Sunday, November 13, 2011

မြန်မာပြာသာဒ်များကို တီးခေါက်ခြင်း

မြန်မာပြာသာဒ်များကို တီးခေါက်ခြင်း(၁)





 မိုးလေး တစ်စိမ့်စိမ့်ရွာနေသည်မှာ လူကိုချမ်းစိမ့်စိမ့်ဖြစ်နေစေသည်...။ နံနက်စောစောကတည်းက ကိုယ်လက်မအီမသာဖြစ်နေသည်။ မထချင်သဖြင့် အိပ်ယာမှာပေအိပ်နေမိသည်..။ ထိုစဉ်ဖုန်းမှ Ring တုန်းမြည်သံက ကျယ်လောင်စွာထွက်လာသည်..။ စနေအလုပ်ဆင်းရသော မဟေသီဆီမှဖြစ်သည်။ လျှော်ထားသော အဝတ်တွေ မီးပူတိုက်ဖို့ အော်ဒါအောက်နေခြင်းဖြစ်သည်...။ ဟူးးး မထချင်ထချင်ဖြင့်ထရအုန်းမည်...။ ရေချိုးကာ နံနက်စာ မိုင်လိုဖျော်၍ ပေါင်မုန့်ချပ်လေးဖြင့် လွေးလိုက်တော့သည်..။ အဝတ်တွေကို မီးပူတိုက်ရင်း ဘော်ဒါကြီး MMO ကိုမျှော်နေမိသည်။
အိမ်ရှေ့မှ တံခါးခေါက်သကြားလိုက်သဖြင့် စိတ်ထဲ အတော်ရွှင်သွားသည်...။ မီးပူကိုထောင်ထားကာ အိမ်ရှေ့မှတံခါးသွားဖွင့်ပေးလိုက်သည်..။ မိုးရေစိုစွတ်လာသော MMO မှာ အပြေးအလွှား အိမ်ထဲဝင်လာသည်...။ အိမ်ထဲ ရောက်လျှင် အဝတ်ခြောက်များပေးပြီး အဝတ်လဲခိုင်းလိုက်သည်..။
“ဟားဟား ကိုယ့်လူက... မီးပူတွေ ကိုယ်တိုင် တိုက်လို့ပါလား...”
ဟုပြုံစစဖြင့်မေးသဖြင့် မျက်နှာရှုံမဲ့ပြလိုက်မိသည်..။
“ဘယ်တတ်နိုင်မလဲ...ဗျာ.. သပ်သပ်ရပ်ရပ်လေး ဝတ်ချင်တော့ တိုက်ရတော့တာပေါ့... ကဲနားအုန်းဗျာ... ကျနော် လက်ကျန်အဝတ်လေးတွေ တိုက်လိုက်အုန်းမယ်...။”
............
............
“ဘယ်လိုလဲဗျ... မျက်မှောင်ကြီးကုတ်နေပါလား...”
“အင်းဗျာ... ပြဿနာဆိုတဲ့ အကြောင်းမီးပူတိုက်ရင်း စိတ်ထဲပေါ်လာလို့... ကိန်းဘရစ်အဘိဓါန်ထဲ မှာတော့
problem    /"prQb.l@m/  /"prA:.bl@m/ noun [C] 
1   a situation, person or thing that needs attention and needs to be dealt with or solved:
financial/health problems
2   a question in mathematics which needs an answer:
3   problem child/family, etc. a child, etc. whose behavior is bad. လို့ပြောထားတာပဲ...”
“အင်း ဟုတ်ပါပီဗျာ... ခင်းဗျာပြောမှ... ပြဿနာကို မြန်မာလို ဘယ်လိုရိုက်ရလဲလို့ ကျနော့ကို ခင်ဗျား မေးဖူးတာ ပြန်သတိရမိတယ်...”
“ဟား...ဟား.... လုပ်ပြီခင်ဗျားကတော့...”
“အင်း...ပြဿနာဘယ်လိုပေါင်းလဲ မေးတော့.... ခင်းဗျားမိန်းမအမည်ပေါင်းလိုက်ရင် ရတယ်ပြောလိုက်မိတာ... အဟီး... ကံကောင်းလို့ ၂ယောက်လုံး အဲဒီနေ့က ထမင်းအပြင်ထွက်မစားလိုက်ရတာ...”
“ဟုတ်ပါ့ဗျာ... ဒါနဲ့ ပြဿနာပြောလို့ ပြဿနာနှင့် ဆင်တဲ့ ပြာသာဒ်အကြောင်း သိချင်မိတယ်ဗျ... ခင်းဗျားက မန္တလေးမှာ လုပ်ဖူးတော့ ပြာသာဒ်အကြောင်းလေးတွေ တီးမိခေါက်မိမယ်ထင်တယ်...သိသလောက် ပြောစမ်းပါအုန်းဗျာ.....”




