စည်း(ဓါတ်မြေသြဇာ) တွေများစွာ ပါဝင်နေရပါမယ်။ အဲဒီပစ္စည်းတွေဟာ မြေဆီလွှာအတွက် အဟာရပြည့်ဝနေစေပြီး အပင်ရဲ့ အမြစ်တွေ မြေကြီးကို လွယ်ကူစွာ ထိုးဖောက်နိုင်အောင် ထောက်ပံ့ပေးရမှာပါ။ နောက် မြေကြီးကို ပျော့ပြဲမနေဘဲ ရေကိုထိန်းသိမ်းထားနိုင်အောင် အကူအညီပေးဖို့ပါ။ နှင်းဆီပင်ရဲ့ အမြစ်တွေဟာ အရမ်းခြောက်လွန်းရင် မကောင်းသလို၊ ရေတွေ အရမ်းစိုစွက်ပြီးမြေဆီလွှာ နုညံ့ပျော့ပြဲလွန်း နေရင်လည်း မကောင်းပါဘူး။





နှင်းဆီပင် စိုက်ပျိုးဖို့ ပျိုးပင်အများကြီးမမှာယူခင်မှာ အကောင်းဆုံးအကြံပေးချင်တာက ဓါတ်ခွဲခန်းမှာ မြေဆီစမ်းသပ်မှု ပြုလုပ်သင့်တာပါ။ မြေဆီစမ်းသပ်ခြင်းက ကုန်ကျစာရိတ်ပိုသက်သာစေသလို ဓါတ်ခွဲခန်းက နှင်းဆီစိုက်ပျိုးခြင်းအတွက် လိုအပ်မယ့် မြေရရှိဖို့  ဓါတ်မြေသြဇာရောစပ်ခြင်းကို ချိန်ညှို ပေးနိုင်ပါလိမ့်မယ်။ (နှင်းဆီပင်တွေဟာ အက်ဆစ်ဓါတ် အနည်းငယ်ကဲသော မြေဆီလွှာကို ပိုမိုနှစ်သက်ကြပါတယ်။)

သာမန်အားဖြင့် သင်စိုက်ပျိုးမယ့် မြေဆီလွှာဟာ ကောင်းမွန်နေတယ်ဆိုရင် ဘယ်လိုအော်ဂဲနစ်ပစ္စည်းဖြစ်စေ နှင်းဆီပင်အတွက် ပိုမိုကောင်းမွန်စေမယ်ဆို ထည့်နိုင်ပါတယ်။ နှင်းဆီဂုရု (Rosarians; as rose experts are called) ရိုစာရီးယန်းတွေက အကောင်းဆုံး ဥယျာဉ်မြေဆီရောစပ်နည်းတွေ အကြံပေးပါလိမ့်မယ်။



