Sunday, November 13, 2011

မြေခင်းအလှနှင့် နှင်းဆီပင်(Rose in The Landscape)

မြေခင်းအလှနှင့် နှင်းဆီပင်(Rose in The Landscape)





 နှင်းဆီပင်တွေကို သူတို့ရဲ့ အပွင့် အလှပြသဖို့ရန် ရှိုးကေ့ အဖြစ်အခြားပန်းမျိုးတွေနှင့်အတူတွေ့ရတတ်ပါတယ်။ မြန်မာနိုင်ငံမှာဆို ဘုရားပန်းတွေမှာ ဧည့်ခန်းတွေမှာ တွေ့နေရပါတယ်။ သို့သော်လည်း နှင်းဆီပင်တွေဟာ သူတို့ရဲ့ခန့်ညားလှပတဲ့ အရွက်ကြောင့် မြေခင်းအလှ(Landscape) ပြုလုပ်ရာမှာ ကောင်းကောင်းအသုံးပြုနိုင်ပါတယ်။ နှင်းဆီပင် ခြုံငယ်လေးတွေကို အဆောက်အဦးတွေရဲ့ စင်္ကြန်လမ်းအဆုံးမှာဖြစ်စေ၊ ဥယျာဉ်တွေရဲ့ အခင်းပြင်တွေမှာ ဖြစ်စေ စိုက်ပျိုးတတ်ကြပါတယ်။ နှင်းဆီခြုံအကြီးတွေနှင့် နွယ်ပင်တွေကိုတော့ သီးသန့်နေရာတွေပြုလုပ်ဖို့ ဒါမှမဟုတ် မြင်ကွင်းနေရာတွေ ပိုင်းဖြတ်ခွဲခြားဖို့ ပြုလုပ်ရာမှာ အသုံးပြုတတ်ကြပါတယ်။




 (၆)ပေကျော် အရပ်ရှိပြီး ထူထပ်တဲ့ ခြုံတန်းရှည်တွေက နှစ်ရှည်ခံ ခြံစည်းရိုးသစ်ပင်တွေအဖြစ် အသုံးဝင်လှပါတယ်။ တခြားအသုံးပြုပုံကတော့ အိမ်တွေရဲ့ ဘေးဘက်တွေမှာ ပန်းစင်ခံပြီး ခြုံနွယ်တွေတက်အောင် ထိန်းကျောင်းပြုပြင်ပြီး စိုက်ပျိုးလို့လည်းရပါတယ်။ ခြုံနွယ်တွေ အဖြစ်ပြုလုပ်နိုင်ခြင်းကလည်း နှင်းဆီပင်တွေရဲ့ ဆွဲဆောင်နိုင်ခြင်းတစ်မျိုးပါပဲ။ များစွာသော နှင်းဆီမျိုးစိတ်တွေ နှင့် ဥယျာဉ်သုံး နှင်းဆီပင်အိုတွေဟာ သဘာ၀ မြေခင်းအလှဖော်ဆောင်ရာမှာ အံဝင်ခွင်ကျ အဆင်ပြေ သင့်လျှော်နေပါတယ်။


အချုပ်အားဖြင့် ဆိုက်တစ်ခုရဲ့ မြေခင်းအလှလုပ်ဆောင်ရာမှာ နှင်းဆီပင်ကို အသုံးပြုမယ်ဆိုရင် သဘာဝပတ်ဝန်းကျင်ရဲ့ အခြေအနေကို ထည့်စဉ်းစားရပါမယ်။ နှင်းဆီပင်တွေဟာ နေရောင်ခြည်ကို အင်မတန်နှစ်သက်တဲ့ အပင်တွေပါ။ သူ့အတွက် နေရောင်ခြည်တစ်နေ့ကို အနည်းဆုံး ခြောက်နာရီထိတွေ့ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ ပူလွန်းတဲ့ရာသီတွေမှာလည်း မွန်းတည့်နေရဲ့ ပူပြင်းမှုကိုကာကွယ်ဖို့ သင့်တော်တဲ့ အရိပ် တွေပြုလုပ်ပေးရပြန်ပါသေးတယ်။ နောက်ပြီး လေပြင်းတိုက်ရိုက်ထိတွေခြင်းကလည်း ကာကွယ်ပေးဖို့ လိုအပ်သေးတယ်။ လေပြင်းထိရင်တော့ နှင်းဆီရဲ့ အဖူးအပွင့်တွေ ကျေမွပျက်စီးလွယ်ပါတယ်။ အပင်ကိုလည်း လျှင်မြန်စွာ ညှိုးခြောက်သွားစေနိုင်ပါတယ်။ စိတ်ထဲမှာ အမှတ်ရနေသင့်တာကတော့ အပင်ရဲ့ ရင့်မာတဲ့ ရှင်သန်မှုကို အမြဲထိန်းသိမ်းထားနိုင်ဖို့ပါပဲ။ လေဝင်လေထွက်ကောင်းစွာရရှိနိုင်တဲ့အခန်းထဲမှာ အခြားအပင်တွေနှင့်အတူ လေကောင်းစွာဖြတ်သန်းတိုက်ခိုက်နိုင်ဖို့ ထားပေးခြင်းက ရောဂါဖြစ်ခြင်းကို ကာကွယ်ရာမှာ အကူအညီပေးနိုင်ပါတယ်။

ကျနော်အခုပြောတဲ့ အချက်တွေအပြင် အခြား နှင်းဆီနှင့်ပတ်သတ်တဲ့ အသုံးပြုနိုင်ပုံတွေ များစွာ ရှိနေနိုင်ပါတယ်ခင်ဗျာ...။ ပစ္စည်းတစ်ခုဆိုတာ နေရာဒေသ အချိန်အခါကိုလိုက်ပြီး အသုံးပြုတတ်သူအပေါ် မူတည်ပြီး ပြောင်းလဲနိုင်တာပဲ မဟုတ်လား။ ဒါတွေကတော့ လူသားတွေရဲ့ စိတ်ကူးတီထွင်ဉာဏ်ဆန်းကျယ်မှုအပေါ်လိုက်ပြီး ဆုံးဖြတ်ရမှာပါခင်ဗျာ... ။
အဲလို ဖန်းတီးတီထွင်နိုင်ခြင်းဟာ အခြားမည့်သည့်သတ္တဝါမှ မပြုလုပ်နိုင်ဘဲ လူသားတို့သာ ပြုလုပ်နိုင်တဲ့ သီးသန့်မဟာ အခွင့်အရေး မဟုတ်ပါလားခင်ဗျာ...။

အဲ စိုက်ပျိုးနည်း အကြောင်းကိုတော့ နောက်မှ ဆက်ပါမယ်ခင်ဗျာ...။ နားအုန်းမယ်ဗျာ...။

MMO



နှင်းဆီပင် စိုက်ပျိုးခြင်း

တော်ဝင်ပန်းကို စိုက်ပျိုးခြင်း(သို့မဟုတ်)လူများစွာရဲ့အသဲစွဲ နှင်းဆီ(သို့မဟုတ်) ရိုစီ(ROSES)





 မြေခင်းအလှပညာမှာ ပန်းပင်သစ်ပင်တွေစိုက်ပျိုးခြင်းက အထူးပင်အရေးကြီးလှပါတယ်။ အလှပန်းပင်များ စိုက်ပျိုးခြင်းဖြင့် ရနံ့၊ အဆင်းတို့ ရောနှောခံစားခွင့် ရရှိပါတယ်။ လတ်ဆက်သောလေ နှင့်အတူ သင်းပျံ့တဲ့ ပန်းရနံ့တွေက ထိုနေရာရောက်လာသူကို ကြည်လင်ရွှင်လန်းမှုကို ပေးစွမ်းနိုင်ပါတယ်။ အလှစိုက်ပန်းပင်တွေထဲမှာ ရိုစီ(Roses) လို့ခေါ်တဲ့ နှင်းဆီပန်းပင် စိုက်ပျိုးနည်းအကြောင်းလေး ဆွေးနွေးကြည့်ချင်ပါတယ်။ ကျနော့ရဲ့ စာတွေ့အသိနှင့်သာပြောပြနိုင်မှာပါ။ လက်တွေ့ စိုက်ပျိုးဖူးတဲ့သူတွေ၊ ဥယျာဉ်မှူးတွေ၊ စိုက်ပျိုးရေးပညာရှင်တွေ၊ နောက်... ကျနော့ထက် လေ့လာဖတ်ရှုအားကောင်းတဲ့သူတွေ ဒီစာလေးဖတ်ပြီး လိုအပ်တာ၊ မှားယွင်းတာများရှိရင် ပြင်ဆင်ဆွေးနွေးသွားဖို့ ဖိတ်ခေါ်ပါတယ်။ ကျနော့ရဲ့ အသိအနည်းငယ်ကို မျှဝေခြင်းမို့ မပြည့်စုံဘူး ဆိုတာကိုလည်း ကြိုတင်ပြောကြားထားပါရစေခင်ဗျာ။

ပန်းအလှများစွာထဲမှာ အထင်ရှားဆုံးလူသိအများဆုံးဟာ နှင်းဆီပန်းဆိုရင် လက်ခံနိုင်မယ်ထင်ပါတယ်နော်။ နှင်းဆီပန်းကို မနှစ်သက်သူများလည်းရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့လှပတဲ့ အဆင်းနှင့် သင်းပျံ့စူးရှစွဲဆောင်အားကောင်းလှတဲ့ မွှေးရနံ့ကတော့ လူအတော်များများကို အရူးအမူး အသဲခိုက်စေတာပါ။ အဲဒီလို လူကြိုက်များလွန်းလို့လည်း အချို့သူတွေက မနှစ်သက်တာလားလို့ ကျနော်တွေးမိပါတယ်။ နှင်းဆီပန်းနှင့်အတူ လှပတဲ့၊ ကြေကွဲဖွယ်ကောင်းတဲ့၊ ချစ်ခင်နှစ်သက်ဖွယ်ကောင်းတဲ့၊ ချစ်ခြင်းတရားကိုပုံဖော်သီကုံးတဲ့  ပုံပြင်၊ ဒဏ္ဍာရီ၊ ဝတ္ထုတွေကလည်း နှင်းဆီပန်းချစ်သူတွေကို ပိုလို့မြတ်နိုးစေပြန်တာပေါ့။ အဲဒီလို နှစ်သက်ဖွယ်ကောင်းပြီး စွဲဆောင်အားကောင်းလှတဲ့ တော်ဝင်နှင်းဆီပင်ကို စိုက်ပျိုးဖို့ဆိုရင် မကျွမ်းကျင်တဲ့စိုက်ပျိုးစ ဥယျာဉ်မှူးလက်သစ်တွေ အတွက် တွန့်ဆုတ်နေတတ်ပါတယ်တဲ့။

ဘာကြောင့်လဲဆိုတော့ နှင်းဆီပင်က အလှတရားတွေ ဝင့်ထယ်သလို စိုက်ပျိုးထိန်းသိမ်းရ ခက်တယ်ဆိုတဲ့ ဂုဏ်သတင်းကလည်း စိုက်ပျိုးသူတွေကြား မွှေးပျံ့လှပါတယ်။ အဲဒီလို ထိန်းသိမ်းရခက်လို့လည်း သူ့ရဲ့တန်ဖိုးက ပိုမြင့်နေသလားဆိုတာလည်း တွေးစရာပါ။ အကယ်၍ သူ့ကိုသာ စိုက်ပျိုးနိုင်ပြီဆိုရင် သူရှိတဲ့နေရာကို ရောက်လာတဲ့ သင့်အတွက် သူ့ရဲ့လှပတဲ့ ရောင်စုံ အဖူး အပွင့်တွေ၊ မွှေးပျံ့ထုံအီစေတဲ့ရနံ့တွေက သင့်ကို မိန်းမောတွေဝေပြီး နှလုံးအိမ်တစ်ခုလုံးကို သိမ်းကြူံးယူငင်သွားခြင်းခံရသလို အံ့သြငေးမောသွားစေမှာပါ။ သူ့ကို စိုက်ပျိုးထားပြီး ပိုင်ဆိုင်နေတဲ့ သင်ကိုယ်တိုင်လည်း ဂုဏ်ယူဝင့်ကြွားနေမိမယ်လို့ ဆိုမိရင် လွန်သွားမလားခင်ဗျာ။
ဘယ်လိုပဲဖြစ်ဖြစ်လေ ဒီဖိုရမ်မှာ အင်မတန်သတင်းမွှေးတဲ့ အလှနှင်းဆီလေးကို ကျနော်တို့တတွေ စိုက်ပျိုးကြည့်ကြရအောင်လား။
မစိုက်ပျိုးခင် ဘာတွေလိုအပ်လည်းဆိုတာ စာရင်းလေး လုပ်လိုက်အုန်းမယ်ဗျ။

ဒီမှာဗျာ "Tool & Material Checklist" တွေကတော့

1-Spade (တူရွန်းပြား၊ ဂေါ်ပြား)
2-Garden Fork (ဥယျာဉ်သုံး မြေဆွ ခရင်းခွ)
3-Fertilizer(မြေသြဇာ)
4-Towel(ရေစုပ် အဝတ်)
5-Garden Hose(ဥယျာဉ်သုံး ရေပန်း)
6-Pruning Shears(ပေါင်းရှင်းကိရိယာ)
7-Compost(မြေဆွေး)
8-Loppers(ဖြတ်တောက်ကိရိယာ)
9-Peat Moss(ရေညှိုမြေဆွေး)
10-Bucket(ခြင်းတောင်း)
11-Plants(နှင်းဆီပင်)
12-Wheelbarrow or Garden Cart(တစ်ဘီးလက်တွန်းလှည်း (သို့) ဥယျာဉ်သုံး တွန်းလှည်း)

ကဲ... ၁၂ မျိုးတောင်ပဲဗျာ...။  အဲဒါလေးတွေ လိုအပ်တယ်တဲ့။ အင်းတကယ်လိုမလိုတော့ တကယ်စိုက်ဖူးတဲ့သူတွေ သိကြမှာပါ။ ကျနော်ကိုယ်တိုင်တော့......နောက်အဆင်ပြေရင် တကယ်စိုက်ကြည့်မယ်ဗျာ။ ခုတော့ ဒါလေးတွေ စုဖို့ပြင်ထားအုန်းမယ်ဗျိုး...။

ဆက်ပါမည်


MMO

Ref: How-To Booklet- #3135 (ROSES)

House Garden Design





ကျနော်တို့တွေ မြေခင်းအလှပညာ(Landscape Technology) အကြောင်း သေသေချာချာ မရေးဖြစ်သေးပါဘူး...။ ခုတလော ကျနော်ရုံးမှာ မြေခင်းအလှ(Landscape Design) အနည်းငယ်ပါဝင်တဲ့ ပရောဂျက်တွေလုပ်နေရပါတယ်...။ အဲဒီတော့ ကျောင်းမှာသင်ခဲ့တဲ့ စာတွေ ကပြာကယာရော ပလူးပလဲရော ပြူးပြဲပြီး အိမ်ရောက်တာနဲ့ ဖတ်နေရတော့ပါတယ်..။ ခုလောလောဆယ် House Garden အကြောင်းလေး စိတ်ထဲမှာ အတော်လေး စိတ်ဝင်စားမိပါတယ်...။ အဲဒီတော့ အဲဒီအကြောင်း လေ့လာမိသလောက် ရေးဖို့စိတ်ထဲမှာပေါ်လာလို့ ခုပို့စ်လေးတင်လိုက်ပါတယ်ခင်ဗျာ...။

House Garden ကို ကျနော်လေ့လာမိသလောက် ၃ မျိုးရှိတယ်လို့ မှတ်သားမိပါတယ်...။
1 - Terrace House Garden Design
2 - Bungalow or Detached House Garden Design
3 - Semi-private Garden လို့ အကြမ်းပျဉ်းခေါ်နိုင်တဲ့ ၃ မျိုးပါပဲ...။

1 - Terrace House Garden Design



 ဒီ Garden Design မှာ နှစ်မျိုး ထပ်ပြီးခွဲထားပါသေးတယ်...။ Corner Terrace House Garden Design နှင့် Intermediate Terrace House Garden Design တို့ပါပဲ...။ Corner Terrace House Garden Design မှာ အဆောက်အအုံ၏ ရှေ့ဘက်၊ နောက်ဘက်နှင့် ဘေး တစ်ဘက်ကို Garden Design ပြုလုပ်နိုင်ပါတယ်...။  Intermediate Terrace House Garden Design မှာ ရှေ့ဘက်နှင့် နောက်ဘက်မှာသာ Garden Design ပြုလုပ်နိုင်ပါတယ်...။

2 - Bungalow or Detached House Garden Design




 ဒီ Design မှာ Semi-Detached House Garden Design နှင့် Bungalow or Detached House Garden Design ဆိုပြီး နှစ်မျိုး ထပ်တွေ့ နိုင်ပါသေးတယ်....။  Semi-Detached House Garden Design မှာ ဘေးနှစ်ဘက်နှင့် ရှေ့မျက်နှာစာမှာ Design ပြုလုပ်တဲ့ အတွက် U shape ပုံစံတွေသာ တွေ့ရပါတယ်...။ Bungalow or Detached House Garden Design မှာတော့ အိမ်ရဲ့ လေးဘက်စလုံးမှာ လှပသာယာအောင် အမျိုးမျိုးဖန်းတီး ကြပါတယ်။