  “ အင်း... ခင်ဗျားပြောမှ နန်းတွင်းထဲက ဗိသုကာရုံးမှာ ဆွဲခဲ့ရတာတွေ ပြန်အမှတ်ရမိတယ်ဗျာ.... ပုံဆွဲရတာ ဇတ်ညောင်းရင် ရုံးနားအိမ်က ကောင်မလေးတွေ သွားငေးတတ်တာလည်း အမှတ်ရမိသွားတယ်... အဟဲ...”
“အမလေး... ကိုယ့်လူရယ် ပြာသာဒ်အကြောင်းမေးပါတယ်.... လွမ်းချင်းတွေများဖွဲ့မလို့လားဗျာ....”
“ကဲ... ဟုတ်ပါပြီဗျာ... ပြာသာဒ်အကြောင်းပြောမယ်ဆိုတော့ အရင်ဆုံး ပြာသာဒ်ဆိုတာ ဘာလဲက စပြောရမှာပေါ့....”
ဆရာ ဦးထွန်းမြင့် ပြုစုထားတဲ့ “ပါဠိသက်ဝေါဟာရများ အဘိဓါန်” မှာတော့ ပြာသာဒ်ကို - “အမိုးဘုံအဆင့်ဆင့်ရှိသော အဆောက်အအုံ” လို့ အဓိပ္ပာယ်ဖွင့်ထားတယ်ဗျ...  နောက် မြန်မာစာအဖွဲ့ကထုတ်ထားတဲ့ အဘိဓါန်မှာလည်း - “ဘုံ အဆင့်ဆင့်နှင့် ထုပိကာတင်ထားသော အဆောက်အအုံ လို့ ဖွင့်ထားသေးတယ်....” “အင်း... ဟုတ်ပါပီဗျာ.... ဒါနဲ့ ပြာသာဒ်ဆိုတဲ့ စကားက ဘယ်ကနေဆင်းလာတာလဲ.... မြန်မာစကားစစ်စစ်ပဲလား..”
“အဲလိုမနောက်နဲ့လေ.... ခုနက ပါဠိသက်ဝေါဟာရ အဘိဓါန်လို့ပြောထားတဲ့ဟာ ... ပါဠိကနေ ဆင်းလာတဲ့ ကိတ္တိမ မွေးစား စကားလုံးပေါ့.... ဒီလိုဗျ... အဲဒီပါဠိစကား ကလည်း “ပြသာဒ” ဆိုတဲ့ သက္ကတဘာသာကနေ “ပါသာဒ” ဆိုပီးတဆင့်ပြောင်းတယ်... အဲဒီကနေ “ပသာဒ” ဆိုတဲ့ ပါဠိစကားကိုပြောင်းလာခဲ့တော့တာလို့ ပညာရှိတွေဆိုကြသဗျ.... ပသာဒ ဆိုတာလည်း မြန်မာလို အကြည်ဓါတ်၊ ကြည့်၍ လှပပြေပြစ်ခြင်းလို့ အဓိပ္ပါယ်ရတယ်...။ အဲဒီ ပသာဒ ဆိုတဲ့ ပါဠိစကားကနေ ပြာသာဒ်ဆိုပြီးပြောင်းလာတာတဲ့... အဓိပ္ပါယ်ဖွင့်ရင်တော့ လှပတင့်တယ် ရှု့ချင်ဖွယ်ဖြစ်သည်။ ကြည့်ရှုဖွယ်ကောင်းသည်။ ဆိုတဲ့ အဓိပ္ပါယ်မျိုးဖွင့်ရမှာပေါ့ဗျာ...။
“အင်း.... ကိုယ့်လူက ပါဠိတွေ သက္ကတတွေနဲ့ ကိုင်ပေါက်တော့ ပြောသမျှ နားထောင်ရတော့မှာပေါ့ဗျာ... သိမှမသိပဲကိုးဗျ...”
“အန်... သေသေချာချာ ဂဃ နဏ လည်း ပြောပြရသေးတယ်... မယုံသလိုလိုနဲ့... တင်းသွားပြီဗျာ...”
“ဟားဟား... စတာပါ ကိုယ့်လူရာ... ကဲ ဆက်ပြောပါအုန်း... ပြာသာဒ်အမျိုးအစားတွေရော ဘယ်နှစ်မျိုးရှိသလဲ...ဘယ်လိုပုံတွေလည်း ထပ်သိချင်သေးတယ်ဗျ.....”