အော်ဂဲနစ်ပစ္စည်းနှင့်ညီမျှတဲ့ ပမာဏရရှိအောင် မြေသြဇာ၊ သစ်ဆွေးမြေ၊ မြေဆွေး၊ ရေညှိုမြေဆွေး အစရှိတဲ့ ပစ္စည်းတွေနှင့် အတူ သဲမြေ (၁၀) ရာခိုင်နှုန်းကို ရောစပ်ပေးရပါတယ်။ သဲမြေထည့်တာကတော့ ရေဆင်းကောင်းအောင် ထည့်ပေးရတာပါ။  အမြစ်တွေ ကြီးထွားရှင်သန်စေအောင် စူပါဖော့စပိတ်(super phospahte) ကိုလည်း ဧရိယာ (၁၀၀) စတုရန်းပေမှာ ၃ပေါင်(သို့)၄ပေါင် ထည့်ပေးရပါမယ်။ အားနည်းတဲ့ မြေဆီလွှာတွေမှာ ဖြည့်ထည့်မှု ပမာဏပိုမိုပါတယ်။ ဒါမှမဟုတ်ရင်လည်း ၁၆လက်မမှ ၂၀လက်မအထိရှိတဲ့ မြေလွှာ ခင်းပေးပြီး အဲဒီပေါ်မှာ မြေဆွေးတွေ ဓါတုပစ္စည်းတွေ ထည့်ပေးပြီးစိုက်ပျိုးနိုင်ပါသေးတယ်။ အဲဒီနောက်မှာတော့ နှင်းဆီပင်တွေကို သီးခြားစီ စိုက်နိုင်ဖို့ ခုနက မြေတွေ ပြင်ဆင်ဖြည့်သွင်းထားတဲ့ မြေလွှာမှာ အပင်စိုက်ဖို့ ကျင်းတူးရပါတော့မယ်။ ကျင်းကို ခပ်ကြီးကြီးလေး တူးပေးသင့်ပါတယ်။ (၁၈)လက်မ ပတ်လည် အကျယ်၊ အနက် လောက်ထားသင့်ပြီး လိုအပ်သလို အဆင်ပြေအောင် ပြင်ဆင် တူးသင့်ပါတယ်။ အထူးသဖြင့် ဖြည့်မြေတူးထားတာ နည်းရင် အန္တရယ်များပါတယ်။ မူလမြေဆီလွှာ အားနည်းတဲ့နေရာတွေမှာ အမြစ်တွေဟာ အပြင်ကမြေဆီကို မထိုးဖောက်နိုင်မှာကြောင့်ပါပဲ။ ဘယ်နှင်းဆီအမျိုးအစားက မူလလက်ခံမြေနှင့် အဆင်ပြေသလဲဆိုတာကို ဒေသခံနှင်းဆီစိုက်ပျိုးရေးသမားတွေနှင့် ပြောဆိုဆွေးနွေးသင့်ပါတယ်။ အကောင်းဆုံးအကြံပေးချင်တာကတော့ နှင်းဆီရှင်သန်ကြီးထွားနိုင်မဲ့ အချက်တွေကို မစိုက်ပျိုးခင် စိတ်ကျေနပ်မှုရသည်ထိအောင် ရှာဖွေလေ့လာရမှာပါ။





 နောက် အရေးအကြီးဆုံး မဖြစ်မနေလုပ်ဆောင်သင့်တဲ့ အချက်ကတော့ ရေဆင်းကောင်းခြင်းပါ။ စိုက်ပျိုးမဲ့ မြေဟာ ရေဆင်းကောင်းမကောင်း စမ်းသပ်မယ်ဆိုရင် (၁)ပေပတ်လည် ကျင်းတစ်ကျင်းတူးလိုက်ပြီး ရေအပြည့်ဖြည့်ထားပေးပါ။  တစ်နာရီအတွင်း ရေအကုန်ခန်းမသွားဘူးဆိုရင် ရေဆင်းကောင်းအောင်လုပ်ဆောင်ပေးဖို့ လိုအပ်ပါမယ်။ ရေနည်းနည်းပဲကျန်တယ်ဆိုရင်တော့ ဓါတုပစ္စည်းအနည်းထည့်ပေးပြီးဖြေရှင်းနိုင်ပါတယ်။ အများကြီးကျန်နေတယ်ဆိုရင်တော့ အမြစ်ပတ်ဝန်းကျင်နေရာ တစ်ဝိုက်မှာ ရေဆင်းပိုက် တပ်ဆင်ပေးထားဖို့ လိုအပ်ပါလိမ့်မယ်။




  အခုလောက်ဆို ရင် မြေဆီလွှာအတွက်အတော်လေး အချက်အလက်စုံလင်သွားလောက်ပါပီ။ ဘယ်လိုဖြစ်ဖြစ်ပါ တကယ်စိုက်ပျိုးချိန်မှာ အတွေ့အကြုံရှိတဲ့ စိုက်ပျိုးရေးသမားတွေကတော့ အကောင်းဆုံး အကြံဉာဏ်ပေးနိုင်မှာပါပဲ။ အဲ...လိုအပ်တဲ့ အချက် မပြည့်စုံတဲ့ အချက်၊ မှားယွင်းတဲ့ အချက်များရှိရင် ပြောဆိုဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ် ခင်ဗျား။