3 - Semi-private Garden





 ဒီ Design ကို Condominium တွေမှာသာ ပြုလုပ်တတ်ပါတယ်။

ခုလောက်ဆိုရင် House Garden တွေကို အကြမ်းသိနိုင်လောက်ပါပြီ...။
နောက်ထပ်ပြောချင်တာကတော့ House Garden တစ်ခုကို Design ပြုလုပ်ရမယ်ဆိုရင် ဘယ်လိုအကြောင်းအရာတွေ ထည့်သွင်းစဉ်းစားရမလဲဆိုတာပါ...။

1- အလုပ်အပ်နှံသူဟာ  House Garden အတွက် ငွေဘယ်လောက် အသုံပြုမလဲ။
2- အလုပ်အပ်နှံသူရဲ့ မိသားစု အခြေအနေ.... လူဦးရေဘယ်လောက်လဲ၊ ကျား၊မဘယ်နှစ်ယောက်လဲ၊ အသက်အရွယ် ဘယ်လောက်တွေရှိကြသလဲ၊ သူတို့တွေ   နှစ်သက်သော ဝါသနာနှင့် အကျင့်စရိုက်များက ဘာတွေလဲ။
3- အလုပ်အပ်သူရဲ့တောင်းဆိုချက်တွေ... လိုအပ်ချက်တွေက ဘာတွေလဲ။
4- Design လုပ်မယ့် မြေကွက်ရဲ့ အနေအထား အနိမ့်အမြင့်၊ အကျယ်အဝန်း၊ ပုံသဏ္ဍာန် စတာတွေက ဘယ်လိုလဲ။
5- အောက်ခံမြေသားရဲ့ အခြေအနေကိုလည်း ဘယ်လို မြေအမျိုးအစားလဲ...။ သဲမြေဆန်သလား၊ ရွံ့စေးမြေဆန်သလား၊ အက်ဆစ်မြေဆန်သလား၊ စတာတွေက ဘယ်လိုလဲ။
6- အိမ်ရဲ့မျက်နှာမူရာ အရပ်ကဘယ်အရပ်လဲ။ နေထွက်ရာဘက်ကို မျက်နှာမူသလား၊ နေဝင်ရာဘက်ကိုမျက်နှာမူသလား။
7- House Garden လုပ်မည့်အိမ်မှာ နေထိုင်သူတွေဝင်ထွက်သွားလာမည့်နေရာများက ဘယ်နေရာတွေလဲ...။
8- စိုက်ပျိုးမည့် အပင်များရွေးချယ်မှု...။ ဘယ်လိုအပင်တွေ စိုက်ပျိုးမလဲ...။ Functional အတွက် ရည်ရွယ်သလား၊ Aesthetic အတွက်ရည်ရွယ်သလား...။
9- နောက် အချက်အနေနှင့် မြေအောက် ရေပိုက်လိုင်းများ၊ မြေအောင် မီးလိုင်းများ၊ မြေအောက် ဓါတ်ငွေ့လိုင်းများ၊ မြေအောက်မိလ္လာပိုက်လိုင်းများ စသည့်မြေအောက်၌ရှိနိုင်သော ပိုက်လိုင်းများကို ဘယ်နေရာတွေမှာရှိသလဲ... ဆိုတာတွေကို ကြိုတင်လေ့လာပြီးမှသာ Design ကို စတင်လုပ်သင့်ပါတယ်...။
အခုလောက်ဆိုရင် House Garden  Design လုပ်မည်ဆိုရင် စဉ်းစားသင့်တဲ့ အချက်လေးတွေ အနည်းငယ်ကို သိနိုင်လောက်ပြီထင်ပါတယ်...။

လေးစားစွာဖြင့်

MTZO

မြန်မာပြာသာဒ်များကို တီးခေါက်ခြင်း (၂)

မြန်မာပြာသာဒ်များကို တီးခေါက်ခြင်း(၂)





 မဲမှောင်နေသော ပတ်ဝန်းကျင်ကြောင့် စိတ်ထဲမှာ လွမ်းသလိုလို ဆွေးသလိုဖြစ်နေသည်။ ကျနော့ ပင်ကိုယ် စိတ်ကပင် အလွမ်းကို အားသန်သည်လားမသိပါ...။ တခုခုအကြောင်းရှာပြီး လွမ်းနေချင်တတ်တာ ဝါသနာပါနေသည်။ မိုးလေး အုံ့ရင်လွမ်းသည်။ လေပြေလေး တိုက်ရင်လွမ်းသည် သစ်ရွက်ကလေးတွေ လေအဝှေ့လွင့် ဝဲသွားတာ မြင်ရရင်လည်းလွမ်းတတ်သည်။ ကိုယ့်မွေးရပ်မြေကလည်း ကန်ရေသောက်၊ မြက်ခြောက်စားလို့ အပြောခံရအောင် ခိုးခိုးခေါင်ခေါင်ရှားပါးဒေသမဟုတ်လား။ ဒါပေမယ့် ဘယ်လိုဖြစ်ဖြစ် ကိုယ့်မွေးရပ်မြေကိုတော့ မမေ့နိုင်တာကတော့ အမှန်ပင်။
စိတ်ထဲမှာ အားရပါးရ လွမ်းနေတုန်း ဖုန်းမြည်သံကြောင့် အတွေးတွေပျောက်သွားပြီး ဖုန်းကိုကိုင်လိုက်တော့ ဘော်ဒါကြီး MTZO ပင်။
“အော်.... တတ်လာခဲ့ဗျာ... ငါးထပ်လေ...  ကျနော် အပြင်ကထွက်စောင့်နေမယ်... အိုကေနော်...”
တံခါးသော့ယူလိုက်ပီး အခန်းထဲက ထွက်ကာ အိမ်တံခါးဖွင့်ပြီး MTZOကို စောင့်နေလိုက်သည်။
“ဘယ်ကလှည့်လာတာလဲဗျ...”
“ခင်ဗျားဆီပဲ တမင်ဝင်လာခဲ့တာဗျ...”
“အင်းထိုင်အုန်းဗျာ... ကျနော်... အခန်းလေးနည်းနည်းရှင်းလိုက်အုန်းမယ်...”
“မိုးလေးနည်းနည်းအုံ့တော့ စိတ်ထဲ လွမ်းချင်သလိုလိုပဲဗျာ...”
“အဟုတ်ပဲဗျာ.... ကျနော်လည်း အဲလိုဖြစ်နေတာ... ဘာကိုလွမ်းမှန်းမသိလွမ်းနေမိတာဗျ... အဲလိုလွမ်းမိရင် ရှေးကသီချင်းစာသားလေးတွေ စိတ်ထဲသတိရမိ တတ်တယ်ဗျ...”
“ဟုတ်လား လုပ်စမ်းပါအုန်း ဘယ်သီချင်းစာသားများလဲ...”
“အသက်ကလေးရယ် ရှည်စေလို... မြနန္ဒာနေညိုသန်းတယ်... မန်းတောင်ရိပ်ခိုဆိုတဲ့ သီချင်းပဲဗျာ... ကျနော်လည်း တပိုင်းတစပဲရတာဗျ...”
“အင်း... ကျနော်လည်း ကိုယ်မြို့ကိုယ့်ရွာ ကိုလွမ်းတာပဲဗျာ... အထူးသဖြင့် ကျနော်တို့ လင်မယား တပြည်တရွာ လာရှာနေချိန် မိဘတွေနှင့် ကင်းကွာနေတဲ့ ကလေးအတွက်လည်း တခါတခါ စိတ်မအေးရဘူးဗျာ....”
“ဟုတ်တယ် ကိုသန့်ဇင်ရာ... တွေးရင်ဆွေးစရာတွေ အများကြီးပါဗျာ... တတ်နိုင်သမျှတော့ မဆွေးဖြစ် မလွမ်းဖြစ်အောင် နေရတာပဲ...။”
“ဒါနဲ့ ဒီနေ့ ဘယ်သွားစရာရှိသလဲဗျ...”
“အထူးတော့ မရှိဘူး”
“ဒါဆိုကျနော်တို့ ဖိုရမ်အတွက် တချို့စာ မပြတ်တာလေး တွေ လုပ်စမ်းပါအုန်းဗျာ...”
“အင်း ဟုတ်တယ်ဗျာ အတော်များများ တိုးလို့တန်းလန်းတွေ ဖြစ်နေတာ များတယ်... ဘယ်အကြောင်းဆက်ရင် အဆင်ပြေမလဲဗျ...”
“ကျနော်ပြန်ကြည့်ထားတာမှာ ဟိုတလောကပြောခဲ့ဖူးတဲ့ ပြာသာဒ်အကြောင်း သတိရမိတယ်ဗျာ... ပြာသာဒ်ရဲ့ အခေါ်အဝေါ် အစိတ်အပိုင်းတွေ အကြောင်းပြောမယ်ဆိုတာ အဲဒါ ဘာမှ ဆက်မလာတော့ တိုးလို့တန်းလန်းကြီး အတော်ဆိုးသဗျ....။”
“အင်း...ဟုတ်ပါပြီဗျာ...”
“ဒါဆိုပြာသာဒ်အစိတ်အပိုင်းတွေ ဘယ်နှစ်မျိုးရှိသလဲကစပြောဗျာ”
“ ပြာသာဒ်အစိတ်အပိုင်းကို အကြမ်း ၅ ပိုင်းခွဲပြီး ပြောလို့ရတယ်ဗျာ....”
“အင်း....ဆိုပါအုန်း ဘာတွေလဲဆိုတာ”
၁။ ထီး
၂။ ထုပိကာ
၃။ ကလပ်
၄။ ဘုံ အဆင့်များနှင့်
၅။ မုခ် ဆိုပြီး အကြမ်းဖျဉ်းခွဲ ထားတယ်ဗျ...”
“ဒါတင်ပဲလားဗျ... ကျနော်တွေ့တာတော့ ရှုပ်ရှပ်ခက်နေတာပဲဗျာ...”
“လာမယ်လေဗျာ လောရန်ကော ကိုယ့်လူရယ်...”
ဒီမှာ ဒီပုံလေးကိုကြည့်ဗျာ....







 “အပိုင်း ၁ မှာပါတဲ့ ထီးတော် မှာ စိန်ဖူး၊ ငှက်မြတ်နား၊ နှင့် ထီးတော်ရဲ့ ဘုံအဆင်တွေပေါ့... အဲဒါ ထီးမှာ ပါတဲ့ အကြမ်းအစိတ်အပိုင်းတွေ။
အပိုင်း ၂ ထုပိကာ မှာ ငှက်ပျောဖူးပုံ ရှည်မျောမျော ထီးတော်အောက်ခြေကအပိုင်းပဲဗျ...။ ထုပိကာမှာ ကြက်သွန်ခေါင်း၊ ဇိလို့ခေါ်တဲ့ (လည်)၊စတာတွေနှင့် ငှက်ပျောဖူး အောက်ခြေနား ဖောင်းဖုသွားတဲ့ နေရာကို တင်းလို့ခေါ်တယ်...။
အပိုင်း ၃ ကလပ်မှာတော့ ကြာမှောက်၊ကြာလှန်၊ အပေါ်ခလုတ်၊ အောက်ခလုတ်၊ နောက် ရာမလက်ညှိုး ၊ နောက် ကလပ်ပန်းဆွဲ- မုံလာဖတ် စတဲ့ အစိတ်အပိုင်းတွေ ပါလာတယ်..။
အပိုင်း ၄ ဘုံအဆင့်တွေမှာ ဘုံအဆင့်အဆင့်တွေနှင့် သူနှင့်ဆိုင်တဲ့ ဒုရင်တွေ၊ ထောင့်ပန်းတွေ မုခ်ပန်းတွေပါတယ်ဗျ...။ ဘုံအဆင့်တွေမှာ ခေါင်မိုးတွေကို ရေဆင်းလို့ခေါ်တယ်...။ ခေါင်အုပ်လေးတွေ နေရာမှာ တချို့ ပြာသာဒ်တွေမှာ ကြက်မောက်တန်းလို့ခေါ်တဲ့ ခေါင်အုပ်ကို အလှဆင်ထားတဲ့ ပန်းလေးတွေ တွေ့နိုင်တယ်...။  မုခ်ပန်းမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေ၊ ဒေါင့်ပန်းတွေမှာ ပါတဲ့ အစိတ်အပိုင်းတွေ အဲဒါတွေကိုလည်း သူ့အစိတ်အပိုင်းအလိုက် အခေါ်တွေရှိသေးတယ်...။
အပိုင်း ၅ မုခ်မှာ အောက်ဆုံးအဆင့်ဆိုရင် မုခ်ထပ်၊ မုခ်ထွက်- ယွန်ဆက်လို့ ခေါ်တဲ့ မုခ်ပေါက်ကို တန်ဆာဆင်ထားတာတွေ အဆောင်အကူးမှာ တန်ဆာဆင်တာတွေ ရှိသေးတယ်...။
“အင်း အတော် စိတ်ဝင်စားစရာပဲဗျာ... ဒါနဲ့ ပြာသာဒ်လုပ်ရင် သတိထားရမယ့်အချက်လေးတွေလည်း သိချင်သေးသဗျ၊ နောက် သူ့ရဲ့ အချိုးနှင့် အရွယ်အစားတွေရော ဘယ်လိုပိုင်းသလဲ... အဲဒါတွေလည်း လုပ်စမ်းပါအုန်း...”
“ အင်း... ပြာသာဒ်ပုံစံထုတ်ရင်  ပထမဘုံ အဲ Floor Plan ကနေအခြေတည်လာမယ့် ခန်းဖွင့်ကို အခြေခံထားပြီး စဉ်းစားတယ်ဗျ...။ အဲဒါပထမ အချက်။ နောက် ဒုတိယအနေနှင့် ဘုံဘယ်နှဆင့်လုပ်မလဲဆိုတဲ့ ဘုံဆင့်အရေအတွက်...။ အများအားဖြင့် ဘုံဆင့်တွေကို မြန်မာပြာသာဒ်တွေမှာ မဂဏန်းတွေပဲ ထားတာများတယ်...။ သုံးဘုံကိုအနည်းဆုံးထားပြီး...။ ၃ ၊  ၅ ၊ ၇ ၊ ၉ ၊ ၁၁ ၊ ၁၃ အစဉ်အတိုင်း ထားတတ်ကြတယ်။ ၁၃ ဘုံအထိတော့ အများဆုံးထားတာပဲဗျာ...။ ပြာသာဒ်ကို စုံဂဏန်းမတွေ့ရဘူးလို့ ပြောတယ်ဗျ...။ တတိယ အချက်ကတော့ အတော်လေးအရေးကြီးတယ်...”
“ အင်းဆိုစမ်းပါအုန်း...။”
“ပြာသာဒ် အတင်း၊ အပျော့ကိုရွေးတာပဲ ၊ အတင်းဆိုတာ အဖြောင့်ပြာသာဒ်ကိုဆိုချင်တာ၊ အပျော့ဆိုတာ ခပ်ကွေးကွေးပြာသာဒ်ပေါ့...။”
“ဘယ်လို... သိပ်မရှင်းဘူးဗျာ... ဘယ်နေရာ ကွေးပြီး ဘယ်နေရာ ဖြောင့်တာလဲ...။”
“ဒီလိုဗျာ ပြာသာဒ်ဘုံ အဆင့်တွေမှာရှိတဲ့  အမိုးစွန်း အချွန်လေးတွေရဲ့ ထိပ်တွေကို မျက်လုံးနှင့် မှန်းပြီး မျဉ်းလေးဆွဲလိုက်ရင် ဖြစ်လာတဲ့ မျဉ်းကြောင်းလေးရဲ့ အကွေး၊ အဖြောင့်ကို ဆိုချင်တာ...။ အဲဒီမျဉ်းလေး ကွေးတယ်ဆိုရင်  အပျော့ ပြာသာဒ်၊ အဲဒီမျဉ်းလေး ဖြောင့်နေတယ်ဆိုရင် အတင်းပြာသာဒ်ပေါ့...။ ပုံလေးနှင့် ဆိုရှင်းသွားလိမ့်မယ် ဒီပုံလေးကြည့်လိုက်ဗျာ...။





  “အင်း ဒီလိုဆိုတော့ ပိုရှင်းသွားတယ် MMO ရေ... ဒါနဲ့ ဘုံအဆင့်တွေကိုရော ဘယ်လိုပိုင်းသလဲ...”
“ဘုံပိုင်းတာကတော့ ခုနပြောထားတဲ့ Floor Plan ပထမဘုံမှာရှိတဲ့ အခန်းဖွင့် အခန်းအကျယ်... အဲ... တိုင်တွေရဲ့ အလယ်အတိုင်းအတာကို အခြေတည်ရတယ်...။
မြန်မာအခေါ် column တိုင်တွေကို ကွန်းတိုင်လို့ ခေါ်သဗျ...။ အဲဒီ ကွန်းတိုင်တွေနှင့် ခန်းဖွင့် တိုင်းပြီး Eave Line အမိုးစွန်းဘယ်လောက်ထွက်မလဲ ဆိုတာ တွက်ပြီး အဲဒီအမိုးစွန်း ဘယ်ညာနှစ်ဘက်ပါ ပေါင်းထားတဲ့ အလျားကို အခြေခံ အနေနဲ့သုံးတယ်...။ အဲဒီအနားကို L လို့ သတ်မှတ်မယ်ဆိုရင် ပြာသာဒ်ရဲ့ အမြင့်ကို ငါးမတ်ချိုး(၁ ၁/၄ ဆ) ၊ တစ်ပြန်ခွဲချိုး (၁ ၁/၂ဆ)၊ မတ်တင်းချိုး (၁ ၃/၄ )၊ နှစ်ပြန်ချိုး (၂ ဆ) ဆိုပြီး အချိုးတွေ သတ်မှတ်ထားကြတယ်...။ ကျနော်ပုံလေးနှင့် ပြလိုက်မယ် ဒီမှာ ကြည့်လိုက်ဗျာ....။”




