Sunday, November 13, 2011

ပရိဘောဂ ဒီဇိုင်း


ကျွန်တော်လေ့လာမိသလောက် ပရိဘောဂ ဒီဇိုင်း အကြောင်းကို ဒီနေရာကနေ မျှဝေပေးသွားပါမယ်။

ပရိဘောဂတွေကို ကျွန်တော်တို့လူသားတွေ ဟာ မွေးကင်းစပုခက်အတွင်းကနေ သေဆုံးချိန်မှာသုံးတဲ့ ခေါင်း ကုတင်ညောင်စောင်းတွေအထိ သုံးစွဲကြတယ်။
ပရိဘောဂတွေကို ပြုလုပ်ရာမှာတော့ သစ်သား ပလတ်စတစ် သံထည် အလူမီနီယံ စတာတွေနဲ့ ပြုလုပ်ကြတယ်။ ပရိဘောဂတွေမှာ အမြင်ပသာဒ (သို့ ) ပုံပန်းသဏ္ဍန် တို့ဟာ အလွန်အရေးကြီးပါတယ်။ ဒေသတခုရဲ့ အပူအအေး ရာသီဥတုကိုလိုက်ပြီး ပရိဘောဂတွေရဲ့ လိုအပ်ချက်တွေဟာ ပြောင်းလဲတတ်ကြပါတယ်။ သုံးစွဲမယ့်သူတွေ ဖက်ကကြည့်ရင်လဲ လူတကိုယ် အကြိုက်တမျိုးစီ ရှိကြပါတယ်။  ဥပမာ သစ်သားနဲ့ ပြုလုပ်တဲ့ ပရိဘောဂတွေမှာ သုံးစွဲသူတွေဟာ သစ်အမျိုးမျိုးအပေါ်မှာ အကြိုက်တစ်မျိုးစီ ရှိကြပါတယ်။ အရောင်တင်ရာမှာလည်း သစ်သားရဲ့ ပင်ကိုအရောင် ဆေးဆိုးခြင်း၊ ဆေးအပြောင်သုတ်ခြင်း တို့မှာ မိမိတို့ သုံးစွဲကြမယ့် သဘောသဘာဝကို သိရှိထားရပါမယ်။

 ကောင်းမွန်သော ပရိဘောဂများ၏ လက္ခဏာရပ်များ

နိုင်ငံအသီးသီးတို့မှာ သုတေသနဌာနများ ထားရှိပြီးတော့ ပရိဘောဂများမှာ ရှိရမဲ့အရည်အချင်းများကို သတ်မှတ်ထားပါတယ်။ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ International Organization for Standardization of Furniture (I.S.O) [ http://www.iso.org ] က ထိုအချက်ကို ဖြည့်ဆည်းပေးလျှက် ရှိပါတယ်။ ယေဘုယျအားဖြင့် ကောင်းမွန်သော ပရိဘောဂများတွင် ရှိရမဲ့ အရည်အချင်းတွေကို အောက်မှာဖော်ပြထားသလို သတ်မှတ်ထားပါတယ်။
၁- အရည်အသွေးမြင့်မားခြင်း (Quality)
၂- ပုံသဏ္ဍန်နှင့် ဒီဇိုင်းလှပခြင်း (Design)
၃- အသုံးဝင်မှု (Function)
၄- လက်ခံနိုင်ခြင်း (Adaptability)
၅- လှပခြင်း (Beauty)
၆- ခိုင်ခန့်ခြင်း (Durability)
၇- ထိန်းသိမ်းမှုလွယ်ကူခြင်း (Maintenance)
၈- ဘေးအန္တရာယ်ကင်းရှင်းခြင်း (Safety)
၉- ဈေးနှုန်း (Price)

တ့ိုဖြင့်သတ်မှတ်ထားကြပါတယ်။

Ref: http://www.hkbu.edu.hk/~samho/tqm/tqmex/iso.htm

 (၁)အရည်အသွေးမြင့်မားခြင်း (Quality)