 စိုက်ပျိုးခြင်း
နှင်းဆီပင်များဟာ စိုက်ပျိုးရတာ လွယ်ကူတဲ့ အပင်တွေပါပဲ။ အဲ အနည်းငယ်ရှုပ်ထွေးစေတာက နှင်းဆီပင်ရဲ့ ဖူးပွင့်လာမဲ့ အကိုင်းအခက်တွေ ဘယ်ဘက်ကို ရှင်သန်ကြီးထွားစေမလဲဆိုတာပါပဲ။ များစွာသောနာမည်ကြီးထင်ရှားတဲ့ နှင်းဆီပင်အမျိုးအစားတွေဟာ သူတို့ဘာသာကြီးထွားတာထက် တခြားအမှီတစ်ခုပေါ်မှာ မှီပြီး ကြီးထွားတတ်ပါတယ်။ နှင်းဆီပင်တွေကို သူ့တို့ပင်စည်မှာပဲသူ့ဘာသာ ကြီးထွားစေချင်ယင်တော့ ကွင်းပြင်ထဲမှာ အမြင့်ညီညီထားပြီး စိုက်ပျိုးခြင်းပါပဲ။ အများအားဖြင့် အပင်ရဲ့ အခြေမှာတော့ ဆွဲဆောင်နိုင်မှု လျှော့ကျသွားမှာဖြစ်ပါတယ်။

မြစ်ပွားနှင်းဆီ်ပင် (BARE-ROOT ROSES) စိုက်ပျိုးခြင်း





 ၁) အမြစ်တွေကို နာရီအနည်းငယ် ရေဆွတ်ပေးပါ။(အချိန်အကြာကြီးမထားပါနဲ့)။ အဲဒီနောက် ကျိုးပဲ့ပြီးမကောင်းတော့တဲ့ အကိုင်းအလတ်တွေကို ဖြတ်တောက်ပေးပါ။

၂) မြေခင်းအလှလုပ်ထားတဲ့ မြေနေရာမှာ ဖြစ်နေပါစေ သင့်တော်ကြီးမားတဲ့ မြေကျင်းတူးပေးပါ။ ကျင်းအောက်ခြေမှာ အပင်ရဲ့ပင်စည်ကိုင်းနေရာကို မြေပေါ်မှာ သေချာထား နိုင်လောက်တဲ့အထိ မြေစာခဲများကို စုပုံပေးပါ။

၃) အမြစ်တွေကို မြေစာခဲပုံပေါ်မှာ ဖြန့်တင်ပေးလိုက်ပါ။ ကျင်းမှာထည့်ဖို့ အရမ်းရှည်လွန်းနေလျှင် အနည်းငယ်ဖြတ်တောက်လိုက်ပါ။ အမြစ်တစ်လျှောက်မှာရှိတဲ့ မြေကို လေမခိုအောင်ဂရုတစိုက်ပြုလုပ်ပြီး ကျင်းတစ်ဝက် ပြည့်တဲ့ အထိဖြည့်ပေးပါ။

၄) အမြစ်တွေနှင့်မြေကြီးတွေ ရေရွဲရွဲစိုအောင် လောင်ပေးပါ။ နောက် ရေကို စီးထွက်သွားစေပြီး မြေကြီးထည့်ပေးပါ။ နောက်ရေထပ်လောင်းပါ။

၅) မြေကြီးကို ၈လက်မမှာ ၁၂လက်မအထိ ကိုင်းများဖုံးအောင် မို့မောက်စုပုံပေးထားရပါမယ်။ ဒါမှသာ နေဒါဏ်လေဒါဏ်မှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ရှည်လျှားလွန်းတဲ့ အခက်အလက် အသစ်တွေကို ဖြည်းဖြည်းညင်းသာစွာ ဆေးကြောပြီး အပင်ခြေမှာ ဖို့ထားတဲ့ မြေကြီးများမှ လွတ်ကင်းအာင် ပြုလုပ်ထားပေးရပါမယ်။

၆) အဲဒီနောက် ပင်စည်ခေါက်တွေမခြောက်သွေ့အောင် ပြုလုပ်ထားပေးရပါမယ်။ မြေဆွေးခဲတွေ၊ မြေစိုင်ခဲတွေက ရေငွေ့ပြန်တာကို ထိန်းသိမ်းထားပေးနိုင်ပါတယ်။ ရေညှိုမြေဆွေးများကို အပင်ကျင်းရဲ့ပတ်လည်မှာ ၁လက်မနီးပါးအထူအထိ ထည့်ပေးခြင်းကလည်း ရေမခြောက်အောင် ထိန်းထားပေးနိုင်ပါတယ်...တဲ့..။




 နောက်တစ်ခုကတော့

ပန်းအိုးနှင်းဆီပင် (CONTAINER- GROWN ROSES)ကိုစိုက်ပျိုးခြင်း



 