  “လေးမျိုးတောင် ရှိပါလား...။”
“ဟုတ်တယ် ကိုသန့်ဇင်”
“အချိုးအမျိုးမျိုးရှိတာတော့ ဟုတ်ပါပြီ အဲဒါတွေကို ဘယ်နေရာမှာ ဘယ်အချိုးသုံးသလဲ ဆိုတာပြောအုန်းဗျာ...။”
“ငါးမတ်ချိုးနှင့် တစ်ပြန်ခွဲချိုးတွေကို မြေပြင်ကနေ အမြင့်သိပ်မကွာတဲ့ အဆောက်အအုံတွေရဲ့ ထိပ်မှာ ပြာသာဒ်အဖြစ် ဆောက်တတ်ကြတယ်ဗျ...။ ဘုံအမြင့်တွေကတော့ ပြာသာဒ် ခန်းဖွင့်အလိုက် အကြီးအသေးကွာသွားတယ်...။ မြေပြင်ညီ တစ်ထပ် အဆောက်အအုံတွေမှာ အများအားဖြင့် ငါးမတ်ချိုးပဲ သုံးကြတယ်...။ အဲ...ခန်းဖွင့်အရမ်းကြီးလွန်းရင် တစ်ပြန်ခွဲ အချိုးပဲ ထားတတ်ကြတယ်...။ တစ်ပြန်ခွဲပဲထားမယ်ဆိုရင်တော့ ၁၀ပေ ကျော် ပတ်ဝန်းကျင်လောက် မြင့်တဲ့ ကုန်းမြင့်တွေပေါ်မှာ အဆောက်အအုံတည်ထားတာမျိုးဆိုရင် တစ်ပြန်ခွဲကိုပဲ လုပ်ပစ်လိုက်ကြတယ်...။”
“ဒါဆို မတ်တင်းနှင့် ၂ပြန်အချိုးတွေကို အရမ်းမြင့်တဲ့ အဆောက်အအုံတွေနှင့် တောင်ကုန်းတွေ၊ ကုန်းမြင့်တွေပေါ်မှာ ဆောက်ကြမှာပေါ့”
“ဟုတ်တယ်ဗျ... ကျနော့်အထင် အဲဒါက မျက်စိအမြင် vision အရ အချိုးကို ချိန်လိုက်တယ်ထင်တယ်ဗျာ...။ မန္တလေး နန်းတော်မှာရှိတဲ့ နန်းမြင့် မျှော်စင်လို အဆောက်အအုံတွေဆိုရင် အဲလို အချိုး များများထားပြီး ဆောက်တတ်ကြတယ်...။
“အင်းဗျာ...ရှေးက မြန်မာဗိသုကာကြီးတွေ အမြင်ကို ပသာဒဖြစ်အောင် ပြုရာမှာ အချိုးတွေ လိုသလိုကစားတတ်တဲ့ အသိက အတော်လေး စိတ်ဝင်စားဖို့ကောင်း သလို လေးစားဖို့လည်း ကောင်းတယ်နော်...။ ”
“ဒါပေါ့ ဗျာ... ဒီမှာ အောက်ကနမူနာ ပုံလေးကို ကြည့်လိုက်ဗျာ အဲလိုစီစဉ်တတ်ကြတယ်ဗျ....။” 




 “ဟုတ်ပါ့ဗျာ အချိုးဆိုတာလည်း သူ့နေရာ နှင့်သူထားတတ်မှဗျ... မဟုတ်ရင် အမြင်တင့်တာတွေ ဖြစ်နေတတ်တယ်...။”
“အေးဗျ... တချို့နားမလည်တဲ့သူတွေ ဆောက်ရင် မြေပြင်နိမ့်နိမ့်မှာ ၂ပြန်ချိုးပြာသာဒ်ကိုချိုးပြီး ဆောက်လိုက်လို့ကတော့ ပိန်ပိန်ချွန်ချွန်နှင့် အတော်အကြည့်ရဆိုးမယ်ဗျ... အရမ်းမြင့်တဲ့နေရာတွေမှာ ငါးမတ်ချိုးလောက်သာ ဆောက်ထားရင် ပုအိုက်အိုက်နှင့် အောက်ကနေကြည့်တဲ့သူ အတွက် ကသိကအောက်ဖြစ်နေမှာ သေချာတယ်ဗျ... ပြာသာဒ်ရဲ့ အလှကို အားပါးတရ ခံစားလို့ မရနိုင်တော့ သလိုဖြစ်သွားနိုင်တာကိုး...”
“ဒါတော့ ကျွမ်းကျင်ရာ လိမ္မာဆိုသလို ဆောက်လုပ်ဖူးတဲ့ ဗိသုကာတွေ အချိုးအစားနားလည်တတ်ကျွမ်းတဲ့ အာခီတတ်တွေ ဆောက်လုပ်ကြမယ်ဆို ကောင်းမွန်တဲ့ ပြာသာဒ်တစ်ဆောင ်ဖြစ်လာမှာပါဗျာ...”
“အေးဗျာ... ကျနော်တို့တွေလည်း တဖြည်းဖြည်းပဲ လေ့လာဆည်းပူးနေကြရတယ်... ကျနော့စိတ်ထဲ ခုထိဘာမှ ဟုတ်တိပတ်တိမတတ်သေးဘူးထင်နေတယ်ဗျာ...  ထင်တာမဟုတ်ပါဘူးလေ... တကယ်လည်း မတတ်သေးတာပါ....”
“အဲလိုလည်း မဟုတ်သေးဘူးလေ... ခုကျနော့ကိုပြောပြတာတွေဟာ ခင်ဗျား အသိအတတ်တွေပဲပေါ့...”
“အော်ကျနော်ပြောတာလေးတွေက မြန်မာမှု ဗိသုကာပညာရဲ့ မစို့မပို့ အစိတ်အပိုင်းလေးလောက်ပါပဲ... ဆရာ့ဆရာကြီးတွေ ဆီမှာ နောင်များ ဆည်းပူးခွင့်ရမယ်ဆိုရင်တော့ ကျနော် ဝမ်းသာအားရ ဆည်းပူးချင်သေးတယ်ဗျာ...”
“အင်း အချိန်တန်လို့ ကျနော်တို့တွေ ပြည်တော် ပြန်ဖြစ်ကြမယ်ဆိုရင်ပေါ့ဗျာ...”
“ဟုတ်တယ်ဗျာ အဲဒီအချိန်ပဲ ဘယ်တော့ဖြစ်လာမလဲ ဆိုတာ တွေးနေမိတယ်... ကဲကျနော်တို့ တစ်ခုခုစားဖို့ အောက်ဆင်းကြရအောင်ဗျာ”
“ကောင်းပြီဗျာ အောက်နားက KFC ဆိုင်လေးပဲ ပြေးလိုက်ကြရအောင်ဗျိုုး..”
“အိုကေဗျာ”

လေးစားစွာဖြင့်
MMO & MTZO





မြန်မာပြာသာဒ်များကို တီးခေါက်ခြင်း

မြန်မာပြာသာဒ်များကို တီးခေါက်ခြင်း(၁)





 မိုးလေး တစ်စိမ့်စိမ့်ရွာနေသည်မှာ လူကိုချမ်းစိမ့်စိမ့်ဖြစ်နေစေသည်...။ နံနက်စောစောကတည်းက ကိုယ်လက်မအီမသာဖြစ်နေသည်။ မထချင်သဖြင့် အိပ်ယာမှာပေအိပ်နေမိသည်..။ ထိုစဉ်ဖုန်းမှ Ring တုန်းမြည်သံက ကျယ်လောင်စွာထွက်လာသည်..။ စနေအလုပ်ဆင်းရသော မဟေသီဆီမှဖြစ်သည်။ လျှော်ထားသော အဝတ်တွေ မီးပူတိုက်ဖို့ အော်ဒါအောက်နေခြင်းဖြစ်သည်...။ ဟူးးး မထချင်ထချင်ဖြင့်ထရအုန်းမည်...။ ရေချိုးကာ နံနက်စာ မိုင်လိုဖျော်၍ ပေါင်မုန့်ချပ်လေးဖြင့် လွေးလိုက်တော့သည်..။ အဝတ်တွေကို မီးပူတိုက်ရင်း ဘော်ဒါကြီး MMO ကိုမျှော်နေမိသည်။
အိမ်ရှေ့မှ တံခါးခေါက်သကြားလိုက်သဖြင့် စိတ်ထဲ အတော်ရွှင်သွားသည်...။ မီးပူကိုထောင်ထားကာ အိမ်ရှေ့မှတံခါးသွားဖွင့်ပေးလိုက်သည်..။ မိုးရေစိုစွတ်လာသော MMO မှာ အပြေးအလွှား အိမ်ထဲဝင်လာသည်...။ အိမ်ထဲ ရောက်လျှင် အဝတ်ခြောက်များပေးပြီး အဝတ်လဲခိုင်းလိုက်သည်..။
“ဟားဟား ကိုယ့်လူက... မီးပူတွေ ကိုယ်တိုင် တိုက်လို့ပါလား...”
ဟုပြုံစစဖြင့်မေးသဖြင့် မျက်နှာရှုံမဲ့ပြလိုက်မိသည်..။
“ဘယ်တတ်နိုင်မလဲ...ဗျာ.. သပ်သပ်ရပ်ရပ်လေး ဝတ်ချင်တော့ တိုက်ရတော့တာပေါ့... ကဲနားအုန်းဗျာ... ကျနော် လက်ကျန်အဝတ်လေးတွေ တိုက်လိုက်အုန်းမယ်...။”
............
............
“ဘယ်လိုလဲဗျ... မျက်မှောင်ကြီးကုတ်နေပါလား...”
“အင်းဗျာ... ပြဿနာဆိုတဲ့ အကြောင်းမီးပူတိုက်ရင်း စိတ်ထဲပေါ်လာလို့... ကိန်းဘရစ်အဘိဓါန်ထဲ မှာတော့
problem    /"prQb.l@m/  /"prA:.bl@m/ noun [C] 
1   a situation, person or thing that needs attention and needs to be dealt with or solved:
financial/health problems
2   a question in mathematics which needs an answer:
3   problem child/family, etc. a child, etc. whose behavior is bad. လို့ပြောထားတာပဲ...”
“အင်း ဟုတ်ပါပီဗျာ... ခင်းဗျာပြောမှ... ပြဿနာကို မြန်မာလို ဘယ်လိုရိုက်ရလဲလို့ ကျနော့ကို ခင်ဗျား မေးဖူးတာ ပြန်သတိရမိတယ်...”
“ဟား...ဟား.... လုပ်ပြီခင်ဗျားကတော့...”
“အင်း...ပြဿနာဘယ်လိုပေါင်းလဲ မေးတော့.... ခင်းဗျားမိန်းမအမည်ပေါင်းလိုက်ရင် ရတယ်ပြောလိုက်မိတာ... အဟီး... ကံကောင်းလို့ ၂ယောက်လုံး အဲဒီနေ့က ထမင်းအပြင်ထွက်မစားလိုက်ရတာ...”
“ဟုတ်ပါ့ဗျာ... ဒါနဲ့ ပြဿနာပြောလို့ ပြဿနာနှင့် ဆင်တဲ့ ပြာသာဒ်အကြောင်း သိချင်မိတယ်ဗျ... ခင်းဗျားက မန္တလေးမှာ လုပ်ဖူးတော့ ပြာသာဒ်အကြောင်းလေးတွေ တီးမိခေါက်မိမယ်ထင်တယ်...သိသလောက် ပြောစမ်းပါအုန်းဗျာ.....”




  “ အင်း... ခင်ဗျားပြောမှ နန်းတွင်းထဲက ဗိသုကာရုံးမှာ ဆွဲခဲ့ရတာတွေ ပြန်အမှတ်ရမိတယ်ဗျာ.... ပုံဆွဲရတာ ဇတ်ညောင်းရင် ရုံးနားအိမ်က ကောင်မလေးတွေ သွားငေးတတ်တာလည်း အမှတ်ရမိသွားတယ်... အဟဲ...”
“အမလေး... ကိုယ့်လူရယ် ပြာသာဒ်အကြောင်းမေးပါတယ်.... လွမ်းချင်းတွေများဖွဲ့မလို့လားဗျာ....”
“ကဲ... ဟုတ်ပါပြီဗျာ... ပြာသာဒ်အကြောင်းပြောမယ်ဆိုတော့ အရင်ဆုံး ပြာသာဒ်ဆိုတာ ဘာလဲက စပြောရမှာပေါ့....”
ဆရာ ဦးထွန်းမြင့် ပြုစုထားတဲ့ “ပါဠိသက်ဝေါဟာရများ အဘိဓါန်” မှာတော့ ပြာသာဒ်ကို - “အမိုးဘုံအဆင့်ဆင့်ရှိသော အဆောက်အအုံ” လို့ အဓိပ္ပာယ်ဖွင့်ထားတယ်ဗျ...  နောက် မြန်မာစာအဖွဲ့ကထုတ်ထားတဲ့ အဘိဓါန်မှာလည်း - “ဘုံ အဆင့်ဆင့်နှင့် ထုပိကာတင်ထားသော အဆောက်အအုံ လို့ ဖွင့်ထားသေးတယ်....” “အင်း... ဟုတ်ပါပီဗျာ.... ဒါနဲ့ ပြာသာဒ်ဆိုတဲ့ စကားက ဘယ်ကနေဆင်းလာတာလဲ.... မြန်မာစကားစစ်စစ်ပဲလား..”
“အဲလိုမနောက်နဲ့လေ.... ခုနက ပါဠိသက်ဝေါဟာရ အဘိဓါန်လို့ပြောထားတဲ့ဟာ ... ပါဠိကနေ ဆင်းလာတဲ့ ကိတ္တိမ မွေးစား စကားလုံးပေါ့.... ဒီလိုဗျ... အဲဒီပါဠိစကား ကလည်း “ပြသာဒ” ဆိုတဲ့ သက္ကတဘာသာကနေ “ပါသာဒ” ဆိုပီးတဆင့်ပြောင်းတယ်... အဲဒီကနေ “ပသာဒ” ဆိုတဲ့ ပါဠိစကားကိုပြောင်းလာခဲ့တော့တာလို့ ပညာရှိတွေဆိုကြသဗျ.... ပသာဒ ဆိုတာလည်း မြန်မာလို အကြည်ဓါတ်၊ ကြည့်၍ လှပပြေပြစ်ခြင်းလို့ အဓိပ္ပါယ်ရတယ်...။ အဲဒီ ပသာဒ ဆိုတဲ့ ပါဠိစကားကနေ ပြာသာဒ်ဆိုပြီးပြောင်းလာတာတဲ့... အဓိပ္ပါယ်ဖွင့်ရင်တော့ လှပတင့်တယ် ရှု့ချင်ဖွယ်ဖြစ်သည်။ ကြည့်ရှုဖွယ်ကောင်းသည်။ ဆိုတဲ့ အဓိပ္ပါယ်မျိုးဖွင့်ရမှာပေါ့ဗျာ...။
“အင်း.... ကိုယ့်လူက ပါဠိတွေ သက္ကတတွေနဲ့ ကိုင်ပေါက်တော့ ပြောသမျှ နားထောင်ရတော့မှာပေါ့ဗျာ... သိမှမသိပဲကိုးဗျ...”
“အန်... သေသေချာချာ ဂဃ နဏ လည်း ပြောပြရသေးတယ်... မယုံသလိုလိုနဲ့... တင်းသွားပြီဗျာ...”
“ဟားဟား... စတာပါ ကိုယ့်လူရာ... ကဲ ဆက်ပြောပါအုန်း... ပြာသာဒ်အမျိုးအစားတွေရော ဘယ်နှစ်မျိုးရှိသလဲ...ဘယ်လိုပုံတွေလည်း ထပ်သိချင်သေးတယ်ဗျ.....”
“ အကြမ်းဖျင်းတော့ လေးမျိုးခွဲထားတယ်ဗျ...”
ပထမတစ်မျိုးက ထိပ်ဘုံတွေမှာ အဆင်တန်ဆာတွေဖြစ်တဲ့ ထုပိကာတွေ၊ မုခ်တွေ၊ ထောင့်တွေ မပါတဲ့ ပြာသာဒ်တွေပဲ... ပြောရရင် ပြာသာဒ် ကတုံးတွေလို့ ဆိုရင်ရမလားပဲဗျာ... အဟီး... အဲဒါတွေကို ပုဂံခေတ်မှာ အလုပ်များတယ်ဗျ...။
“အင်း နောက်ဒုတိယတစ်မျိုးကရော...”
“အဲဒါက ပထမ အင်းဝခေတ်မှာတွေ့ရတတ်တဲ့ ပြာသာဒ်တွေပဲဗျ... ထုပိကာပါလာတယ်.... နောက်ထောင့်ပန်းလေးတွေလည်းပါလာတယ်ဗျ...။ ဒါနဲ့... မြန်မာ့သမိုင်းမှာ အရေးပါတဲ့ ခေတ်တွေကိုရော သိလားဗျ....”
“အံမယ်...ဒါလေးလောက်တော့သိပါတယ်ဗျာ... ကျောင်းတုန်းက သမိုင်းမှာ ကဗျာတိုလေးနဲ့ သင်ထားလို့ ခုထိမှတ်မိနေသေးတယ်... ပု၊ပင်း၊ အင်း၊ တောင်၊ ညောင်ရမ်းနောင်၊ ကုန်းဘောင် နှစ်ခေတ်ခွဲတဲ့..ဟုတ်တယ်မဟုတ်လား...။”
“ဟုတ်ပါ့ဗျာ ... ဒါနဲ့ တတိယတစ်မျိုးဆက်ပြောအုန်းမယ်... အဲဒါက ခိုနန်းချိုးပြာသာဒ်လို့ခေါ်တဲ့ ဒေါင့်ချိုးတွေပါလာတဲ့ ပြာသာဒ်တွေပဲ...။ အဲဒါတွေကိုတော့ ဟံသာဝတီခေတ်နှင့် ဒုတိယအင်းဝခေတ်တွေမှာ အတွေ့များတယ်....။ စတုတ္ထကတော့ ကုန်းဘောင်ခေတ်ကနေ ခုထိဆောက်နေကြတဲ့ လေးထောင့်စက်စက်ပြာသာဒ်တွေပဲဗျ...။ အဲဒီ ပြာသာဒ်တွေမှာ ထုပိကာ၊ မုခ်တွေနှင့် ထောင့်တွေတိုင်းမှာ ထောင့်ပန်းတွေ မုခ်တွေမှာလည်း မုခ်ပန်းတွေ ပါလာတယ်... အဲဒါတွေကို ဘုံ အဆင့်တိုင်းမှာ တပ်ဆင်ထားတယ်ဗျ....”
“ ဒါနဲ့ ခိုနန်းချိုးဆိုတာ ဘယ်လိုဟာမျိုးလဲဗျ...”
“အော်... ခိုနန်းချိုးဆိုတာ ဒီလိုဗျာ... ပုံလေးနှင့်ကြည့်လိုက်ရင်ပိုရှင်းသွားမယ်...ဒီအောက်ကပုံကိုကြည့်ဗျာ.... ပုံမှာတွေ့သလို ထောင့်တွေကို အကွာအဝေးညီညီ အချိုးချိုးထားတာကို ခိုနန်းချိုးလို့ခေါ်တာပဲဗျ...ချိုးလိုက်တဲ့အနားတစ်ခုဖြစ်ဖြစ် နှစ်ခုဖြစ်ဖြစ် အနားညီညီချိုးထားရင် ခိုနန်းချိုးလို့ ခေါ်တယ်ဗျ... တကယ်လို့ အဖက်ကသေးတစ်ဖက်ကြီးပုံစံမျိုး ချိုးထားရင် “တင်း”လို့ခေါ်တယ်....။