“ အကြမ်းဖျင်းတော့ လေးမျိုးခွဲထားတယ်ဗျ...”
ပထမတစ်မျိုးက ထိပ်ဘုံတွေမှာ အဆင်တန်ဆာတွေဖြစ်တဲ့ ထုပိကာတွေ၊ မုခ်တွေ၊ ထောင့်တွေ မပါတဲ့ ပြာသာဒ်တွေပဲ... ပြောရရင် ပြာသာဒ် ကတုံးတွေလို့ ဆိုရင်ရမလားပဲဗျာ... အဟီး... အဲဒါတွေကို ပုဂံခေတ်မှာ အလုပ်များတယ်ဗျ...။
“အင်း နောက်ဒုတိယတစ်မျိုးကရော...”
“အဲဒါက ပထမ အင်းဝခေတ်မှာတွေ့ရတတ်တဲ့ ပြာသာဒ်တွေပဲဗျ... ထုပိကာပါလာတယ်.... နောက်ထောင့်ပန်းလေးတွေလည်းပါလာတယ်ဗျ...။ ဒါနဲ့... မြန်မာ့သမိုင်းမှာ အရေးပါတဲ့ ခေတ်တွေကိုရော သိလားဗျ....”
“အံမယ်...ဒါလေးလောက်တော့သိပါတယ်ဗျာ... ကျောင်းတုန်းက သမိုင်းမှာ ကဗျာတိုလေးနဲ့ သင်ထားလို့ ခုထိမှတ်မိနေသေးတယ်... ပု၊ပင်း၊ အင်း၊ တောင်၊ ညောင်ရမ်းနောင်၊ ကုန်းဘောင် နှစ်ခေတ်ခွဲတဲ့..ဟုတ်တယ်မဟုတ်လား...။”
“ဟုတ်ပါ့ဗျာ ... ဒါနဲ့ တတိယတစ်မျိုးဆက်ပြောအုန်းမယ်... အဲဒါက ခိုနန်းချိုးပြာသာဒ်လို့ခေါ်တဲ့ ဒေါင့်ချိုးတွေပါလာတဲ့ ပြာသာဒ်တွေပဲ...။ အဲဒါတွေကိုတော့ ဟံသာဝတီခေတ်နှင့် ဒုတိယအင်းဝခေတ်တွေမှာ အတွေ့များတယ်....။ စတုတ္ထကတော့ ကုန်းဘောင်ခေတ်ကနေ ခုထိဆောက်နေကြတဲ့ လေးထောင့်စက်စက်ပြာသာဒ်တွေပဲဗျ...။ အဲဒီ ပြာသာဒ်တွေမှာ ထုပိကာ၊ မုခ်တွေနှင့် ထောင့်တွေတိုင်းမှာ ထောင့်ပန်းတွေ မုခ်တွေမှာလည်း မုခ်ပန်းတွေ ပါလာတယ်... အဲဒါတွေကို ဘုံ အဆင့်တိုင်းမှာ တပ်ဆင်ထားတယ်ဗျ....”
“ ဒါနဲ့ ခိုနန်းချိုးဆိုတာ ဘယ်လိုဟာမျိုးလဲဗျ...”
“အော်... ခိုနန်းချိုးဆိုတာ ဒီလိုဗျာ... ပုံလေးနှင့်ကြည့်လိုက်ရင်ပိုရှင်းသွားမယ်...ဒီအောက်ကပုံကိုကြည့်ဗျာ.... ပုံမှာတွေ့သလို ထောင့်တွေကို အကွာအဝေးညီညီ အချိုးချိုးထားတာကို ခိုနန်းချိုးလို့ခေါ်တာပဲဗျ...ချိုးလိုက်တဲ့အနားတစ်ခုဖြစ်ဖြစ် နှစ်ခုဖြစ်ဖြစ် အနားညီညီချိုးထားရင် ခိုနန်းချိုးလို့ ခေါ်တယ်ဗျ... တကယ်လို့ အဖက်ကသေးတစ်ဖက်ကြီးပုံစံမျိုး ချိုးထားရင် “တင်း”လို့ခေါ်တယ်....။