 လက်ဖြင့်ပြုလုပ်သည်ဖြစ်စေ၊ စက်ဖြင့်ပြုလုပ်သည်ဖြစ်စေ အသုံးပြုသည့် ပရိဘောဂများ၏ အရည်အသွေး မြင့်မားရပါမည်။ အရည်အသွေးဟု ဆိုရာတွင် ချောမွေ့ခြင်း၊ အဆက်အပြောက်များ သေသပ်ခြင်း၊ အရောင်တင်ရာတွင်လှပခြင်း စသည့် ဘက်စုံ အရည်အသွေး မြင့်မားခြင်းဖြစ်ပါသည်။

(၂) ပုံသဏ္ဍန်နှင့် ဒီဇိုင်းလှပခြင်း (Design)



 ပရိဘောဂ သုံးစွဲသူတိုင်းသည်၊ ဒီဇိုင်းလှပမှု၊ ဆန်းကျယ်မှုကို နှစ်သက်တတ်ကြပါသည်။ တစ်ဦးနှင့် တစ်ဦး နှစ်သက်မှု မတူညီသော်လည်း အများက နှစ်သက်လက်ခံသော ဒီဇိုင်းများဖြစ်ရန်လိုပါသည်။

(၃) အသုံးဝင်မှု (Function)


 ထုတ်လုပ်သောပရိဘောဂများနှင့် သုံးစွဲသူများ၏ အသုံးဝင်မှုတို့ လိုက်လျောညီထွေဖြစ်ရန်လိုပါသည်။ နေအိမ်၊ ကျောင်း၊ ရုံးစသည်တို့တွင် အဆောက်အဦအခန်းနှင့် အသုံးတို့လိုက်လျောညီထွေ ဖြစ်သောပရိဘောဂ များလည်း ဖြစ်ရပါမည်။ ကလေး၊ လူကြီး၊ မကျန်းမာသူ စသည့် လူတန်းစားအလိုက် အသုံးဝင်သော ပရိဘောဂများ ဖြစ်ရန်လည်း လိုပါသည်။

(၄) လက်ခံနိုင်ခြင်း (Adaptability)




 ပရိဘောဂသုံးစွဲသူများမှာ ကြိုက်နှစ်သက်မှုခြားနားသည့် အလျှောက် ထုတ်လုပ်သည့် ပရိဘောဂ များကို သုံးစွဲသူများက လက်ခံနိုင်ရန် အရေးကြီးပါသည်။ အရည်အသွေး၊ ပုံပန်းသဏ္ဍာန်များ ကောင်းမွန်သော်လည်း အသုံးပြုသူတစ်ဦး ချင်းက ၎င်းတို့နှင့် စိတ်ကြိုက်ဖြစ်ကာ လက်ခံနိုင်ရန်လိုပါသည်။

(၅) လှပခြင်း (Beauty)










 လူတိုင်းလှပမှုကို မက်မောကြပါသည်။ ပရိဘောဂများလည်း လှပရန်လိုပါသည်။ ပုံပန်းသဏ္ဍာန် အရောင်အဆင်းနှင့် အပြင်အဆင်တို့ လှပမှသာလျှင် သုံးစွဲသူများက နှစ်သက်ကြမည် ဖြစ်ပါသည်။

(၆)  ခိုင်ခန့်ခြင်း (Durability)






 ပရိဘောဂပြုလုပ်ရာတွင် ခိုင်ခံ့မှုမှာ အရေးပါသော အချက်ပင် ဖြစ်ပါသည်။ သစ်သားနှင့် သစ်သား သို့မဟုတ် သစ်သားနှင့် အခြားပစ္စည်းများတစ်ခုနှင့် တစ်ခု တေ့ဆက် ကြရာ၌ စရွေးများ၏တိကျမှုနှင့် ကော်များ၏ ကောင်းမွန်မှု၊ ပြုလုပ်သူများ၏ နည်းပညာ ပြည့်ဝမှု၊ စိတ်ရှည်မှု တို့မှာ လွန်စွာ အရေးပါလှပါသည်။

(၇) ထိန်းသိမ်းမှုလွယ်ကူခြင်း (Maintenance)