 “ အင်း ခုလိုဆိုတော့ ရှင်းသွားပါပြီဗျာ... ဒါနဲ့ ပြာသာဒ်တွေကို အဆင့်ဘယ်နှစ်မျိုးစီ ဆောက်တတ်ကြသလဲ...”
“များသော အားဖြင့်တော့... အနည်းဆုံး ၃ဘုံကနေ၊ ၅ဘုံ၊ ၇ဘုံ၊ ၉ဘုံ၊ ၁၁ဘုံ၊ ၁၃ဘုံ၊ ဆိုပြီး မ ဂဏာန်းဘုံတွေပဲ တည်ဆောက်ကြတယ်ဗျ...”





 “အင်း... အတော်လေးတော့ တီးမိခေါက်မိသွားတယ်ဗျာ... ခင်ဗျားလည်း ဗိုက်ဆာနေလောက်ပြီ အပြင်သွားပြီး တစ်ခုခုစားကြရအောင်ဗျာ... အပြင်မှာမိုးလည်း တိတ်သွားပြီ...။”
“ကောင်းသားပဲဗျာ....”
“နောက်အပတ်လာရင်တော့ ပြာသာဒ်အစိတ်အပိုင်းတွေရဲ့ အခေါ်အဝေါ်တွေ ဆွဲသားပုံတွေ မေးအုန်းမယ်ဗျာ...”
“ဟုတ်ပါပြီဗျာ... ကျနော်လည်း သိတာလေးတွေ ပြောရတော့ ကျေနပ်မိသဗျာ...ကျနော်တို့ အသိပညာ ဖလှယ်ရတာ အတော်လေး အကျိုးများတယ်...၊ လူတစ်ယောက်ကမေးလို့ ဖြေရင်း ကိုယ်တိုင်လည်း ပိုအသိတိုးသွားသလို ကျနော်ကတော့ ခံစားရတတ်တယ်...”
“အင်းဟုတ်ပ... ကျနော်လည်း အဲလိုမျိုး စိတ်ထဲ ဖြစ်ရတာပဲ....”
“ ကျနော်တို့တွေလည်း နိုင်ငံရပ်ခြားမှာ နေထိုင်လုပ်ကိုင်ရင်း တဖက်တလမ်းကနေ အသိပညာတွေ တိုးအောင် ကြိုးစားနေရတယ်ဗျာ... ကျနော်တို့တွေ ပြန်ရက်ဘယ်တော့များမှ နီးမလဲမသိသေးဘူး MTZO ရာ...”
“ခု ချိန်ထိတော့ ဆရာမြသန်းတင့် ရဲ့ ဝတ္ထုကြီးလိုပဲ - ရွှေပြည်တော် မျှော်တိုင်းဝေး- ဖြစ်နေတုန်းပဲ တင်တယ်ဗျာ...၊ ပြောရင်း ကျနော့်စိတ်ထဲ အမိမြေကို လွမ်းမိသလို အမိမြေက စေတီပုထိုးကျောင်းကန်တွေက လှပခန့်ညားတဲ့ ပြာသာဒ် ဘုံအဆောင်တွေလည်း ယော်ရမ်းမိတယ် MMO ရာ...”
“အင်း... ငယ်ငယ်က ဗုံကြီးသံ ကဗျာလေးတောင် အမှတ်ရမိတယ်...”
“လုပ်စမ်းပါအုန်း...”
“ ရွှေဘုန်းတော် တိုး.... ပါလို့ ... ငွေမိုးတွေ.... ရွာ.....
နိုင်ငံတော် ပြည်အရေးက သာလှတယ်လေး.... ”
........
ပြည်ရွှေဘို မြို့တော် မြောက်ဆီက ........
ပြည်ရွှေဘို မြို့တော် မြောက်ဆီက  .......
....................
....................
............
သာလှတယ်လေး........
................
အသံဝါကြီးနှင့် ဆွဲဆွဲငင်ငင် လေးလေးပင်ပင် ဆွေးဆွေးမြေ့မြေ့ သီဆိုနေသော MMO ကိုကြည့်ကာ ကျနော်စိတ်မောစွာ သက်ပြင်းအကြိမ်ကြိမ်ချနေမိသည်...။
MMO မှာ တဘက်သို့မျက်နှာလှည့်ကာ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်နေပါတော့သည်...။
ကောင်ကင်တပြင်လုံးမှာတော့ ဖြူလွလွတိမ်စိုင်တို့ကား ပြေးလွှား လှုပ်ရှားရင်း... အာကာတစ်ခွင်လုံး ဖုံးလွှမ်းဖို့ရန် ကြံစည်နေသည်ထင်မိပါတော့သည်...။

လေးစားစွာဖြင့်

MMO & MTZO

Friday, September 16, 2011

ဒီဇိုင်နာ နှင့် ခေါင်းဆောင်မှုပညာ





အဖွဲ့အစည်းတိုင်းမှာ ခေါင်းဆောင်ဆိုတာ ရှိပါတယ်။ ထို့အတူ ဒီဇိုင်းအဖွဲ့အစည်း တစ်ခုစီအတွင်းမှာလဲ Design Team Leader ထားပြီး လုပ်ဆောင်ကြပါတယ်။ ဒီဇိုင်းအဖွဲ့အပေါ် ဘယ်လိုခေါင်းဆောင်တယ်ဆိုတာ မလေ့လာခင် ခေါင်းဆောင်မှုဆိုတာ ဘာလဲ ဆိုတာကို စတင်လေ့လာမိပါတယ်။ ဒါမှလည်း ခေါင်းဆောင်တွေရဲ့ သဘောတရားကို နားလည်နိုင်မှာ ဖြစ်သလို ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်မှာပါ..။ ခေါင်းဆောင်ကောင်းဖြစ်ဖို့ဆိုတာကလည်း ခေါင်ဆောင်ကောင်းစိတ်ဓါတ်အပြင် နည်းနိသယတွေလည်း သိထားဖို့ လိုအပ်ပါတယ်။

၂၀ရာစုခေတ်လယ်ပိုင်းလောက်ကစပြီး ခေါင်းဆောင်မှုအရေးပေါ် ချဉ်းကပ်နည်း ကို ထဲထဲဝင်ဝင် လွန်စွာအလေးထား လာခဲ့ကြပါတယ်။ အရေးပေါ်ခေါင်းဆောင်မှု သီအိုရီတွေ မြောက်မြားစွာပေါ်ထွန်းလာခဲ့ပါတယ်။ သို့သော် ၎င်းတို့အားလုံးရဲ့ တူညီတဲ့ ယူဆချက်ဆုံမှတ်တစ်ခုကတော့ တစ်စုံတစ်ခုသော(သို့) ထူးခြားသောအခြေအနေ တစ်ရပ်မှာ ခေါင်းဆောင်တစ်ဦးဟာ ဘယ်ပုံဘယ်နည်း ပြုမှုသင့်တယ်ဆိုတာကို ထောက်ပြ ညွှန်ပြကြခြင်းပဲ ဖြစ်ပါတယ်။ ပညာရှင်တွေက Management ရဲ့ အဓိပ္ပါယ်ကို အမျိုးမျိုးဖွင့် ဆိုခဲ့သလိုပဲ Leadership နဲ့ပါတ်သက်ပြီးတော့လည်း အဓိပွါယ် အမျိုးမျိုး ဖွင့်ဆိုခဲ့ကြပါတယ်။
ခေါင်းဆောင်မှု အနက်အဓိပ္ပါယ် ဖွင့်ဆိုတာ အမျိုးမျိုးရှိသလိုပဲ ခေါင်းဆောင်မှု သဘောတရားကို အဓိပ္ပါယ်ဖွင့်ဆိုရန် ကြိုးပမ်းသူ ပုဂ္ဂိုလ်တွေ အများကြီးရှိပါတယ်။ ယေဘုယျအားဖြင့်တော့ ထိရောက်ဖြစ်ထွန်းသော ခေါင်းဆောင်မှုဆိုသည်မှာ ခေါင်းဆောင် ၏ အောင်မြင်သော သြဇာသက်ရောက်မှု နှင့် နောက်လိုက်များ၏ ရည်မှန်းချက်ပန်းတိုင် ဆွတ်ခူးရရှိတဲ့ အောင်မြင်မှု နှစ်ရပ် ပါဝင်တယ်ဆိုသောအချက်ကို အ‌ခြေခံအားဖြင့် လက်ခံ ထားကြပါသည်။ ခေါင်းဆောင်မှုဟူသည် တစ်စုံတစ်ခုသောပန်းတိုင်တစ်ရပ် (သို့) ပန်းတိုင်အချို့ ဆွတ်ခူး ရရှိအောင်မြင်ရေး၌ ပါဝင်သက်ဆိုင်သူတို့၏ လုံ့လစိုက်ထုတ် ကြိုးပမ်း အားထုတ် ချက်များကို သြဇာပေးလမ်းညွှန်ပြတဲ့ နည်းစဉ် အဖြစ် အဓိပ္ပါယ်ဖွင့် ဆိုနိုင်တယ် လို့ဆိုပါတယ်။
(Barnard Bass. Stogdill’s Handbook of Leadership)

ဂျော့အက်ဖ်ကင်နန် ( George F.Kennan 1954 )ကတော့ “ ကိုယ့်ကိုယ်ကို ဧကန်အမှန် ပိုင်စိုးထိန်းနိုင်သူသည်သာ အခြားတစ်ပါးသူတွေအပေါ် ခေါင်းဆောင်မှု ပေးစွမ်းနိုင်သည်” ဟုဆိုပါတယ်။
စီမံခန့်ခွဲရေးမှူးတစ်ဦး၏ ရှေ့တန်းအကျဆုံး နဲ့ အရေးပါဆုံး အရည်အချင်းတစ်ရပ် ကတော့ “ ခေါင်းဆောင်တတ်ရေး” ပဲဖြစ်ပါတယ်။ ထိရောက်ဖြစ်ထွန်းသော ခေါင်းဆောင်မှု သည် လူတစ်ဦးချင်းအောင်မြင်မှုအတွက်ရော အဖွဲ့အစည်းအောင်မြင်မှု အတွက်ပါ အဓိကကျပါတယ်။
စီမံခန့်ခွဲရေးမှူးတွေဟာ တစ်ဦးနှင့်တစ်ဦးသည် သြဇာပေးနည်းစနစ်ခြင်း မတူညီ ကျပါဘူး။
ဥပမာ -
စီမံခန့်ခွဲရေးမှူးအချို့ဟာ လက်အောက်ငယ်သားများအတွက် ရည်မှန်းချက်များ ဖော်ပေးခြင်း၊ လုပ်ရမည့်အရာများကို အသေးစိတ်စာရင်းချပေးခြင်း နှင့် လုပ်ငန်းစဉ်ဇယား အတိုင်း လုပ်ဖြစ် /မဖြစ် သေချာအောင် ထပ်ကြပ်မကွာ အနီးကပ်စစ်ဆေး ကြည့်ရှု့ခြင်းဖြင့် အချိန်အများကြီးသုံးစွဲခဲ့ကျပါတယ်။ ဒီလိုစီမံခန့်ခွဲးရေးမှူးမျိုးကိုတော့ လက်အောက်ငယ် သားများအား လုပ်ပိုင်ခွင့်အာဏာကို မဖြစ်ညစ်ကျယ် မဆိုစလောက်သာ လွှဲအပ်ပေးသည့် လူမျိုးလို့ဆိုရမှာဖြစ်ပါတယ်။
နောက်တစ်မျိုးကတော့ လက်အောက်ငယ်သားများကို ကိုယ်လုပ်နည်းကိုင်နည်း အား ကိုယ်တိုင်ဆုံးဖြတ်ရွေးချယ်စေခြင်း၊ အကူအညီထပ်မံလိုသူတွေကို တံခါးဖွင့်မူဝါဒ ထားပေးခြင်းဖြင့် ယေဘုယျ ရည်မှန်းချက်များ ချမှတ်ပေးရတာကို ပိုလိုလားကျတယ်။ ဒီလို စီမံခန့်ခွဲရေးမှူးများကတော့ လက်အောက်ငယ်သားများအား မျှတတဲ့အလုပ်တာဝန်ကို လွှဲအပ်ပေးတဲ့သူမျိုးဖြစ်တယ်လို့ဆိုရမှာဖြစ်ပါတယ်။
တချို့စီမံခန့်ခွဲသူတွေကတော့ လက်အောက်ငယ်သားတွေကို ဖြစ်နိုင်သမျှ အနည်းဆုံးလမ်းညွှန်မှုပေးတယ်၊ လက်အောက်ငယ်သားတွေက ပြဿနာအချို့ကိုရင်ဆိုင် နေရပါက သူတို့ဘာသာအဖြေရှာပြီးဖြေရှင်းစေတယ်။ ဒီလိုစီမံခန့်ခွဲရေးမှူးမျိုးကတော့ အလုပ်တာဝန်ခပ်သိမ်းကို လုံးလုံးလွှဲအပ်ပေးထားတဲ့သူမျိုးတွေဖြစ်ပါတယ်။
အဲ့ဒီနည်းလမ်း သုံးမျိုးထဲမှာ ဘယ်နည်းလမ်းကအကောင်းဆုံးလဲလို့မေးလာခဲ့လျှင် တော့ နည်းဟန်သုံးမျိုးစလုံးဟာ တစ်မျိုးစီထိရောက်နိုင်ပါတယ်။ အကောင်းဆုံး ခေါင်းဆောင်မှုနည်းဟန် တစ်မျိုးတည်းဟူ၍ မရှိဘူးဆိုတာကို သိသာထင်ရှားစေပါတယ်။ အဲ့ဒီအချက်တွေကြောင့်ပဲ ခေါင်းဆောင်မှုဆိုတာဟာ အလွန်စိတ်ဝင်စားဖွယ်ရာ ကောင်း လာပါတယ်။

အဓိကစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အချက်ကတော့ ခေါင်းဆောင် တွေမှာ ရှိတတ်ကျတဲ့ ဓလေ့စရိုက်များ နဲ့ အရည်အချင်း စွမ်းရည်များ ( traits & abilities ) ပဲဖြစ်ပါတယ်။
၁၉၂၀ နှင့် ၁၉၅၀ ပြည့်နှစ်အတွင်း ခေါင်းဆောင်မှု ထိရောက် အကျိုးဖြစ်ထွန်းချက် အား အထောက်အကူပြုသော အင်အားစုများကို ပိုင်းခြားပြရန် အားထုတ်သည့်အနေဖြင့် ဓလေ့စရိုက်သီအိုရီ ( traits & abilities ) သုတေသနပြုမှုတွေကို အများကြီးပြုလုပ်ခဲ့ကျ ပါတယ်။ စူးစမ်းလေ့လာသူ ပညာရှင်များက အများလက်ခံနိုင်သော ယေဘုယျစာရင်း တစ်ခု မဖော်ဆောင်နိုင်ခဲ့ခြင်းမှာ ကံဆိုးသည့် အကြီးမားဆုံးပြဿနာပဲဖြစ်ပါတယ်။ဒါပေမဲ့ အများစုတင်ပြခဲ့တဲ့ ယေဘုယျတွေ့ရှိချက်အချို့ကို တော့ရရှိခဲ့ပါတယ်။
သာဓကအားဖြင့် အဲ့ဒီခေတ်က ရေးသားတင်ပြချက်တွေကို ဆန်းစစ်သုံးသပ်ပြီး နောက် ဘက်စ် (Bass )ဆိုသူက အောက်ပါကောက်ချက်များ ဆွဲယူရန် စူးစမ်း လေ့လာချက် ၁၅ခုကျော်မှ တစ်‌ပြေးညီ ခိုင်မာအားကောင်းသော အထောက်အထားများကို တွေ့ရှိခဲ့ပါတယ်။
ခေါင်းဆောင်မှု အနေအထားတစ်ရပ်ရရှိထားသူဟာ ၎င်းရဲ့ အုပ်စု သာမန်အဖွဲ့ဝင် များထက် အောက်ပါအချက်တွေဟာသာလွန်နေတာကိုတွေ့ရမှာဖြစ်ပါတယ်-
(၁) ဉာဏ်အမြော်အမြင် ( Intelligence )
(၂) ပညာအရည်အချင်း ( Scholarship )
(၃) တာဝန်များထမ်းဆောင်ရာ၌ မှီခိုအားထားနိုင်မှု ( Depend-ability in exercising responsibilities )
(၄) လှုပ်ရှားထကြွရှိမှု နှင့် လူမှုရေးပါဝင်ပူပေါင်းဆောင်ရွက်မှု ( Activity & Social Participation )
(၅) လူမှုစီးပွါးရေးဘဝအဆင့်အတန်း ( Socioeconomic Status ) တို့ပဲဖြစ်ပါတယ်။

အဲ့ဒီအချက်တွေအပြင် အောက်ပါတွေ့ရှိချက်များကို အထောက်အကူပြုစေတဲ့ စူးစမ်းလေ့လာမှု (၁၀)ခုကျော်ကိုလဲ ဘက်စ် (Bass )က ထပ်မံတွေ့ရှိခဲ့ပြန်ပါတယ်။
(က) ခေါင်းဆောင်တစ်ဦးမှာ လိုအပ်တဲ့အရည်အချင်းတွေ၊ စရိုက်လက္ခဏာတွေနဲ့ ကျွမ်းကျင်တပ်မြောက်မှုတွေကို ခေါင်းဆောင်တစ်ဦးအဖြစ် ရင်ဆိုင်ကိုင်တွယ်ရာမှာ အ‌ခြေအနေတွေရဲ့ တောင်းဆိုချက်များက အဓိကအားဖြင့် ပိုင်းဖြတ်တယ်လို့ဆိုပါတယ်။
(ခ) ခေါင်းဆောင်မှုအနေအထားတစ်ရပ် ရရှိထားတဲ့သူဟာ သူ့ရဲ့သာမန်အဖွဲ့ဝင်တွေ ထက် အောက်ပါအချက်တစ်ခုစီ၌ အတိုင်းအတာတစ်စုံတစ်ခုအထိ သာလွန်နေတာကိုတွေ့ ရမှာဖြစ်တယ်လို့ဆိုပါတယ်-
(၁) လူမှုရေးနားလည်မှု ( Sociability )
(၂) ပင်ကိုအစွမ်းအစ ( Initiative )
(၃) ဇွဲနပဲကြီးမှု ( Persistence )
(၄) အလုပ်တွင်ကျယ်မည့် လုပ်နည်းကိုင်နည်းများ သိရှိနားလည်မှု ( Knowing how to get things done )
(၅) ကိုယ့်ကိုယ်ကိုယုံကြည်မှု ( Self-Confidence )
(၆) အ‌ခြေအနေများကို နိုးကြားထွင်းဖောက်မြင်သိမှု ( alertness to, and insight into, situations )
(၇) အများနဲ့လက်တွဲပူးပေါင်းလုပ်ဆောင်မှု ( Cooperativeness )
(၈) ရေပန်းစားမှု ( Popularity )
(၉) အ‌ခြေအနေနှင့်လိုက်လျောညီထွေပြုတတ်မှု ( Adaptability )
(၁၀) နှုတ်ရေးတတ်ကျွမ်းမှု ( Verbal facility ) တို့ပဲဖြစ်ပါတယ်။
သည်လို ယေဘုယျ ခေါင်းဆောင်မှုဓလေ့စရိုက်တွေကို စူစမ်းရှာဖွေရာမှာ အလိုအလျောက် စေ့ဆော်ဆွဲဆောင်မှု ရှိခြင်းကြောင့် ဒီချဉ်းကပ်နည်းတွေဟာ မျက်မှောက်ခေတ် စီမံခန့်ခွဲရေးဆိုင်ရာ စာပေတွေမှာ ရေပန်းစားနေဆဲဖြစ်ပါတယ်။

ဥပမာ စိတ္တဗေဒပညာရှင် ဟာရီလီဗင်ဆင် က ခေါင်းဆောင်ကိုယ်ရည်ကိုယ်သွေး ဥပတိအတိုင်းအတာ အချက် (၂၀)ကို ဆွဲထုတ်ပြခဲ့ပါတယ်။ အဲ့ဒီအတိုင်းအတာတွေဟာ ထိပ်တန်းစီမံခန့်ခွဲရေး အခွင့်အာဏာရှိသူတစ်ဦးကို စီစစ်ရွေးချယ်တဲ့အခါမှာ ထည့်သွင်း စဉ်းစားရမဲ့ အချက်တွေပဲဖြစ်ပါတယ်။ အဲ့ဒါတွေကတော့-
(၁) အချက်အလက်အမျိုးမျိုးကို ရှေ့နောက်ညီညွတ်သော ရည်မှန်းချက်ဘောင် တစ်ခုရအောင် တွေးဆသိမြင်ဖွဲ့စည်းပေါင်းစပ်တည်ဆောက်တတ်ခြင်း
( The capacity to abstract, to conceptualize, to organize, and to integrate different data into a coherent frame of reference )
(၂) ဒွိဟသံသယဝိဝါဒကို သဘောထားကြီးခြင်း
( A tolerance for ambiguity)
(၃) ဉာဏ်အမြော်အမြင်ရှိခြင်း
( Intelligence )
(၄) ကောင်းကောင်းပိုင်းဖြတ်ခြင်း
( Good Judgment )
(၅) တာဝန်ယူတတ်ခြင်း
( Ability to take charge )
(၆) ပြဿနာများကို အားတက်သရော မဟာဗြူဟာမြောက် ရင်ဆိုင်‌ဖြေရှင်း တတ်ခြင်း
( A Capacity for Attacking Problems Both Vigorously and Strategically )
(၇) ထမြောက်အောင်မြင်ရေးအလေးပေးခြင်း
( An Achievement Oriented-ness )
(၈) အခြားသူများ၏ စိတ်ခံစားချက်ကို သိလွယ်တုံ့ပြန်တတ်ခြင်း
( A Sensitivity to the Feelings of Others )
(၉) အဖွဲ့အစည်းဝင်တစ်ဦးအနေဖြင့် ပါဝင်ဆောင်ရွက်တတ်ခြင်း
( Participation as a Member of the Organization )
(၁၀) ရင့်ကျက်ပြည့်ဝခြင်း
( Maturity )
(၁၁) အခြားသူများထံမှသတင်းစကား၊ ‌ဝေဖန်ချက်နှင့် ပါဝင်ပူပေါင်းမှုရသည့်တိုင် ကိုယ်ဒူးကိုယ်ချွန်တတ်ခြင်း
( Ability to Stand on his or her Own while accepting information, criticism, and cooperation from others. )
(၁၂) ပီပြင်ရှင်းလင်းပြောဆိုတတ်ခြင်း
( Ability to Articulate )
(၁၃) ရုပ်ပိုင်းစိတ်ပိုင်းသက်လုံကောင်းခြင်း
( High Physical and Mental Stamina )
(၁၄) ဖိစီးမှုကိုအလိုက်သင့်စီမံထိန်းတတ်ခြင်း
( Ability to adapt and to manage stress )
(၁၅) ဟာသဉာဏ်ရှိခြင်း
( A Sense of Humor )
(၁၆) အဖွဲ့အစည်း၏ လိုအပ်ချက်များနှင့်ကိုက်ညီသော ရှင်းလင်းပြတ်သားသည့် ကိုယ်ပိုင်ပန်းတိုင်များရှိခြင်း
( Well-defined personal goals that are consistent with organizational needs )
(၁၇) လုံးလဝီရိယကြီးခြင်း
( High perseverance )
(၁၈) အချိန်ကိုစံနစ်တကျစုစည်းအသုံးချတတ်ခြင်း
( The ability to organize time well )
(၁၉) လေးနက်တည်ကြည်ခြင်း
( High integrity )
(၂၀) လူမှုတာဝန်နှင့်ခေါင်းဆောင်မှုတာဝန်ယူဖို့လိုအပ်ပုံကို နားလည်တန်ဖိုးထားခြင်း ( An appreciation for the need to assume social responsibility and leadership.)

လီဗင်ဆင်သည် သူရဲ့အတိုင်းအတာတွေဟာ စာရင်းအင်းဗေဒအရ ခိုင်လုံတယ်လို့ တော့ အာမဝန်တာမခံပေ။ ထိပ်ပိုင်ဆိုင်ရာ စိမံခန့်ခွဲရေး ထိရောက်အောင်မြင်မှု နှင့် စပ်လျဉ်းသော သဘောလက္ခဏာများကို အလေးပေးစဉ်းစားနိုင်ရုံသာ သူဟာတင်ပြခဲ့ခြင်း ဖြစ်ပါတယ်လို့ဆိုပါတယ်။
သူ ဘယ်လိုပဲ‌ပြော‌ပြော ဖော်ပြပါ ဓလေ့စရိုက်များဟာ ခေါင်းဆောင်မှု သဘော သဘာဝကို နားလည်သဘောပေါက် အောင်မြင်အောင်ပြုလုပ်ရာမှာ အလွန်အရေးပါတယ် ဆိုတာ ငြင်းနိုင်ဖွယ်ရာမရှိပါဘူး။ သူတင်ပြခဲ့တဲ့ ဓလေ့စရိုက်များ နဲ့ စွမ်းရည်များကို ဆန်းစစ်ကြည့်တဲ့အခါမှာ စီမံခန့်ခွဲရေး ခေါင်းဆောင်တစ်ဦးမှာ အမှန်တကယ်လိုအပ်တဲ့ ယေဘုယျပုံရိပ်တစ်ခုကို မီးမောင်းထိုးပြနေသည်မှာ ထင်ရှားတာကို တွေ့မြင်ကျရမှာဖြစ် ပါတယ်။
( Ref: Richard M.Hodgetts. Management)


နောက် အရေးပါသော ခေါင်းဆောင်မှု လေ့လာစူးစမ်းနည်းမှာ ခေါင်းဆောင်တွေရဲ့ အပြုအမူ လုပ်ဆောင်ချက်တွေကို စစ်ဆေးအကဲဖြတ်ခြင်းပဲဖြစ်ပါတယ်။ လူတစ်ဦးရဲ့ ထွန်းပေါက်အောင်မြင်သော ခေါင်းဆောင်မှုအမူအရာတစ်မျိုးကို အတုယူကျင့်သုံးခြင်း အားဖြင့် ပိုတော်သော ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်လာနိုင်တယ်လို့ သုတေသီပညာရှင် အများအပြားက ယုံကြည်ခဲ့ကျပါတယ်။ ဒါပေမဲ့ ဒီအယူအဆဟာ အငြင်းပွါးနိုင်စရာတွေ ရှိပါတယ်။ မျက်မှောက်ခေတ်မှာ ခေါင်းဆောင်မှုအမူအရာကို ပိုပြီးနက်နက်နဲနဲ ထဲထဲဝင်ဝင် စိတ်ဝင်တစားရှိလာကြပါတယ်။ စိတ်ဝင်တစားကြည့်လာကြတာနဲ့အမျှ ခေါင်းဆောင်တွေ နဲ့ လက်အောက်ငယ်သားတွေ အပြန်အလှန်ချိတ်ဆက် အကြိုးပြုနေကျပုံကို အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုခဲ့ကျပါတယ်။
စီမံခန့်ခွဲမှူးတွေ အများဆုံးလက်ခံကျင့်သုံးပြီး အလွန်အမင်း ပြုလုပ်တတ်ကြတာ ကတော့ အာဏာရှင်ဆန်သော ခေါင်းဆောင်မှု ( Autocratic Leadership )ပဲဖြစ်ပါတယ်။ သူတို့တွေဟာ အလုပ်တာဝန်ပြီးမြောက်အောင်မြင်ရေးကိုပဲ အဓိကထားအာရုံစိုက်ကြပြီးတော့ လူသားတွေအပေါ်မှာတော့ အလေးမထားကျပေ။ ဒီလိုခေါင်းဆောင်တွေကတော့ ရှေးရိုးစီမံခန့် ခွဲရေးပုံစံနဲ့သာ သင့်မြတ်ကိုက်ညီပါတယ်။ အဲ့ဒီပုံစံအရ အလုပ်သမားတွေကို ကုန်ထုတ် အင်အားစုများ ( Factors of Production )အဖြစ် ရှုမြင်သဘောထားကျတယ်။ မည်သို့ ပင်ဆိုစေ ခေါင်းဆောင်တွေမစွမ်း၊ မထိရောက်ဟု တစ်ဖက်သတ်တော့ မမှတ်ယူ သင့်ပါဘူး။ တစ်ခါတစ်ရံမှာ သူတို့ဟာ ကြောက်ခမန်းလိလိ စွမ်းဆောင်အောင် မြင်တတ် ကြပါတယ်။ ဥပမာ အကျပ်အတည်းဆိုက်တဲ့အ‌ခြေအနေတွေမှာဆိုရင် ခေါင်းမာပြင်း ထန်သော စီမံခန့်ခွဲရေးမှူး တွေလိုအပ်ပါတယ်။ တစ်ချို့သောအဖွဲ့အစည်းတွေမှာဆိုရင် ကုန်ထုတ်လုပ်မှု စွမ်းအား တိုးမြင့်ရေး၊ စရိတ်ထိန်းသိမ်းရေးပြဿနာများ (သို့) အရည်အသွးညံ့ဖျင်းမှု ပြဿနာများနှင့် ရင်ဆိုင် ကျရတဲ့အခါတွေမှာဆိုရင် အ‌ခြေအနေတည့် မတ်အောင် ဖြေရှင်းရန် အာဏာရှင်ဆန်တဲ့ ခေါင်ဆောင်တွေကို အာကိုးအားထားပြုကျရပါတယ်။
ဘာလို့လဲဆိုတော့ အာဏာရှင်ဆန်တဲ့ခေါင်းဆောင်တွေရဲ့ အမူအရာကို အမူအရာကို အနီးကပ် ကွပ်ကဲထိန်းချုပ်မှုအပေါ် အလေးထားခြင်း နဲ့ လုပ်ပိုင်ခွင့်အာဏာလွှဲအပ်ပေးရန် မလိုခြင်း ဆိုတဲ့လက္ခဏာ နှစ်ရပ်အရ အကဲဖြတ်နိုင်ပါတယ်။ သူတို့ဟာဆိုရင် အရေးပါ သောအကြောင်းကိစ္စအားလုံးအပေါ် ဆုံးဖြတ်ချက်ချမှတ်တဲ့အခွင့်အာဏာကို ထိန်းချုပ်ထား ကျပါတယ်။ နောက်ဆုံးအပြီးသတ်အတည်ပြုချက်ကို သူတို့ သေချာပေါက်ရယူလိုသော ကြောင့်ဖြစ်ပါတယ်။

နောက်တစ်နည်းကတော့ ဖခင်အသွင်ဆန်သောခေါင်းဆောင်မှု ( Paternalistic Leadership ) ပဲဖြစ်ပါတယ်။ ဒီခေါင်းဆောင်မှုစတိုင်ကတော့ အလုပ်ကိုအလွန်အမင်း ဗဟိုပြုထားသော်လည်း လူသားအမြုတေဖြစ်တဲ့ ဝန်ထမ်းလုပ်သားများကိုလည်း အလေးထား ထည့်တွက်ကျပါတယ်။ တစ်ခါတစ်ရံမှာသူတို့ကို ဒီမိုခရေစီဆန်သော/မျှ‌ဝေတာဝန်ယူသော ခေါင်းဆောင်တွေနဲ့ ရောထွေးမြင်တတ်ကျပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ အလုပ် ကိုရော လူတွေကိုပါ တစ်ပြိုင်နက် အလေးထားကျသောကြောင့်ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ထူးခြားသောသွင်ပြင်လက္ခဏာတစ်ရပ်က သူတို့ဟာ ဒီမိုကရေစီဆန်သော ခေါင်းဆောင်တွေ မဟုတ်ဘူးဆိုတာကို မီးမောင်းထိုးပြပါတယ်။ “ ငါ‌ပြောသလိုလုပ်၊ အဖွဲ့အစည်းက မင်းကို တာဝန်ယူ စောင်မလိမ့်မယ်” ဆိုသောအတွေးအခေါ်ကို သူတို့ယုံကြည်ကြခြင်းကြောင့် ဖြစ်ပါတယ်။ ဒီလိုခေါင်းဆောင်တွေကတော့ သားသမီးတွေကိုအုပ်ချုပ်တဲ့ မိဘတွေနဲ့ တစ်ထေရာထဲတူလိုဟန်ရှိကျပါတယ်။
စီးမံခန့်ခွဲရေးမှူးအများအပြားဟာ ဖခင်အသွင်ဆန်သော ခေါင်းဆောင်သူတွေဖြစ်ကြ ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ လက်အောက်ငယ်သားတွေဟာ သူတို့ကို ကြည့်ရှုစောင့် ရှောက်ပေးမဲ့ တစ်စုံတစ်ဦးကို အမြဲတမ်းလိုလားတောင့်တနေတယ်လို့ ထင်နေသောကြောင့် ဖြစ်ပါတယ်။ ဖခင်အသွင်ဆန်သောခေါင်းဆောင်မှုပုံစံသည် ဘဝမှာလုံခြုံမှုမရှိသောသူများ၊ မိမိတို့ရဲ့အလုပ်အကိုင်ကိုသာ သင်ယူနေကျရှာပြီး အကြံဉာဏ်၊ အကူအညီနဲ့ အကာအကွယ်ကို ငံ့လင့်နေကျတဲ့ လက်အောက်ငယ်သားများကို ကိုင်တွယ်‌ဖြေရှင်းတဲ့အခါမျိုးမှာ အထိရောက် ဆုံးနဲ့ အစွမ်းဆောင်နိုင်ဆုံး ဖြစ်တတ်ကျပါတယ်။
( Ref: Richard M.Hodgetts. Management)