၁) မစိုက်ခင် ပန်းအိုးထဲကမြေများကို စွတ်စိုအောင် လုပ်ပါ။ မြေကြီးမှာ စွတ်စို(ပျော့ပြဲနေအောင် ရွဲရွဲမစိုသင့်ပါ) လာလျှင် ပန်းအိုးကို လှီးထုတ်ခြင်း ခွဲခြင်းပြုလုပ်ပေးပါ။ အမြစ်အုံကို ဖြစ်နိုင်သမျှ မထိခိုက်မိအောင်ဂရုစိုက်ပါ။ တတ်နိုင်သမျှ အနည်းဆုံးထိခိုက်မှုသာ ဖြစ်အောင်ဂရုစိုက်ရမည်။  အမြစ်များစွာမှာ ပန်းအိုးမျက်နှာပြင်တွင် တွယ်ကပ်နေတတ်သဖြင့် ဖြည်းညှင်းစွာသာ အမြစ်ရှုပ်ထွေးများကို ဖယ်ရှားပေးပါ။

၂) မြေကျင်းထဲသို့ ဂရုတစိုက်နေရာချထားပေးပါ။ ရှုပ်ထွေးနေသော မြစ်မွှာများကို ဖြန့်ကာ နေရာချပေးပါ။ အထူးသဖြင့် အပင်၏ အမြစ်အုံကို ပြန်မထွေးအောင် ဂရုပြုရပါမယ်။ အမြစ်အုံအောက်၌ ပင်စည်အကိုင်း အနေအထားမှန်ကန်သည်အထိရအောင် မြေသားများဖြန့်ခင်း စီစဉ်ပေးပါ။

၃) ကျန်တဲ့ အချက်များမှာ မြစ်ပွားပင်စိုက်သကဲ့သို့ အတူတူပင်ဖြစ်ပါတယ်။ သတိထားရမှာက ပန်းအိုးနှင်းဆီပင်များဟာ ကျိုးပျက်သော အမြုံပင်များရှိတတ်သဖြင့် မြေပေါ်မှာ မြေကြီး မို့မောက်စုပုံခြင်း လုပ်ဖို့မလိုအပ်ပါဘူးတဲ့ ခင်ဗျာ..။









  ကဲ ခုလောက်ဆို နှင်းဆီပင် စိုက်ပျိုးခြင်းကို အတော်လေး တီးမိခေါက်မိသွားလောက်ပြီလို့ထင်ပါတယ်။ နောက်မှ ဆက်လက်ပြီး ထိန်းသိမ်းနည်းကို ပြောပါအုန်းမယ်ခင်ဗျာ။..............

ဂရုစိုက်ခြင်းနှင့် မြေဆီသြဇာကျွေးခြင်း

သစ်ပင်တစ်ပင်စိုက်ခြင်းကလည်း ချစ်စရာအိမ်မွေးတိရစ္ဆာလေးတွေမွေးရသလိုပါပဲ။ သူ့ကို ဂရုတစိုက်ပြုစုပေးဖို့၊ လိုအပ်ချိန်မှာ ရေလောင်း၊ မြေဆီကျွေးစတာတွေ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ နှင်းဆီပင်တွေကတော့ ဂရုစိုက်မှုအထူးလိုအပ်တဲ့ အပင်တွေပါပဲ။







 ဘာကြောင့်ဆိုတော့ နှင်းဆီတွေဟာ မြေဆီစားပတ်စက်ပြီး အင်မတန်ဆာလောင်တတ်တဲ့ အပင်တစ်မျိုးဖြစ်နေလို့ပါ။ တနည်းပြောရရင် လိုအပ်ချက်တွေ အင်မတန်များတဲ့ အပင်ပေါ့ဗျာ။ သူ့ကိုစိုက်ထားတဲ့မြေဟာ ဗွက်ထနေအောင် စိုစွတ်ဖို့ မလိုအပ်ပေမဲ့ အစိုဓါတ်အမြဲရှိနေဖို့ လိုအပ်နေတတ်ပါတယ်။