သုံးစွဲသော ပရိဘောဂများ၏ နေ့စဉ်ထိန်းသိမ်းရေး တာဝန်ကို အိမ်ရှင်မများက ဆောင်ရွက်ရပါသည်။ သန့်ရှင်းမှု ပြုလုပ်ရန်လွယ်ကူသော ပရိဘောဂများကို အိမ်ရှင်မများက ပိုမိုနှစ်သက်ကြပါသည်။

(၈) ဘေးအန္တရာယ်ကင်းရှင်းခြင်း (Safety)





 အသုံးပြုသော ပရိဘောဂများသည် အသုံးပြုသူများအတွက် ဘေးအန္တရာယ်မဖြစ်စေရပါ။ ဥပမာ စားပွဲများ၏ထောင့်စွန်းများ၊ ဘောင်များ၊ ထိုင်ခုံများ၏ နေရာ အသီးသီးတွင်(၉၀ ဒီဂရီ) ထောင့်များမရှိစေရပါ။ အဆိုပါ(၉၀ ဒီဂရီ)စောင်းများကို ရွေဘော်များဖြင့် တိုက်စား၍ အချောသတ်ထားရမည်။ သို့မှသာ အသုံးပြုစဉ် မတော်တဆထိခိုက်မိပါက ဒဏ်ရာရစေမှုမှ ကင်းဝေးနိုင်မည်ဖြစ်ပါသည်။


(၉) ဈေးနှုန်း (Price)




 လူများသည် မိမိတို့ စွဲမက်နှစ်သက်သော ပရိဘောဂအား သတ်မှတ် ဈေးနှုန်းဖြင့် ဝယ်ယူမည်ဖြစ်ပါသည်။ သို့သော် အထက်ဖော်ပြပါ အရည်အချင်းများတူညီခဲ့လျှင်၊ ဈေးနှုန်းသက်သာသော ပရိဘောဂများက ပို၍လူသုံးများမည်ဖြစ်ပါသည်။



ပရိဘောဂ ပုံစံအုပ်စုများ
 



 ပရိဘောဂ စတင်ပေါ်ပေါက် သုံးစွဲလာချိန်မှ ယနေ့အထိ ပရိဘောဂပုံစံ အမျိုးပေါင်းများစွာရှိပါတယ်။ နိုင်ငံအသီးသီးမှလည်း မိမိတို့၏ဟန်ဖြင့် ပရိဘောဂပုံစံများကို ပြုလုပ်ကြပါတယ်။ အပြည်ပြည်ဆိုင်ရာ ကူးလူးဆက်ဆံမှု တိုးတက်လာသည်နှင့်အမျှ ပရိဘောဂပုံစံမှာလည်း တိုင်းပြည်တစ်ခုမှ အခြားတိုင်းပြည် တစ်ခုသို့ လျင်မြန်စွာ ကူးပြောင်းလျက်ရှိပါတယ်။ များသောအားဖြင့် နိုင်ငံတိုင်းမှာ ပရိဘောဂ ပုံစံများကို မိမိတို့ နှစ်သက်မှုအလိုက် ပုံစံအုပ်စုများ ခွဲခြားထားကြပါတယ်။ ဥပမာ အမေရိကန်ပြည်ထောင်စုမှာ ပရိဘောဂပုံစံအုပ်စုများကို အောက်ပါအတိုင်း ခွဲ၍ ထားပါတယ်တဲ့။

(၁) ရှေးဦး အမေရိကန်ပုံစံများ (Early American)
(၂) မိရိုးဖလာဒီဇိုင်းပုံစံများ (Tradition)
(၃) ခေတ်ပြိုင်ပရိဘောဂပုံစံများ (Contemporary)
(၄)ပြင်သစ်နယ်ပယ်သုံးပုံစံများ (France Provincial)
(၅) အီတလီနယ်ပယ်သုံးပုံစံများ (Italian Provincial)
(၆) စပိန် (သို့မဟုတ်) မြေထဲပင်လယ်သုံးပရိဘောဂပုံစံများ (Spanish or Mediterranean)

တို့ ဖြစ်ကြပါတယ်။

 (၁) ရှေးဦး အမေရိကန်ပုံစံများ (Early American)