ဒီမိုကရေစီဆန်သော/မျှ‌ဝေတာဝန်ယူသောခေါင်းဆောင်မှု ( Democratic/ Participative Leadership) ဆိုတာကတော့ လူနှင့်အလုပ် နှစ်မျိုးစလုံးကို လွန်စွာအလေး ထားခြင်းပဲဖြစ်ပါတယ်။ သူတို့ဟာလက်အောက်ငယ်သားတွေအကြား တစိုက်မတ်မတ် သတင်းအချက်အလက် အပြန်အလှန်စီးဆင်းမှုကိုအားပေးတယ်၊ ကူညီပံ့ပိုးပေးတယ် လုပ်ပိုင် ခွင့်အာဏာအများအပြားကိုလဲ လက်အောက်ငယ်သားများအား လွှဲအပ်ပေးထားပါတယ်။ လုပ်သားများ တက်တက်ကြွကြွပါဝင်လုပ်ဆောင်အောင်လဲ နှိုးဆော်အားပေးပါတယ်။ ဒီ‌ခေါင်းဆောင်မှုနည်းဟန်ရဲ့ အားသာချက်ကတော့ လူတစ်ဦးချင်းစီတာဝန်ယူမှု၊ အချင်းချင်း ယိုင်းပင်းကူညီမှု၊ တစ်ဦးရဲ့အားနည်းချက်ကို တစ်ဦးကဖြည့်ဆည်းအားပေးမှု၊ အပြန်အလှန် နားလည်မှု၊ မိမိတာဝန် နှင့်အပြစ်ကို တစ်ပါးသူအပေါ်ပုံမချမှု၊ တစ်ဦး၏ စွမ်းဆောင် အောင်မြင်မှုကို တစ်ဦးကမုဒိတာပွါးမှု၊ စေ့စပ်ညှိနှိုင်းအ‌ဖြေရှာမှု နှင့် ပျော့ပျောင်း သောဆက်ဆံ ရေးဘဝဖြစ်တည်မှု စတာတွေပဲဖြစ်ပါတယ်။ သည်လို လူကိုရောအလုပ်ကိုပါ အလွန်အမင်း တန်ဖိုးထားခြင်းကြောင့် ဒီခေါင်းဆောင်မှုနည်းဟန်မှာ အကျိုးကျေးဇူး‌မြောက်များစွာဖြစ်ထွန်း ပါသည်။ သိသာထင်ရှားတဲ့အကျိုးကျေးဇူးတွေကတော့-

(၁) အပြီးသတ်ဆုံးဖြတ်ချက်မချမီ လိုအပ်တဲ့သတင်းအချက်အလက်တွေနဲ့ အထောက်အကူရရှိရေးအတွက် တခြားသက်ဆိုင်သူတွေအပေါ် ခေါင်းဆောင် က အားကိုးအားထားပြုနိုင်သောကြောင့် ဆုံးဖြတ်ချက်ချမှတ်ပုံ တိုးတက် ကောင်းမွန်လာမှာဖြစ်ပါတယ်။
(၂) လုပ်အောက်ငယ်သားတွေဟာ သူတို့လုပ်ငန်းခွင်ဝန်းကျင်မှာ အဆင်ပြေ ပွင့်လင်းလွတ်လပ်မှုကို နှစ်သက်သဘောကျသောကြောင့် စိတ်ဓါတ်တက်ကြွ အားကောင်းလာမှာဖြစ်ပါတယ်။
(၃) လက်အောက်ငယ်သားတွေဟာ သူတို့ရည်မှန်းချက်ကိုသိရှိပြီး အဲ့ဒီရည်မှန်းချက် ကို မဖြစ်မနေဆွတ်ခူးရရှိရန် လိုအပ်တဲ့လုပ်ပိုင်ခွင့် လွပ်လပ်မှု အပြည့်အဝရရှိ သောကြောင့် အကြီးအကျယ် ထမြောက်အောင်မြင်ရေး မောင်းနှင်အားကို ပျိုးထောင် ရှင်သန်ကြီးထွားလာစေမှာဖြစ်ပါတယ်။
(၄) အပြောင်းအလဲများပြုလုပ်ခဲ့ပါလျှင်လဲ ဝန်ထမ်းများဟာ ဆန့်ကျင်သွေဖီခြင်း မရှိပဲ ၎င်းတို့ကိုယ်တိုင် ပါဝင် တာဝန်ယူလုပ်ဆောင်ကျမှာဖြစ်ပါတယ်။
အဓိကအားဖြင့် မျှ‌ဝေတာဝန်ယူသော ခေါင်းဆောင်မှုနည်းဟန်ကို ဒီမိုကရေစီကျင့်သုံး သော တိုင်းပြည်တွေမှာ အများဆုံးလက်ခံကျင့်သုံးကျပါတယ်။ အထူးသဖြင့် အမေရိကန် နိုင်ငံမှာ လက်ခံကျင့်သုံးပါတယ်။ သို့သော် ဒီခေါင်းဆောင်မှုနည်းဟန်သည် အဖွဲ့အစည်း တိုင်းအတွက်တော့ ခြွင်းချက်မရှိ အလုပ်ဖြစ်တယ်လို့တော့ မဆိုနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ တစ်ချို့အဖွဲ့အစည်းတွေဟာ မျှ‌ဝေတာဝန်ယူမှု အလွန်အားကောင်းတဲ့ ပတ်ဝန်းကျင် ဓလေ့ စရိုက်နဲ့ ဟန်ကျပန်ကျ လည်ပတ်အောင် မစွမ်းဆောင်နိုင်တတ်ကျလို့ပဲ ဖြစ်ပါတယ်။

နောက် လွပ်လပ်သော/အထိန်းအချုပ်ကင်းသောခေါင်းဆောင်မှု ( Laissez-faire/Free-rein Leadership) ဆိုတာကတော့ လုပ်ငန်းဌာနရဲ့ဆောင်ရွက်ချက်တွေကို အ‌ခြေခံအားဖြင့် ကိုယ်တိုင်ပါဝင် တာဝန်ယူခြင်းမရှိတဲ့ စီမံခန့်ခွဲရေးမှူး(ခေါင်းဆောင်)တွေက ကိုင်စွဲကျင့်သုံးကျပါတယ်။ ဒီစီမံခန့်ခွဲရေးမှူးတွေဟာ လုပ်ငန်းတာဝန်တွေကို လက်အောက် ငယ်သားတွေအပေါ် ပုံအောပြီး ပခုံးလွှဲပေးလိုကျတယ်။ သူတို့ကိုယ်တိုင်ကျတော့ ဘာတာဝန်ကိုမှ မယ်မယ်ရရမယူခြင်ကျဘူး၊ အလုပ်တာဝန်တွေကို သူတို့နဲ့မဆိုင်သလိုပဲ သဘောထားကျတယ်။
သူတို့ဟာ လုပ်ငန်းခွင်ထဲကို ကိုယ်ရောင်ပြသာလာကြပြီး လုပ်ငန်းအခြေအနေဘယ်လို ရှိတယ် ဘယ်လိုစခန်းသွားနေတယ်ဆိုတာကို ကြည့်ရှုစစ်ဆေးရန်လောက်သာ စိတ်ဝင်စားမှုရှိ ပါတယ်။ ခေါင်းဆောင်တာဝန်ယူ၍ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခြင်းမျိုးမရှိပေ။
သို့ဆိုလျှင် လွပ်လပ်သော/အထိန်းအချုပ်ကင်းသော ခေါင်းဆောင်မှုနည်းဟန်ဟာ ကောင်းစွာအလုပ်ဖြစ်ပါသလားဆိုတဲ့ မေးခွန်းတွေပေါ်ပေါက်လာနိုင်ပါတယ်။ အ‌ဖြေကတော့ အလုပ်ဖြစ်နိုင်ပါတယ်လို့ပဲ ‌ဖြေဆိုရပါမယ်။ ဘယ်လိုနေရာတွေမှာအလုပ်ဖြစ်နိုင်သလဲဆိုတော့ သုတေသနနဲ့ဖွံဖြိုးရေး လက်တွေ့စမ်းသပ်ခန်းတွေမှာ တာဝန်ယူရတဲ့ စီမံခန့်ခွဲရေးမှူးရဲ့ စွမ်းဆောင်ချက်တွေပဲ ဖြစ်ပါတယ်။ သူရဲ့လက်ထောက်တွေအားလုံးဟာ အများအားဖြင့် အထူးကျွမ်းကျင်နှံ့စပ် တတ်သိလိမ်မာကြတယ်၊ အလုပ်တာဝန်ကို ပိုင်နိုင်ကျွမ်းကျင်သော အတတ်ပညာရှင်တွေဖြစ်ကျတဲ့အတွက်ကြောင့် စီမံခန့်ခွဲရေးမှူးဟာ အလုပ်ပြီးမြောက် အောင်မြင်ရေးအတွက် လိုအပ်တဲ့လက်နက်ကရိယာတွေနဲ့ အထောက်အကူကိုဖြည့်ဆည်း ပေးရန်သာဖြစ်တယ် ဘာတွေလုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုတာကို အထူးတိုက်တွန်း‌ပြောဆိုဖို့ လုံးလုံးမလိုအပ်ပါဘူး။ အားကြိုးမာန်တက် စွမ်းစွမ်းတမံလုပ်ဆောင်ကြသည်မှာ လုံးဝစိတ်ချရ သောကြောင့် စီမံခန့်ခွဲးရေးမှူးတွေအဖို့ ထူးခြား‌ပြောင်မြောက်တဲ့ ရလာဘ်ကောင်းတွေရရှိနိုင် မှာဖြစ်ပါတယ်။
သို့သော် ဒီလိုအခြေအနေမျိုးတွေဟာ တွေ့ရခဲပါတယ်။ ဖြစ်မြဲသဘောရဲ့ ချွင်းချက် တစ်ခုသာဖြစ်ပါတယ်။ ဒီလိုစီမံခန့်ခွဲရေးမှူးတွေဟာ စည်းမျဉ်းစည်းကမ်း လွန်စွာလျော့နည်း တတ်ကျပါတယ်။ အများအားဖြင့်တော့ သူတို့ဟာ စာဖွဲ့ရလောက်အောင် ဘာတစ်ခုမှ ဟုတ္ထိပတ္ထိ ထိရောက်အောင်စွမ်းဆောင်နိုင်ခြင်း မရှိကျပါဘူး။ သည်လိုဖြစ်ရြခင်းရဲ့အဓိက အကြောင်းရင်းကတော့ ခေါင်းဆောင်တစ်ဦးရဲ့ အရေးကြီး ဆုံးဖြစ်တဲ့ ဦးစီးခေါင်ဆောင် မှုတာဝန်ကို လစ်ဟင်းကြသောကြောင့်ဖြစ်ပါတယ်။

ဘယ်သူတွေဘာတွေ‌ပြော‌ပြော နောက်ဆုံးမှာတော့ ခေါင်းဆောင်ကောင်းတစ်ယောက် ရဲ့တာဝန်မှာ-
(က) လက်အောက်ငယ်သားတွေလုပ်ဆောင်ရမဲ့ အလုပ်တာဝန်တွေကို အလွယ်တကူ နားလည်အောင်ရှင်ပြနိုင်ရမယ်။
(ခ) ပန်းတိုင်ပေါက်မြောက် အောင်မြင်ရေးကိုဟန့်တားထားတဲ့ လမ်းပိတ်ဆို့မှု တားဆီးမှုအခက်အခဲတွေကို ရှင်းလင်းဖယ်ရှားပေးရမယ်။
(ဂ) ကိုယ်ပိုင်ဆန္ဒပြည့်ဝ ကျေနပ်မှုရရှိအောင် လက်အောက်ငယ်သားတွေအတွက် အခွင့်အလမ်းကိုတိုးမြှင့်ဖွင့်ပေးနိုင်ရပါမယ်။
ဒါတွေဟာ ခေါင်းဆောင်ကောင်းတစ်ဦးမှာ ရှိသင့်တဲ့အခြေခံလိုအပ်ချက်တွေပဲဖြစ် ပါတယ်။
နောက်တစ်ခု ကတော့ John C.Maxwell ရေးသားတဲ့ The 21 Irrefutable Laws Of Leadership ကို မောင်မြင့်ကြွယ်ဘာသာပြန်ဆို ထားတဲ့ မှတ်သားထားတာလေး တစ်ချို့ ကို‌ပြောပြချင်ပါတယ်။
ဒါကတော့ တစ်ချို့သောသူများဟာ ခေါင်းဆောင်မှု နှင့် စီမံခန့်ခွဲမှု သည် တစ်မျိုးတည်း ဖြစ်တယ်ဆိုသော ယူဆချက်ပဲဖြစ်ပါတယ်။ တကယ်တော့ ဒါဟာမှားယွင်းတဲ့အယူအဆပဲ ဖြစ်ပါတယ်။ တကယ်တော့ ‘ခေါင်းဆောင်မှု’ဆိုသည်မှာ လူအများအပြားအား လိုက်ပါလာ အောင် သြဇာသက်ရောက်စေမှုဖြစ်ပြီး ‘စီမံခန့်ခွဲမှု’ကတော့ နည်းစနစ်များနှင့်လုပ်ငန်းစဉ်များ တသမတ်တည်းရှိနေစေရေးကို အာရုံစိုက်မှုပင်ဖြစ်တယ်လို့ဆိုပါတယ်။

ခရိုက်စလာ မော်တော်ကားကုမ္ပဏီရဲ့ ရှယ်ယာမင် နှင့် အမှုဆောင်အရာရှိချုပ်ဟောင်း လီအိုင်ယာကော့ကာ ကတော့ “တစ်ခါတစ်ရံမှာတော့ အတော်ဆုံးမန်နေဂျာတွေတောင် ခွေးအကြီးကြီးတစ်ကောင်ရဲ့ကြိုးကို ကိုင်ထားရတဲ့ ချာတိတ်လေးတစ်ယောက်နဲ့တူတယ်တဲ့ ခွေးကြီးကဘယ်ကိုသွားချင်သလဲဆိုတာကို စောင့်ကြည့်ပြီးမှ လိုက်ပို့တတ်တာမျိုးပေါ့” ဆိုပြီး လှောင်တောင်တောင်ခနဲ့တဲ့တဲ့‌ပြောဖူးပါသေးတယ်။
ပုဂ္ဂိုလ်တစ်ယောက်အား ထိုပုဂ္ဂိုလ်သည် စီမံခန့်ခွဲမှုသက်သက်ထက် ခေါင်းဆောင်မှု ပေးနိုင်သူဟုတ်မဟုတ် စမ်းသပ်ကြည့်နိုင်တဲ့ အကောင်ဆုံးနည်းလမ်းကတော့ ၎င်းအား အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုကို ဖန်တီးပေးရန် စေခိုင်းဖို့ပဲဖြစ်ပါတယ်။ မန်နေဂျာများသည် ဦးတည်ချက်ကို မပြောင်းလဲအောင် ထိန်းထာနိုင်သော်လည်း ပြောင်းလဲသွားအောင်မူ မပြုလုပ်နိုင်ကျပေ။ လူပုဂ္ဂိုလ်များကို ဦးတည်ချက်အသစ်ဆီသို့ ပြောင်းရွှေ့ဆောင်ရွက်စေရန်ဆိုတဲ့ ကိစ္စရပ်တွေမှာ သြဇာသက်ရောက်မှုရှိစေရန်လည်း လိုအပ်မှာဖြစ်ပါတယ်။