 ရေလောင်းတဲ့အခါမှာလည်း မြေအောက် (စိုက်ပျိုးအပင်ရဲ့ အမြစ်ဇုံတည်ရှိတဲ့) ၁၆လက်မ ၁၇လက်မလောက်အထိ စွတ်စိုနေအောင်လောင်းရမှာပါ။ ကိုယ်စိုက်ပျိုးချင်တဲ့ မြေမှာ ရေဘယ်လောက်လိုအပ်သလဲ စမ်းသပ်ချင်ယင်တော့ အဆင်ပြေနိုင်တဲ့ (ရေဆွဲပုံး၊ ရေပိုက်၊ ရေမွှားရေပန်း စသည်ဖြင့်) နည်းစနစ်တစ်ခုခုနဲ့ လုံလောက်နိုင်ပြီလို့ ထင်တဲ့ အထိရေလောင်းပေးပါ။ အဲဒီနောက်  လောင်းလိုက်တဲ့ ရေ ဘယ်အတိုင်းအတာအထိ မြေကြီးထဲ အမှန်တကယ် စိမ့်ဝင်နိုင်သလဲဆိုတာ မြေကြီး ကိုတူးကြည့်ပြီး သိနိုင်ပါတယ်။ လိုအပ်တယ်ဆိုရင် ထပ်ပြီးလောင်းဖို့ ချင့်ချိန်ရတော့မှာပေါ့။ လက်တွေ့အပင်လောင်းပြီဆိုရင်တော့ အပင်ရဲ့ အနီးတဝိုက်နားမှာ ၃လက်မလောက် ကျင်းလေးတူးလိုက်ပါ။ နောက်ရေလောင်းပြီးနောက် အဲဒီအနက်အထိ စွတ်စိုနေရင် စောင့်နေလိုက်ပါ နောက် ခြောက်သွားပြီဆိုမှ ခုနက မစိုက်ခင် တိုင်းတာပြီးဆုံးဖြတ်ထားတဲ့ ပမာဏထိ လောင်းပေးလိုက်ပါ။ အဲဒီနည်းကတော့ လက်တွေ့ရေလောင်းရာမှာ လိုအပ်သလောက် ပမာဏရရှိအောင် ခန့်မှန်းနိုင်တဲ့ အကောင်းဆုံးနည်းစနစ်တစ်ခုပါ။





 နောက်အပင်ရဲ့ အခြေအနေကိုကြည့်ပြီး  လိုအပ်တဲ့ဓါတ်မြေသြဇာ (Fertilizers)ကို အချိန်ဇယားနှင့် ကျွေးပေးရမှာပါ။ ဥယျာဉ်မှူးအများစုဟာ အဲဒီဇယားကို အတော်လေး ဂရုတစိုက်လိုက်နာကြပါတယ်။ နောက် ဓါတ်မြေသြဇာ(Fertilizers)ကိုလည်း အရည်ဖြစ်စေ၊ အစေ့အလုံးဖြစ်စေ၊ ဒါမှမဟုတ် နှင်းဆီအတွက် အထူးဖော်စပ်ထားတဲ့ ပစ္စည်းဖြစ်စေ ရွေးချယ်ရမှာပါ။ သတိထားရမဲ့အချက်တစ်ချက်ကလည်း ဓါတ်မြေသြဇာ(Fertilizers)များလွန်းရင် နှင်းဆီပင်အတွက် အကျိုးမဖြစ်ပဲ အဆိုးဖြစ်နိုင်တယ်ဆိုတာကိုလည်း ဆင်ခြင်ရပါမယ်။ တန်ဆေးလွန်ဘေးဆိုတဲ့ စကားရှိတယ်မဟုတ်လား။

နွေဦးရာသီအစောပိုင်းမှာ ကိုင်းခွဲထွက်လာတတ်တဲ့ နှင်းဆီမျိုးပွား အသစ်တွေ၊ နှင်းဆီအပင်အိုကြီးတွေ နှင့် နွယ်တတ်သွားတဲ့ နှင်းဆီပင်တွေကို ဓါတ်မြေသြဇာ(Fertilizers)ပြည့်ပြည်၀၀ သီးသန်း ကျွေးနိုင်ပါတယ်။ မူလမြေဆီမှာ မြေသြဇာဓါတ်ပြည့်ဝနေလျှင်တော့ ဓါတ်မြေသြဇာ(Fertilizers) ထပ်မကျွေးပဲ ရှင်သန်နိုင်ပါတယ်။ ပထမအကြိမ် ဖူးပွင့်ပြီး နောက်တစ်ကြိမ် ဖူးပွင့်ဖို့အတွက်တော့ မြေသြဇာ(Fertilizers)ထပ်ကျွေးရပါမယ်။