 ၁၆၀၈ ခုနှစ်မှ ၁၈၃၀ ခုနှစ်များအတွင်း ပြုလုပ်တဲ့ ပရိဘောဂပုံစံများအားလုံး ပါဝင်တယ်။ ထိုခေတ်မှာ ပရိဘောဂများကို လက်သုံးကိရိယာများဖြင့်သာ ပြုလုပ်ကြတယ်။ ထိုစဉ်က အမေရိကန်ပြည်ထောင်စု၌ စတင်အခြေချနေထိုင်သူများဟာ ပြည်တွင်းထွက်သစ်များကို အသုံးပြု၍ ပရိဘောဂအမျိုးမျိုး ပြုလုပ်ခဲ့ကြတယ်။ ဝင်ဆာကုလားထိုင်မှာ အဆိုပါ ပရိဘောဂအုပ်စု အမျိုးအစားတွင ်ပါဝင်ပါတယ်။

  ၀င်ဆာကုလားထိုင်

(၂) မိရိုးဖလာဒီဇိုင်းပုံစံများ (Tradition)










  လက်သုံးကိရိယာများဖြင့် ပြုလုပ်တဲ့ ပရိဘောဂများဖြစ်တယ်။ အင်္ဂလန်နိုင်ငံမှ သောမတ် (စ) ချက်ပင်ဒေး(လ်) ဟာ ၁၈ ရာစု၌ Gentlemen and Cabinet Makers Directory စာအုပ်ကို ရေးသားခဲ့တယ်။ ထိုခေတ် ပရိဘောဂပညာရှင်များ ဖြစ်ကြတဲ့ ချက်ပင်ဒေး(လ်) ဟက်ဝဲ(လ်) ဝှိုက်နှင့် ရှယ်ရီတန် စတဲ့ ပုဂ္ဂိုလ်ကြီးများရဲ့ လက်ရာများ လွှမ်းမိုးတဲ့ ပရိဘောဂများ ဖြစ်ပါတယ်။ ပရိဘောဂ ပုံသဏ္ဍာန်များဟာ ငှက်ခြေထောက်အသုံးပြုတဲ့ ပရိဘောဂများ အပါအဝင် ပရိဘောဂမျိုးစုံဖြစ်ပါတယ်။ အဓိကအားဖြင့် မဟော်ဂနီသစ်ကို အသုံးပြုပြီး နီညိုရောင်သို့မဟုတ် အညိုရောင်ဖြင့် အရောင်တင်သုတ်လိမ်းခဲ့ပါတယ်။

 (၃) ခေတ်ပြိုင်ပရိဘောဂပုံစံများ (Contemporary)






 ဤအုပ်စုမှာ ခေတ်မီပုံစံများ၊ စကင်ဒီနေးဗီးယား မိရိုးဖလာနှင့် အရှေ့တိုင်းပုံစံတို့ ရောနှောပါဝင်ကြပါတယ်။ ပရိဘောဂများကို စက်ကိရိယာများဖြင့်  စတင်ထုတ်လုပ်တဲ့  ပရိဘောဂပုံစံများ ဖြစ်ပါတယ်။ နေအိမ်များမှာ ပရိဘောဂထားသိုရန် ရရှိသော နေရာများကို အကျိုးရှိဆုံးအသုံးပြုရန်အတွက် ထပ်ဆင့်၍လည်းကောင်း၊ စုပေါင်း၍လည်းကောင်း၊ အသုံးပြုနိုင်သော ပရိဘောဂများပါဝင်ပါတယ်။ ပြောင်လက်မှုမရှိတဲ့ အရောင်တင်ဆီ၊ ကျွန်းဆီနှင့် အခြားဆီတစ်မျိုးမျိုးဖြင့် သုတ်လိမ်းကြပါတယ်။

(၄)ပြင်သစ်နယ်ပယ်သုံးပုံစံများ (France Provincial)