ခေါင်းဆောင်ကြီးများက မည်သည့်အခါ၌ ဦးဆောင်ရမည်ကိုသိခြင်းသည် မည်သည့်ကိစ္စ အားဆောင်ရွက်ရမည်နှင့် မည်သည့်နေရာသို့ သွားရမည်တို့အား သိရှိသကဲ့သို့ပင် အရေးကြီး ကြောင်းကိုတွေ့မြင်ကြရမှာဖြစ်တယ်လို့ဆိုပါတယ်။ ခေါင်းဆောင်တစ်ဦးက လှုပ်ရှားမှုတစ်ရပ် ကို ပြုလုပ်သည့်အခါတိုင်း ဖြစ်ပေါ်လာနိုင်သည့် ရလဒ် လေးမျိုးရှိပါသည်။
(၁) မှားယွင်းသောအချိန်တွင် မှားယွင်းသောလုပ်ရပ်က ဘေးဒုက္ခနှင့် ကြုံတွေ့ရရှိလိမ့်မည်။
(၂) မှန်ကန်သောအပြုအမူအား မှားယွင်းသည့်အချိန်ကာလတွင် ပြုလုပ်မိပါက ခုခံငြင်းဆန်မှုကို ဖြစ်စေ၏။
(၃) မှားယွင်းသောလုပ်ရပ်ကို မှန်ကန်သည့်အချိန်အခါတွင် ဆောင်ရွက်ပါကလဲ မှားယွင်းမှုဖြစ်၏။
(၄) မှန်ကန်သောအချိန်တွင်ရှိ မှန်ကန်သောလုပ်ရပ်က အောင်မြင်မှုများကို ရရှိစေ၏။
အင်္ဂလန်နိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်ခဲ့ဖူးသော ဝင်စတန်ချာချီက “လူတစ်ယောက်ရဲ့ဘဝမှာ မွေးဖွားလာကတည်းက သူကြုံတွေ့ရမဲ့ အထူးအချိန်ကာလလေးတစ်ခုရှိနေပါတယ်။ အဲ့ဒီအထူးအခွင့်အရေးလေးကို အမိအရဖမ်းယူပြီး သူဆောင်ရွက်ရမဲ့လုပ်ငန်းတာဝန် -အဲ့ဒါကလဲ သူနဲ့အထူးတလည် သင့်လျော်တဲ့လုပ်ငန်းတာဝန် တစ်ခုကိုသူဆောင်ရွက်လိမ့်မယ်။ အဲ့ဒီအချိန်ကာလကလေးမှာ သူဟာဂုဏ်သတင်းကြီးခြင်းကိုရရှိလိမ့်မယ် နောက်အဲ့ဒီအချိန်ဟာ သူ့ဘဝရဲ့ အကောင်းဆုံးအချိန်ပဲဖြစ်တယ်”လို့ဆိုပါတယ်။
အချုပ်ဆိုရသော် ခေါင်းဆောင်တစ်ယောက်သည် မည်မျှပင်ထူးချွန်သူဖြစ်ပါစေ ၎င်းတစ်ဦးတည်းဆောင်ရွက်နိုင်စွမ်း မရှိကြပါ။ အားကစားလောကတွင် အောင်မြင်မှုရရှိစေရန် နည်းပြဆရာတစ်ယောက်သည် အားကစားသမားကောင်းများကို စုစည်းထာရန်လို အပ်ပေသည်။ အဖွဲ့အစည်းတစ်ခုသည်လည်း အောင်မြင်မှုရရှိစေရန်အတွက် ခေါင်းဆောင် ကောင်းများ ပါဝင်သည့်အဖွဲ့တစ်ဖွဲ့ရှိရန် လိုအပ်ပေသည်။ အဖွဲ့အစည်း၏ ပမာဏက ပို၍ ကြီးမားလေလေ ပို၍ခွန်အားပြည့်ဝသော ပို၍လေးနက်သော ခေါင်းဆောင်ကောင်းကို လိုအပ်လေလေဖြစ်ပါသည်။

ဤ Post ဖြစ်လာအောင် အစစအရာရာ ကူညီပေးတဲ့ ဒေါ်သီတာအေး(လက်ထောက်ညွှန်ကြားရေးမှူး,အမှတ်(၂)စက်မှုဝန်ကြီးဌာန) အား အထူးကျေးဇူးတင်ပါသည်။


MTZO








Thursday, September 15, 2011

ဒီဇိုင်နာ နှင့် စေ့စပ်ညှိနှိုင်းခြင်းပညာ






ဒီဇိုင်နာ တစ်ယောက်ဟာ စေ့စပ်ညှိနှိုင်းခြင်းပညာကိုလည်း တတ်မြောက် ရပါမယ်။ ဒါမှလည်း အလုပ်အပ်သူနှင့် ကန်ထရိုက်တာ ကြားတွင် စေစပ်ညှိုနှိုင်းရေး လုပ်ငန်းများကို အဆင်ပြေချောမွေ့အောင် အကောင်းဆုံး လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒီဇိုင်နာ တစ်ယောက်ဟာ အလုပ်အပ်သူနှင့် ကန်ထရိုက်တာတို့အကြား စေ့စပ်ပေးရသော ညှိုနှိုင်းသူတစ်ယောက်လို့ ပြောမည်ဆိုလျှင်လည်း မှားမည် မဟုတ်ပါ။ Design တစ်ခုအတွက် သီအိုရီများကို လေ့လာအပ်သကဲ့သို့ ထို သီအိုရီများကို ပြန်လည်အသုံးချသောအခါ လိုအပ်သော စေ့စပ်ညှိနှိုင်းခြင်း ပညာရပ်ကိုလည်း လေ့လာအပ်ပါသည်။ သို့ဆိုလျှင် စေ့စပ်ညှိနှိုင်းခြင်းပညာသည် မည်မျှ အရေးကြီးကြောင်း သိရှိနိုင်ပါသည်။
ဤပို့စ် ဖြစ်မြောက်အောင် အစစအရာရာ အကူအညီပေးသော ညီမငယ် TDA အား အထူုးကျေးဇူးတင်ပါသည်။

Negotiation ခေါ်ဆိုသည့် စေစပ်ညှိနှိုင်း ပညာရပ်သည် လ့ူူဘောင် အဖွဲ့အစည်းတွင် နေ့စဉ်နှင့်အမျှကျင့်သုံးနေရသော ပညာရပ်ဖြစ်ပါသည်။ လွယ်ကူမှုများရှိသကဲ့သို့ ခက်ခဲခြင်း၊ နက်နဲခြင်းများစွာလည်း ရှိပါသည်။ ဤစကားရပ်နှင့်စပ်လျဉ်း၍ ရေးသားထုတ်ဝေထားသော စာအုပ်အများအပြားရှိသည်။ အသုံးတည့်သည့် စာအုပ်၊ အသုံးဝင်သည့် အချက်များစွာတ့ိုကို တွေ့ရှိရသကဲ့သို့ မြန်မာတို့အသုံးမလိုတော့သည် အချက်များစွာတို့ကိုလည်း တွေ့ရသည်။

စေ့စပ်ညှိနှိုင်းခြင်း မည့်သည်ဆက်သွယ်မှုကို အမှီသဟဲပြုရပါသည်။ ပုဂ္ဂိုလ်များ အကြားဖြစ်ပေါ်သော ကိစ္စမျိုးဖြစ်သည်။ ပုဂ္ဂိုလ်များသည် သူတို့နှင့်ဆက်ဆိုင်သော ကိစ္စ (သို့မဟုတ်) စုပေါင်းအဖွဲ့ငယ်တို့၏အဖွဲ့အစည်းများကို ကိုယ်စားပြု ဆောင်ရွက်ခြင်း ဖြစ်သည်။
စေ့စပ်ညှိနှိုင်းခြင်းများကို ရှေးဟောင်းစာပေ၊ ကျမ်းဂန်အမျိုးမျိုး နှင့် ခေတ်ပေါ် အပြုအမူဆိုင်ရာသိပ္ပံပညာ Behaviroal Science များတွင်လည်း တွေ့ရှိရသည်။ သို့သော် ကျယ်ပြန့် လှသော စေ့စပ်ညှိနှိုင်းခြင်း၏ အဓိပ္ပာယ်အပြည့်အဝကို ကာမိစေရန် တစ်ခုသော (သို့မဟုတ်) စုပေါင်း Behaviroal Science တို့ကို ဖော်ထုတ်နိုင်သည့် အနေအထား မရှိသေးပါ ။ တစ်ကယ်တမ်းတွင် လောလောဆယ်အချိန်အထိ လူတစ်ဦးသာ လမ်းညွန်မှုပေးနိုင်သည့် စေ့စပ်ညှိနှိုင်းခြင်းဆိုင်ရာ အထွေထွေသီအိုရီ (ခေါ်) သတ်မှတ်နည်းနိဿရည်း ပေါ်ပေါက်ခြင်း မရှိသေးပါ။ သို့ဖြင့် လူ့ဘောင်လောက၏ သမားရိုးကျကျင့်စဉ် မြေစမ်းခရမ်းပျိုးနည်း Trial and error အတိုင်းပြုလုပ်နေကြ ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် အမှားတစ်ခုမှာ ထပ်တလဲလဲ ဖြစ်ပေါ်နေတတ်သည်။ ယင်းအချက်များကို အခြေပြုလျက် စေ့စပ်ညှိနှိုင်းခြင်းဆိုင်ရာ ဗဟုသုတများကို ကန့်သတ်ထားသည့် ကိုယ်တွေ့အတွေ့အကြုံများမှ ရယူနိုင်ခြင်း ဖြစ်ပါသည်။
လူသားအားလုံးတို့သည် နေ့စဉ်နှင့်အမျှ လှုပ်ရှားနေကြရာတွင် အကြောင်းအရာ အမျိုးမျိုးသော စေ့စပ်ညှိနှိုင်းခြင်းများ ပါဝင်သည်။ သို့ဖြင့် နေ့စဉ်သတင်းစာ ရေဒီယို၊ ရုပ်မြင်သံကြား သတင်းစာများတွင် စေ့စပ်ညှိနှိုင်းကြသည့် သတင်းမျိုးစုံတို့ကို ဖတ်ရှနေရသည်။
ကမ္ဘာ့အနှံအပြားတွင် စေ့စပ်ညှိနှိုင်းခြင်း ပြုလုပ်နေသော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်း အမျိုးမျိုးအပါအဝင် စည်းဝေးပွဲ အမျိုးမျိုးတို့ကျင်းပနေခြင်းတို့ကို သိနေရသည်။ ပဋ္ဋိပက္ခများပေါင်းစည်းရေး၊ လူမှုစီးပွားရေး ၊ လက်နက်လျော့ပေါ့ရေး စသည့် ကိစ္စများပါဝင်သည်။ ဤတွင်သတင်းများတွင်မပါရှိသော စေ့စပ်ညှိနှိုင်းခြင်းများစွာတို့ ရှိသေးသည်။
စေ့စပ်ညှိနှိုင်းခြင်းကို အကြောင်းကိစ္စပေါ်ပေါက်လာသည့်အခါ သာမန်အားဖြင့် အမြန်ဆုံးပြုသွားလေ့ရှိပါသည်။ ဤသည်မှာ ပြဿနာကို အမြန်ဆုံးပြေလည်ရှင်းလင်းသွားစေလိုသော အာသာဆန္ဒကို အခြေပြု၍ ဖြစ်သည်။ အမှန်တွင် အမြန်ဆုံးပြေလည် စေခြင်းသည် မိမိအကျိုးစီးပွားကို ရသင့်ရထိုက်သည်ထက် လျော့နည်းခြင်း၊ ရှိမရှိ သေချာစွာ စိစစ်သင့်သည်။ ထို့ကြောင့်အချို့ပုဂ္ဂိုလ် (သို့မဟုတ်) နိုင်ငံတို့အနေဖြင့် အချိန်ယူ၍ ချိန်းဆိုခြင်းများ ပြုလုပ်ကြသည်။ ဤသို့ အချိန်ယူ အချိန်ခွာ ချိန်းဆိုခြင်းမျိုးသည် အမှားရှိက ပြုပြင်ချိန်ရနိုင်ခြင်း၊ အသင့်ပြင်ဆင်မှု အချိန်ပိုရခြင်း၊ အကြောင်း အမျိုးမျိုး ချိန်ဆွဲလိုခြင်းတို့ကို အထောက်ကူပြုခြင်း၊ စသည်တို့ဖြစ်ပေါ်စေသည်။ စေ့စပ်ညှိနှိုင်းခြင်းကာလ သတ်မှတ်မှုနှင့် အပြည့်အဝ ဆက်စပ်မှုမရှိသော်လည်း နှီးနွယ်နေသော စေ့စပ်ညှိနှိုင်းပွဲ တက်ရောက်သည့် ကိစ္စတစ်ခု ရှိပါသည်။ တစ်ခါတစ်ရံဆန္ဒမရှိခြင်း၊ လုပ်ငန်းမဖြစ်စေလိုသောကြောင့် ပတ်ဝန်းကျင်တိုက်တွန်းမှု (သို့မဟုတ်) ပြင်ပ ပယောဂကြောင့် တစ်ဖက် (သို့တည်းမဟုတ်) နှစ်ဖက်လုံး စေ့စပ်ညှိနှိုင်းပွဲ ပြုလုပ်တက်ရောက်ကြသည်။ ဤကဲ့သို့အနေအထားသည် ပြေလည်မှု ရရှိစေရန် နှစ်ဖက်လုံးမှ ကြိုးစားကြသည်ဟူသော အကျိုးအမြတ်ကိုဖြစ်ပေါ်စေသည်။
လူတို့သည် စေ့စပ်ညှိနှိုင်းခြင်းပြုလုပ်ကြသည့်အခါ ထူးခြားသော အသွင်အပြင် ခြားနားသောပုံစံအမျိုးမျိုးတို့ဖြင့် တုန့်ပြန်လေ့ရှိကြသည်။ အထူးသဖြင့် စိတ်သဘောထားခြင်း လုံးဝမတိုက်ဆိုင်၊ ညှိနှိုင်းမရသည့်အခါတွင် အဆိုးရွားဆုံးဖြစ်သည်။ ထို့ကြောင့် မည်သို့သော စေ့စပ်ညှိနှိုင်းသူမျိုးအတွက်မဆို လူသားတို့၏စိတ်နေသဘောထားကြိုတင် သိထားနိုင်မှုသည် လိုအပ်ချက်တစ်ရပ်ဖြစ်နေသည်။ စေ့စပ်ညှိနှိုင်းသူများတွင် ကြိုကြိုတင်တင် ပြင်ဆင်မှု ပြုလုပ်ထားသူများသည် လက်ဦးမှု ရရှိကြသည်။ နှစ်ဖက်လုံးမှပုဂ္ဂိုလ်များအနေဖြင့် စေ့စပ်ဆွေးနွေးပွဲသို့တက်ရောက်လာကြရာတွင် အချို့သော ခန့်မှန်း တွက်ဆခြင်းများ Assumptions ပြုလုပ်ကြစမြဲဖြစ်သည်။ ခန့်မှန်းတွက်ဆခြင်းများသည် ဘာသာရပ်ကိုကျွမ်းကျင်ခြင်း၊ တစ်ဖက်သဘောထား နောက်ခံများနားလည်ခြင်း၊ အားနည်းချက်များကြိုတင် သိခြင်း အစရှိသည့် အချက်အလက်များစွာကို အခြေပြုပြီးမှ ပြုလုပ်သင့်သည်။ မည်သို့ပင်ဖြစ်စေ အဆိုပါခန့်မှန်းတွက်ဆခြင်း အချို့အနေဖြင့် ကွဲလွဲတတ်သည်။ အောင်မြင်သောစေ့စပ်ညှိနှိုင်းပွဲသည် သက်ဆိုင်ရာပုဂ္ဂိုလ်၏အဆိုပါခန့် မှန်းတွက်ဆခြင်း နှင့် အခြားတစ်ဖက်မှပုဂ္ဂိုလ်၏ ခန့်မှန်းတွက်ဆမှုအပေါ် ကြိုတင်မျှော်လင့်ထားချက်တို့တွင် အခြေပြူသည်။ စေ့စပ်ညှိနှိုင်းမှု နည်းစနစ်နှင့် ဦးတည်ချက်ကို နားလည်သဘောပေါက်ခြင်းတို့သည် အစဉ်သဖြင့် တစ်လှည့်စီ ပါဝင်လှုပ်ရှားလျက်ရှိသည်။ နှစ်ဖက်လုံးအနေဖြင့် တိုက်ရိုက်ဖြစ်စေ ၊ သွယ်ဝိုက်၍ဖြစ်စေ လိုအပ်ချက်များ Needs ကိုရလိုကြစမြဲဖြစ်သည်။ စေ့စပ်ညှိနှိုင်းပွဲ သည် နှစ်ဖက်စလုံးမှလိုအပ်ချက်များကို တစ်မျိုးတစ်ဖုံစီ မဖြစ်ပေါ်စေနိုင်ပါက အောင်မြင်သော စေ့စပ်ညှိနှိုင်းမှုဖြစ်ပါသည်။ တစ်နည်းဆိုသော် တစ်ဖက်မှ အောင်မြင်မှုရပြီး ကျန်တစ်ဖက်မှ ဆုံးရှုံးစေကာမှု နှစ်ဦး နှစ်ဖက်အကျိုးရှိသည့် သဘောမျိုး ဖော်ဆောင်နိုင်မည်ဆိုပါက အောင်မြင်သော စေ့စပ်ညှိနှိုင်းမှုဖြစ်ပါသည်။