မော်ဒန်နှင်းဆီပင်တွေကတော့ ကြီးထွားနေချိန်အတွင်း ပုံမှန်ကျွေးနေဖို့လိုပါတယ်။ နှင်းဆီပင်သစ်ကလေးတွေကို စိုက်ပျိုးပြီး တစ်လလောက်ထိ ဓါတ်မြေသြဇာ(Fertilizers) ကျွေးရပါမယ်။  အကိုင်းတွေမှာ အရွက်သစ်ကလေးတွေ ထွက်လာချိန်မှာ ကျိုးပဲ့ ခြောက်သွေ့နေတဲ့ အကိုင်းအခက်များကိုဖြတ်တောက် ၊ပေါင်းသင်ရှင်းလင်းပြီး ချိန်ကတည်းကစပြီး ဓါတ်မြေဇာ(Fertilizers)ကို ၆ပတ် မှ ၈ပတ် (သို့)  ၃ ပတ်မှ ၅ပတ် ကြာတဲ့ အချိန်တိုင်းမှာ ပုံမှန် ကျွေးပေးသင့်ပါတယ်။ စိုက်ပျိုးသူအနေနဲ့
အပင်ရဲ့ အခြေအနေကို ကြည့်ပြီး အကောင်းဆုံးဖြစ်အောင် သင့်တော်သလို ကျွေးရမှာပါ။

အအေးကဲဆောင်းရာသီတွေမှာ စိုက်ပျိုးသူတွေကတော့ ပထမဆုံးဆီးနှင်း (နှင်းဦး) မကျခင် ၆ပတ်လောက် အလိုကတည်းက နိုက်ထရိုဂျက်(Nitrogen) ပါတဲ့ ဓါတ်မြေသြဇာ(Fertilizers) ကျွေးတာကို ရပ်ထား သင့်ပါတယ်။ နိုက်ထရိုဂျင်ဟာ အအေးပိုင်းမှာ နုညံ့တဲ့ အညွန့်အတတ်တွေကြီးထွားမှုကို ပျက်စီးစေတတ်လို့ပါ။ ဖော့စပါးရပ်(Phosphrous)
နှင့် ပိုတတ်စီယမ်(Potassium) ကိုတော့ အမြစ်နှင့် အညွှန့်အတက်တွေ သန်မာအောင် ဆောင်းရာသီမှာ ဆက်ကျွေးနိုင်ပါတယ်...တဲ့..။





  ခုလောက်ဆိုရင် ဘယ်လိုဂရုစိုက်ရမယ်ဆိုတာ သိလောက်ပါပီ။ လုပ်ရမှာတွေ တွက်ပြီး ကျနော်တော့ အတော်လေးပင်ပန်းသွားတယ်....။ နှင်းဆီပန်းပွင့်လှလှလေး ရဖို့အတွက် နှင်းဆီပင်လေးစိုက်တာတောင် အတော်ပင်ပန်းတယ်နော်....။ ((((ဟူး)))).... နှင်းဆီပန်းလို ချောမောလှပတဲ့ သက်ရှိမိန်းကလေး တစ်ယောက်ကို ရဖို့ဆိုရင် ဘယ်လောက်များ ပင်ပန်းလိုက်မလဲ...။
နှိုင်းယှဉ်ပြီး စဉ်းစားကြည့်မိလိုက်တာ ပိုတောင်ပင်ပန်းသွားသလိုပဲ...။ ဘယ်လိုဖြစ်ဖြစ်ပါ ကိုယ်စိုက်ပျိုးလိုက်လို့ ပွင့်လာတဲ့ ပန်းကလေးကို မြင်ရရင်ပဲဖြစ်ဖြစ် သင်းပျံ့တဲ့ ရနံ့လေးကို ရလိုက်ရင်ပဲဖြစ်ဖြစ် ပင်ပန်းသမျှတွေ ပြေပျောက်စေတတ်တယ် မဟုတ်ပါလား...။ အဲဒီလို ခံစားတတ်တဲ့ နှလုံးသားဆိုတာ အသက်ရှိတဲ့ သတ္တဝါတိုင်း...အဲ... နုညံ့တဲ့ နှလုံးသားနှင့် စိတ်ထားကို ပိုင်ဆိုင်ထားတဲ့ သတ္တဝါတိုင်း တနည်း အချစ်ရှိတဲ့ သတ္တဝါတိုင်းမှာ ရှိတယ်လို့များ ပြောရင်ဖြင့်...။