 “ အင်း ခုလိုဆိုတော့ ရှင်းသွားပါပြီဗျာ... ဒါနဲ့ ပြာသာဒ်တွေကို အဆင့်ဘယ်နှစ်မျိုးစီ ဆောက်တတ်ကြသလဲ...”
“များသော အားဖြင့်တော့... အနည်းဆုံး ၃ဘုံကနေ၊ ၅ဘုံ၊ ၇ဘုံ၊ ၉ဘုံ၊ ၁၁ဘုံ၊ ၁၃ဘုံ၊ ဆိုပြီး မ ဂဏာန်းဘုံတွေပဲ တည်ဆောက်ကြတယ်ဗျ...”





 “အင်း... အတော်လေးတော့ တီးမိခေါက်မိသွားတယ်ဗျာ... ခင်ဗျားလည်း ဗိုက်ဆာနေလောက်ပြီ အပြင်သွားပြီး တစ်ခုခုစားကြရအောင်ဗျာ... အပြင်မှာမိုးလည်း တိတ်သွားပြီ...။”
“ကောင်းသားပဲဗျာ....”
“နောက်အပတ်လာရင်တော့ ပြာသာဒ်အစိတ်အပိုင်းတွေရဲ့ အခေါ်အဝေါ်တွေ ဆွဲသားပုံတွေ မေးအုန်းမယ်ဗျာ...”
“ဟုတ်ပါပြီဗျာ... ကျနော်လည်း သိတာလေးတွေ ပြောရတော့ ကျေနပ်မိသဗျာ...ကျနော်တို့ အသိပညာ ဖလှယ်ရတာ အတော်လေး အကျိုးများတယ်...၊ လူတစ်ယောက်ကမေးလို့ ဖြေရင်း ကိုယ်တိုင်လည်း ပိုအသိတိုးသွားသလို ကျနော်ကတော့ ခံစားရတတ်တယ်...”
“အင်းဟုတ်ပ... ကျနော်လည်း အဲလိုမျိုး စိတ်ထဲ ဖြစ်ရတာပဲ....”
“ ကျနော်တို့တွေလည်း နိုင်ငံရပ်ခြားမှာ နေထိုင်လုပ်ကိုင်ရင်း တဖက်တလမ်းကနေ အသိပညာတွေ တိုးအောင် ကြိုးစားနေရတယ်ဗျာ... ကျနော်တို့တွေ ပြန်ရက်ဘယ်တော့များမှ နီးမလဲမသိသေးဘူး MTZO ရာ...”
“ခု ချိန်ထိတော့ ဆရာမြသန်းတင့် ရဲ့ ဝတ္ထုကြီးလိုပဲ - ရွှေပြည်တော် မျှော်တိုင်းဝေး- ဖြစ်နေတုန်းပဲ တင်တယ်ဗျာ...၊ ပြောရင်း ကျနော့်စိတ်ထဲ အမိမြေကို လွမ်းမိသလို အမိမြေက စေတီပုထိုးကျောင်းကန်တွေက လှပခန့်ညားတဲ့ ပြာသာဒ် ဘုံအဆောင်တွေလည်း ယော်ရမ်းမိတယ် MMO ရာ...”
“အင်း... ငယ်ငယ်က ဗုံကြီးသံ ကဗျာလေးတောင် အမှတ်ရမိတယ်...”
“လုပ်စမ်းပါအုန်း...”
“ ရွှေဘုန်းတော် တိုး.... ပါလို့ ... ငွေမိုးတွေ.... ရွာ.....
နိုင်ငံတော် ပြည်အရေးက သာလှတယ်လေး.... ”
........
ပြည်ရွှေဘို မြို့တော် မြောက်ဆီက ........
ပြည်ရွှေဘို မြို့တော် မြောက်ဆီက  .......
....................
....................
............
သာလှတယ်လေး........
................
အသံဝါကြီးနှင့် ဆွဲဆွဲငင်ငင် လေးလေးပင်ပင် ဆွေးဆွေးမြေ့မြေ့ သီဆိုနေသော MMO ကိုကြည့်ကာ ကျနော်စိတ်မောစွာ သက်ပြင်းအကြိမ်ကြိမ်ချနေမိသည်...။
MMO မှာ တဘက်သို့မျက်နှာလှည့်ကာ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်နေပါတော့သည်...။
ကောင်ကင်တပြင်လုံးမှာတော့ ဖြူလွလွတိမ်စိုင်တို့ကား ပြေးလွှား လှုပ်ရှားရင်း... အာကာတစ်ခွင်လုံး ဖုံးလွှမ်းဖို့ရန် ကြံစည်နေသည်ထင်မိပါတော့သည်...။

လေးစားစွာဖြင့်

MMO & MTZO

No comments:

Post a Comment