  ၁၈-ရာစုနှစ်တွင် အုပ်စိုးခဲ့တဲ့  (၁၄) ဆက်နှင့် (၁၅) ဆက်မြောက် ပြင်သစ်ဘုရင်လူဝီတို့ နှစ်သက်အသုံးပြုခဲ့သော လှပတဲ့  ပရိဘောဂပုံစံအမျိုးမျိုးဖြစ်ပါတယ်။ ငှက်ခြေထောက်သဏ္ဍာန်ဖော်ထားတဲ့  ပရိဘောဂများလည်း ပါဝင်ပါတယ်။ ဝါညိုရောင်၊ အညိုနုရောင်၊ အဖြူရောင်နှင့် အနက်ရောင်ပေါ်တွင် ရွှေမှုန်ချယ်ထားတဲ့ ပရိဘောဂများဖြစ်ပါတယ်။

 (၅) အီတလီနယ်ပယ်သုံးပုံစံများ (Italian Provincial)










 ၁၈-ရာစုနှင့် ၁၉-ရာစုနှစ်များအတွင်း အီတလီနိုင်ငံ၌ လက်သုံးကိရိယာများဖြင့် ပြုလုပ်တဲ့  ပရိဘောဂများကို အခြေခံကာ ပေါက်ဖွားလာခြင်းဖြစ်တယ်။ စားပွဲ၊ ကုလားထိုင်များရဲ့ ခြေထောက်များဟာ အရင်းမှအဖျားသို့ လေးဖက်လေးတန်လုံး ရှုးသွားကြတယ်။ တန်းများရဲ့အောက်မှာရှိတဲ့  ခြေထောက်များဟာ အရစ်များပါတတ်တယ်။ ပုံဏ္ဍာန်ပိုမိုလှပစေရန် အရောင်မတူသော သစ်များမြှပ်၍ထည့်ခြင်း၊ ထွင်း၍ပုံဖော်ခြင်းတို့ပါဝင်တယ်။ အညိုရောင်ဖျော့ကို နှစ်သက်ကြတယ်။

(၆) စပိန် (သို့မဟုတ်) မြေထဲပင်လယ်သုံးပရိဘောဂပုံစံများ (Spanish or Mediterranean)













 အနောက်မြောက်အာဖရိကမှာ  အခြေစိုက်နေထိုင်ခဲ့ကြတဲ့  မိုး (Moor) လူမျိုးများနှင့် ဥရောပတိုက်မြောက်ပိုင်းတွင် ၁၃-ရာစုနှစ်နှင့် ၁၅-ရာစုများအတွင်း ထွန်းကားခဲ့တဲ့  ဂေါသစ် (Gothic) ဗိသုကာလက်ရာများ စုပေါင်းလွှမ်းမိုးတဲ့  ပရိဘောဂများ ဖြစ်တယ်။ ပရိဘောဂများပြုလုပ်ရာမှာ သစ်သား၊ ကြွေနှင့် သံထည်များကို ရောနှောအသုံးပြုပါတယ်။ မြင်းခွာပုံသဏ္ဍာန် အကွေးအကောက်များကို ပရိဘောဂများစွာတွင် တွေ့ရတယ်။



 Modern Furniture Design

 ဒါလေးတွေက modern furniture design လေးတွေပါ...။ သူ့ရဲ့ ဆန်းသစ်လှပမှုတွေကိုတော့ အထူးပြောဖွယ်ရာ မရှိလောက်ဘူးထင်ပါတယ်...။ ခေတ်သစ်ရဲ့ လိုလားချက်တွေနှင့်အညီ တီထွင်ဆန်းသစ်တဲ့ ဒီဇိုင်းအမျိုးမျိုးကို တွေ့မြင်နိုင်မှာပါ..။
လေ့လာကြည့်ကြပါ...







MTZO

Reference:

- ခေတ်မီ ပရိဘောဂလုပ်ငန်း , ဦးကောင်းရင်
-http://www.equipegregoire.com/
-http://mennonitefurnitureontario.com/
-http://www.lantiques.com
-http://www.emwa.com.au
-http://www.pianoman.bc.ca
-https://www.nccfurniture.com
-https://www.nccfurniture.com/
-http://www.decodir.com
-http://www.accentsofsalado.com
-http://attractions.uptake.com
-http://www.accentsofsalado.com







No comments:

Post a Comment