ထိန်းသိမ်းစောင့်ရှောက်ခြင်း

  နောက်ပိုင်းမှာတော့ နှင်းဆီပွင့်အောင်စောင့်ရပါတော့မယ်။ နေ့စဉ်နံနက်ပိုင်းတွေမှာ ပုံမှန်ရေလောင်းပေးသင့်ပါတယ်။ နောက် အကိုင်းများ ခြောက်လာလျှင်သော်လည်းကောင်း၊ မသန်မာသော အကိုင်းများကို လည်းကောင်း၊ အပင်ပွားများ သေသွားလျှင်သော်လည်းကောင်း ရှင်းလင်းခုတ်ထွင်ပစ်ရပါမယ်။ ကတ်ကျေး ကဲ့သို့ဖြတ်တောက်ကိရိယာကို ထက်ရှအောင် ပြုလုပ်ထားသင့်ပါတယ်။ ပင်စည်ကြီးတာတွေ ဖြတ်တောက်ဖို့အတွက် (purning saw) ပေါင်းရှင်းလွှသေးသေးတစ်လက်လည်း ဆောင်ထားသင့်ပါတယ်။ ဖြတ်တောက်ပြီးသော အကိုင်းများကို အကောင်များတတ်ခြင်း၊ နှင်းဆီ ပိုးကျခြင်းများမှ ကာကယ်ရန် အရက်ပျံဆွတ်ဖြန်းပေးထားသင့်ပါတယ်။
အကိုင်းဖြတ်တောက်ခြင်းကို နှစ်စဉ် အပွင့် ခူးပြီးမှာ ပြုလုပ်သင့်ပါတယ်။
အပင်ခြုံကို ကန်လန့်ဖြတ်နေသော အကိုင်းများကိုလည်း ဖြတ်တောက်သင့်တယ်။ ထိုကိုင်းများကိုရှင်းခြင်းဖြင့် အပင်ခြုံအတွင်း လေနှင့်နေ ဖြတ်သန်းဖို့ ကောင်းစွာ နေရာရစေမှာပါ။
ဖြတ်တောက်ရာမှာလည်း အတိမဖြတ်ပဲ စွေစောင်းစောင်းကို အပင်ရဲ့ဆန့်ကျင်ဘက်ကို မျက်နှာမူပြီး ဖြတ်တောက်ပေးပါ။ ဒါမှာသာ နောက်ပိုင်းထွက်လာမည့် အကိုင်းအသစ်တွေဟာ အပင်အလယ်မှာပဲ စုနေပါလိမ့်မယ်။ အရမ်းရှည်လွန်းတဲ့ အကိုင်းတွေကို သုံးပုံ တစ်ပုံလောက်အထိ ပိုင်းဖြတ်သင့်ပါတယ်။  အပွင့်ပွင့်ခါနီးတဲ့အခါ အပွင်းနား ကပ်နေတဲ့ အရွက်ဟာ အလက်ငါးလက်ခွဲနေတဲ့ အရွက်ပါ။ အကယ်၍ နှင်းဆီနွယ်ပင်အဖြစ် စိုက်မယ်ဆိုရင် သေချာ ဖြတ်ပိုင်းတတ်ဖို့ လိုအပ်ပါတယ်။ တကယ်ကျွမ်းကျင်တဲ့ သူနဲ့တိုင်ပင်ပြီး ပြုလုပ်ပေးသင့်ပါတယ်။

နှင်းဆီပင်တွေစာ ပိုးမွားတွေကို အလွန်ဆွဲဆောင်နိုင်တဲ့ အပင်မျိုးပါ။ ပိုးတတ်ခြင်း ပျက်စီးခြင်းမှာ ကာကွယ်နိုင်အောင် ပြုလုပ်ပေးသင့်တာတွေက
-နံနက်တိုင်း ရေလောင်းပေးပါ။ ဒါမှာသာ အရွက်တွေ အကိုင်းတွေ တစ်နေကုန်ခြောက်သွေ့ပြီး မှိုတတ်ခြင်းမှ ကာကွယ်နိုင်မှာပါ။
-ခြောက်သွေ့နေတဲ့ အရွက်တွေ အကိုင်းတွေ၊ မှိုတတ်နေတာတွေ တွေ့တာ နဲ့ ချက်ချင်းဖယ်ရှားပေးပါ။
-ဆောင်းတွင်းမှာဆိုလျှင် ရော်ရွက်တွေကိုဖယ်ရှားပေးပါ။
-ပေါင်းရှင်းကိုင်းဖြတ်ပြီးလျှင် ရွက်သစ်၊ ကိုင်းသစ်များမထွက်ခင် (lime-sulfure) ကဲ့သို့သော အရည်များကို အင်းဆက်ပိုးတွေ ဥမဥအောင်နှင့် အကိုင်းတွေ ရောဂါမဖြစ်အောင် ကာကွယ်တဲ့ အနေနဲ့ ဖြန်းပေးသင့်ပါတယ်။
ဒါတွေကတော့ အကြမ်းဖျင်းစောင့်ရှောက်သင့်တဲ့ အချက်တွေပါခင်ဗျာ။
တကယ်စိုက်ပျိုးခဲ့ ရင်တော့ ကျွမ်းကျင်တဲ့သူတွေနှင့် တိုင်ပင်ပြီး စိုက်ပျိုးသင့်ပါတယ်။
ကျနော်ကိုယ်တိုင်လည်း တနေ့နေ့မှာ နှင်းဆီ ခြံတစ်ခြံလောက် စိုက်ပျိုးကြည့်ဖို့ စိတ်ကူးမိပါရဲ့။ အကယ်၍ စိုက်ပျိုးဖြစ်ပြီ ဆိုရင်တော့ ပိုမိုလေ့လာရအုန်းမယ်ဆိုတာ တွေးနေမိပါရဲ့....။
ကျနော်စိုက်ပျိုးထားတဲ နှင်းဆီခင်းကြီးရဲ့ အလယ်မှာ လှပတဲ့ရေကန်လေးရယ်။ ကြည်လင်စိမ်းလဲ့နေတဲ့ ရေပြင်မှာ ကူးခတ်ပြေးလွှားနေကြမယ် ရောင်စုံငါးလေးတွေရယ်။ နောက် ကန်လေးကိုဖြတ်ပြီး အလှထိုးထားတဲ့ သစ်သားကုန်းတံတားလေးရယ်။ တံတားလေး အလွန်မှာ ပါဂိုလာ သစ်သားဇရပ်လေးမှာ ခုံလေးတွေ အစီအရီနဲ့။ (((အားပါး....)))
ကန်ရေပြင်ကို ဖြတ်ပြီး တိုက်ခတ်လာမယ့်လေပြေလေးတွေက နှင်းဆီရနံလေးတွေနှင့်အတူ ပါဂိုလာလေးမှာ ထိုင်နေမယ့် ကျနော် အတွေးတွေ ပွားနေလိုက်တယ်ဗျာ...။
တခါတရံ....ကျနော်တစ်ယောက်တည်း စာဖတ်ချင်ဖတ်နေမယ်...။ တခုခုကိုတွေးတောငေးမောနေမယ်။ တခါတရံ ကျနော့်ချစ်သူ (သို့) ကျနော့ ဇနီးလေးနဲ့ အတူထိုင်နေမယ်။ တခါတရံ ကျနော်နှင့် ဝါသနာတူသူငယ်ချင်းတွေနဲ့ ထွေရာလေးပါပြောချင်ပြောမယ်။ နောက် စစ်တုရင်လေးဘာလေးကစားမယ်။ အဆင်သင့်ရင်တော့ မစို့မပို့ ယမကာလေးဘာလေး အာရွှင်ဖို့ မှီဝဲ။ တခါတရံ မှာ ကျနော့ ဆရာသမားတွေ ဖိတ်ခေါ်ပြီး အသိပညာတွေ ဆွေးနွေးရင်း ဗဟုသုတတွေ သိုမှီးမယ်။ တခါတရံတော့ ကျနော်သိတာလေးတွေကို တခြားလေ့လာချင်သူတွေကို ဝေမျှမယ်ဆိုတဲ့ စိတ်ကူးတွေနဲ့ နှင်းဆီခြံလေး တည်ဆောက်လိုက်မယ်ဗျာ....။
အကယ်၍....ပေါ့ဗျာ....။
ကျနော်ခြံလေးကို လာရောက်လယ်မယ်ဆိုရင်တော့ ကျနော် ဝမ်းသာစွာ ကြိုနေမယ်ဆိုတဲ့ အကြောင်း။








လေးစားစွာဖြင့်

ဒီပိုစ့်လေးရေးဖြစ်အောင် အားပေးတိုက်တွန်းကြတဲ့ မိတ်ဆွေများကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

MMO