အားကစားသမားကောင်းတစ်ဦး ရွေးချယ်ရာတွင် သက်ဆိုင်ရာ နည်းပြသည် လျင်မြန်မှု ၊ ခွန်အားပြည့်မှု ၊ ခံနိုင်ရည်ရှိမှု၊ မျက်လုံးနှင့်လက်လှုပ်ရှားမှု ၊ ဆက်စပ်မှု ၊ အိန္ဒြေရမှု ၊ လျှပ်တပြက်တုန့်ပြန်နိုင်မှု တို့ကို အခြေပြုပြီးရွေးချယ်သည်။ ထိပ်တန်းအားကစားသမားများ ရွေးချယ်ရာတွင်လည်း ပိုမိုနက်နဲသော အရည်အချင်းများဖြစ်သည့် ကြာရှည်စွာစွမ်းဆောင်နိုင်မှု၊ မျက်လုံးကောင်းခြင်း၊ မိမိကိုယ်မိမိယုံကြည်မှု၊ စိတ်ပြင်းထန်မှု၊ လုပ်ရဲကိုင်ရဲရှိမှုတို့ကို အခြေပြုသည်။ ကျွမ်းကျင်လိမ္မာသော စေ့စပ်ညှိနှိုင်းသူများ ရွေးချယ်ရာတွင်လည်း အလားတူ သတ်မှတ်ချက်မျိုး ရှိသည်။ သို့သော် အချို့သည် ပင်ကိုယ်အနေအထားကလည်းကောင်း၊ အတွေ့အကြုံများမှလည်းကောင်း၊ နားလည် ကျွမ်းကျင်ကြသကဲ့သို့ အချို့အနေဖြင့် သင်ကြားဆည်းပူးခြင်းဖြင့် တတ်သိလာပါသည်။
စေ့စပ်ညှိနှိုင်းပွဲသို့ တက်ရောက်မည့် ပုဂ္ဂိုလ်တစ်ဦး (သို့မဟုတ်) ကျွမ်းကျင်သူတစ်ဦး အနေဖြင့် တစ်ဖက်မှ သဘောကျ နှစ်ခြိုက်စရာမလိုပါ။ ဤတွင် တစ်ဖက်၏ နှစ်လိုသဘောကျခြင်း နှင့် အဓိပ္ပာယ်ကွဲပြားခြားနားမှု ရှိပါသည်။ အတွေးအခေါ်ရင့်ကျက်မှု၊ နှစ်လိုဘွယ်ရှိမှု၊ ရိုးသားမှု (သို့မဟုတ်) ရယ်သွမ်းဖွယ်ရာ ပြောဆိုတတ်မှုတို့သည် အခြားတစ်ဖက်၏ အလိုအလျောက် နှစ်လိုသဘောကျခြင်းက ိုဖြစ်စေပါသည်။ သို့ဖြင့် အခြားတစ်ဖက်၏ အလျော့ပေးခြင်းတို့ကိုလည်း ဖြစ်ပေါ် စေတတ်ပါသည်။ တစ်ဖက်မှ အလိုအလျှောက် နှစ်လိုသဘောကျခြင်းမဟုတ်၍ နှစ်လိုသဘောကျစေရန် မိမိဆန္ဒအလျောက် ဖန်တီးယူခြင်းသည် မိမိ၏အားနည်းချက်ကို ဖြစ်ပေါ်စေရုံမျှမက တစ်ဖက်မ ှနှစ်လိုသဘောကျစေရေးအလို့ငှာ အလျှော့ ပေးမည့်ကိန်းကိုလည်း ဖြစ်ပေါ်စေသည်။ တစ်ဖက်သား သဘောကျစေရန် ပြုတတ်သူများ သည် တစ်ဖက်သားဖက်သို့ အလွယ်တကူ ပါတတ်ပါသည်။ ကျွမ်းကျင်လိမ္မာသူတစ်ဦးသည် မိတ်ဆွေနှင့် အလုပ်ကိုခွဲခြားပြသမှုပြုထားသည်။

အလားတူပင် စေ့စပ်ညှိနှိုင်းမှု၊ ကျွမ်းကျင်လိမ္မာသူတစ်ဦးသည် ဆွေးနွေးပွဲတွင် ကြုံကြိုက်ရလေ့ရှိတတ်သော မရေမရာဖြစ်လာမှုများ၊ ပြောင်းလဲခြားနားမှုများကို ခံနိုင်စွမ်းရှိသည်။ အလိုက်သင့်အခြေအနေကို ခံနိုင်စွမ်းရည်ရှိသည်။ စေ့စပ်ညှိနှိုင်းသူတစ်ဦးသည် သမာဓိဂုဏ်နှင့်ပြည်စုံပါက တစ်ဖက်၏လေးစားခြင်းကိုခံရတတ်သည်။ သမာဓိဂုဏ် ဆိုသည်မှာနားလည်သဘောပေါက်ရန် အချိန်ယူသည်နှင့်အမျှ စေ့စပ်ဆွေးနွေးပွဲတွင် ကျွမ်းကျင်မှုပညာတစ်ခု၊ တစ်ဖက်မှ အလျော့ပေးရေး ပြုလုပ်နိုင်သော အချက်တစ်ချက်ဖြစ်သည်။

စေ့စပ်ဆွေးနွေးပွဲလယ်တွင် ဘာသာရပ်ကို အတတ်ဆုံးလူ၊ အသိဆုံးလူသည် ကျွမ်းကျင်လိမ္မာပါးနပ်သော စေ့စပ်ညှိနှိုင်းသူှ ဖြစ်သည်။ တစ်ကယ်တွင် ဘာသာရပ်ကျွမ်းကျင်သူဖြစ်လင့်ကစား စေ့စပ်ညှိနှိုင်းခြင်း ၊ နားမလည်လျှင် (သို့မဟုတ်) ပါးရည်နားရည်မရှိလျှင်ပါဝင် ဆွေးနွေးခြင်းငှာ မသင့်ပါ။ သေးငယ်သောကိစ္စကြောင့်ပင် ပွဲပျက်လေ့ရှိပါသည်။ ကျွမ်းကျင်လိမ္မာသော စေ့စပ်ညှိနှိုင်းသူတစ်ဦးသည် မည်သည့်အကြောင်းရပ်မဆို ရင်ဆိုင်ဆွေးနွေးသွားရန်အသင့် ရှိကြောင်း အနေအထားရှိရပါသည်။ သာမန်အားဖြင့်ဆိုလျှင် ကောင်းလှပြီ၊ ပြည့်မီလှပြီဟူသော စေ့စပ်ညှိနှိုင်းသူတစ်ဦးသည် အမှားမဖြစ်အောင် နေတတ်သည့်ပုဂ္ဂိုလ်၏ စိတ်ထားမျိုးရှိရပါသည်။ ပြင်းပြသည့်ပြိုင်ဆိုင်လိုသော ဉာဉ်မျိုးမွေးရသည်။ လုံးဝဝေဖန်ပြစ်တင်ခြင်း မပြုနိုင်သည့် သမာဓိဂုဏ်လည်း ပြည့်စုံရသည်။
ရှု့ထောင့်အမျိုးမျိုးအပြင် အားလုံးကိုခြုံကြည့်တတ်ရသည်။ အရေးပါသော အသေးစိတ်ကို မြင်တတ်ရသည်။ ဤသည်တို့သည် သာမှန်အဆင့် စေ့စပ်ညှိနှိုင်းသူတို့ ရှိသင့်ရှိထိုက်အပ်သော အရည်အချင်းများ ဖြစ်ပါသည်။ ထူးခြားသောအဆင့်ရရှိနိုင်ရန်
(က) သည်းခံမှုရှိခြင်း၊
(ခ) တစ်ဖက်မှ တင်ပြချက်ကို သေချာစွာနားထောင်ခြင်း၊
(ဂ) ရှင်းလင်းပြတ်သားစွာပြောဆိုခြင်း
(ဃ) အနုစိတ်ပိုင်ဆိုင်နိုင်ခြင်း
(င) စီမံခန်ခွဲရေး ကျွမ်းကျင်ခြင်း စသည်တို့နှင့်ပြည့်စုံရန်လိုပါသည်။

(က) သည်းခံမှုရှိခြင်း၊
သည်းခံခြင်းသည် သာမန်အားဖြင့် မြင့်မြတ်သောဂုဏ်ဖြစ်ပါသည်။ သို့သော် စေ့စပ်ညှိနှိုင်းပွဲတွင် အတိုင်းအတာအားဖြင့် ခန်မှန်းခြင်းမပြုနိုင်သော စွမ်းအားကြီးဖြစ်သည်။
အစည်းအဝေးပွဲ၊ ဆွေးနွေးပွဲ၊ စေ့စပ်ညှိနှိုင်းပွဲတို့တွင် ပါဝင်တက်ရာက်သူများ အခြေခံအသုံးပြုသော အဓိကလက်နက်ကြီး ဖြစ်သကဲ့သို့ မဟာဗျူဟာတစ်ခုလည်း ဖြစ်ပါသည်။ စေ့စပ်ဆွေးနွေးပွဲ၊ အစည်းအဝေးပွဲများသို့ ဒေါသစိတ်လွှမ်းမိုးမှုဖြင့် ပါဝင်ဆွေးနွေးခြင်းသည်စေ့စပ်ညှိနှိုင်းမှု မအောင်မြင်စေသည်သာမက အခြားဆုံးရှုံးမှုများလည်း ဖြစ်ပေါ်စေတတ်သည်။ အလားတူပင် စိတ်တိုခြင်း၊ အစွန်းရောက်ခြင်းတို့သည်အခက်အခဲများ ကြုံတွေ့ခြင်း၊ အောင်မြင်မှုရရှိရန် အလားအလာ နည်းပါးခြင်းသို့ ရှေးရှု့တတ်ပါသည်။

(ခ) တစ်ဖက်မှ တင်ပြချက်ကို သေချာစွာနားထောင်ခြင်း၊
သေချာစွာ နားထောင်ခြင်းသည် စကားပြောခြင်းနည်းတူ ဆွဲဆောင်အားကောင်းသည့်နည်းလမ်းတစ်ခု ဖြစ်သည်။ တစ်ဖက်သားမှပြောဆိုသည့်စကား၊ ဆိုလိုသည့်အနက် အဓိပ္ပာယ် စကားလုံးအသုံးအနှုန်း၊ လေသံအနိမ့်အမြင့်၊ ကိုယ်နေကိုယ်ထား၊ ခြေဟန်လက်ဟန်တို့ကို ဂရုစိုက်သေချာစွာ နားထောင်ခြင်းသည် တစ်ဖက်သဘောထား ရပ်တည်ချက်နှင့် အခြားအနေအထားအမျိုးမျိုးတို့ကို သိရှိနိုင်ရန်တို့အပြင် တစ်ဖက်သား လေးစားမှုပြသသည့်သဘောဖြစ်သဖြင့် အရေးပါသောကိစ္စကြီးတစ်ခု ဖြစ်ပါသည်။ တစ်ဖက်က စကားကို ဂရုတစ်စိုက်နားထောင်ခြင်းဖြင့် ၎င်းတို့၏ လိုအပ်ချက်ကို သိရှိနားလည်ရုံမျှမက အပြောင်းအလဲဖြစ်သွားမှုများနှင့် အခြားသိကောင်းစရာများကိုလည်း သတိမှု နိုင်မည်ဖြစ်ပါသည်။

(ဂ) ရှင်းလင်းပြတ်သားစွာပြောဆိုခြင်း
အစည်းအဝေးပွဲကြီးများ၊ ဆွေးနွေးပွဲကြီးများ၊ အထူးသဖြင့် စေ့စပ်ညှိနှိုင်းပွဲ တို့တွင်ပါဝင်ဆင်နွဲသူ တို့အနေဖြင့် ရှုပ်ထွေးအောင်ပြုလုပ်သည့် မဟာဗျုဟာကို သုံးလေ့သုံးထရှိကြသည်။ ထို့အပြင် ဆွေးနွေးပွဲပြီးစီးသည့်နောက်ပိုင်း တစ်ဖက်အနေဖြင့် မရှင်းမလင်းအနေအထားမျိုး ဖြစ်တတ်ကြသည်။ အလားတူပင် အချို့အနေဖြင့် ရှင်းလင်းအောင် မတင်ပြနိုင်ခြင်းမျိုးကို မကြာခဏ တွေ့ရှိရသည်။ သို့ဖြင့် မလိုလားအပ်သော ရှင်းလင်းမှုများပြုလုပ်ခြင်း၊ အချိန်ကြန့်ကြာခြင်းများနှင့် ကြုံတွေတတ်ကြသည်။ သို့သော် တိုတိုနှင့်ရှင်းရှင်းတင်ပြတတ်သူများ ရှိတတ်သည်။ အဆိုပါ ပုဂ္ဂိုလ်များသည် တစ်ခါတစ်ရံစေ့စပ်ညှိနှိုင်းခြင်းအရာ၌ နားလည်ကြသူများ မဟုတ်သော်လည်း အောင်မြင်မှုများ ဖြစ်ပေါ်စေတတ်ပါသည်။

(ဃ) အနုစိတ်ပိုင်ဆိုင်နိုင်ခြင်း
ဆွေးနွေးသည့်ခန်းမတွင် ဆွဲဆောင်မှုအများဆုံးရနိုင်သူသည် ဆွေးနွေးသည့်ဘာသာရပ်၊ စေ့စပ်ညှိနှိုင်းသည့် ကိစ္စအနုစိတ်ကို ပိုင်နိုင်သည့် စေ့စပ်ညှိနှိုင်းသူ ဖြစ်ပါသည်။ အလားတူပင် နိုင်ငံရေးပိုင်း၊ လူမှုရေးပိုင်း၊ ဥပဒေပိုင်း၊ ပိုင်နိုင်သည့်စေ့စပ်ညှိနှိုင်းသူများသည် အရေးပါသောသူများဖြစ်ကြပါသည်။ တနည်းဆိုသော် စေ့စပ်ညှိနှိုင်းသူအနေဖြင့် သတ်မှတ်ကဏ္ဍပိုင်းကိစ္စပိုင်ဆိုင်မှုရှိခြင်းသည် အခြားတစ်ဖက်သူများ ထက်သာလွန်မှုရှိပါက စေ့စပ်ညှိနှိုင်းခြင်း ကျွမ်းကျင်မှုပိုင်းတွင်လည်း သာလွန်မည်သာဖြစ်သည်။

(င) စီမံခန်ခွဲရေး ကျွမ်းကျင်ခြင်း
စီမံကိန်း/ လုပ်ငန်းစေ့စပ်ဆွေးနွေးပွဲများတွင် စီမံခန်ခွဲရေးကျွမ်းကျင်မှုသည်အရေးပါသောကိစ္စ ဖြစ်ပါသည်။ ဆွေးနွေးပွဲခန်းမ၌ လူတကာထက် ပိုမိုကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ခြင်းသည် စေ့စပ်ညှိနှိုင်းသည့်အခါမျိုးတွင် အထက်စီးကို ရစေတတ်ပါသည်။


စေ့စပ်ညှိနှိုင်းခြင်းပညာရပ်အတွက် ရေတို/ ရေရှည်သင်တန်းများတွင် ကြိုတင်ပြင်ဆင်မှုပြုလုပ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ ရှာဖွေစူးစမ်းခြင်း၊ မှတ်တမ်းမှတ်ရာပြုခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း အစရှိသည့်အဆင့်(၄)ဆင့် နည်းပညာများသာမက ထပ်တလဲလဲသော လက်တွေ့ အလေ့အကျင့်များလည်းပါဝင်သည်။ စေ့စပ်ညှိနှိုင်းခြင်းမပြုမီ ကြိုတင် ပြင်ဆင်မှုပြုလုပ်၍ စေ့စပ်ညှိနှိုင်းခြင်း၏ ရည်ရွယ်ချက်၊ စေ့စပ်ညှိနှိုင်းပိုင်ခွင့် အတိုင်းအတာ မည်သူ့ နှင့် စေ့စပ်ညှိနှိုင်းခြင်းပြုနေသည်။ တဖက်ပုဂ္ဂိုလ်၏ ထူးမြတ်ပိုင်ခွင့် ရှိသည့် အတိုင်းအတာလက်ခံခြင်း မပြုနိုင်သော အကြောင်းအချက် အစရှိသည့် မေခွန်း (၅)ခုကို ကြိုတင်စဉ်းစားထားရန် ဖြစ်သည်။ ကြိုတင်ပြင်ဆင်မှုပြုလုပ်ရာတွင်……

(က) (Why) မည်သည့်အတွက်ကြောင့်ပြုလုပ်ရခြင်းဖြစ်သည်။
(ခ) (Who) မည်သူတွေနှင့် ညှိနှိုင်းရမည်။
(ဂ) (Where) မည်သည့်နေရာတွင်ပြုလုပ်ရမည်။
(ဃ) (When) မည်သည့်အချိန်တွြင်ပုလုပ်ရမည်။
(င) (How) မည်သို့မည်ပုံပြုလုပ်ရမည်

အစရှိသောအဓိက စိစစ်မှုများကို ကြိုတင်ပြုလုပ်ရပါသည်။ ထိုနည်းတူ တစ်ဖက်သား ပြောဆိုသည်ကို သေချာစွာနားစိုက်ရန် (Listen) နှင့် အထင်မှား၊ အမြင်မှားမြင်တတ်သည့် အကျင့်ဆိုးများ ပပျောက်ရေး အတွက် အလေ့အကျင့်ပြုစုပျိုးထောင်သွားရန် ဖြစ်ပါသည်။ သေချာစွာ နားစိုက်နိုင်ရေးအတွက် လေ့ကျင့်ခန်းကောင်းတစ်ခုသည် အတိုချုံ့မှတ်သားခြင်း (Summarizing) နှင့်ပြန်လည်စစ်ဆေးခြင်း (Reviewing) ဖြစ်ပါသည်။ တစ်နည်းဆိုရသော် တစ်ဖက်က ပြောသည်ကို မှတ်သားခြင်း၊ အရေးပါသောအချက်အလက်ကို မှတ်သားခြင်း၊ အတိုချုံးရေးခြင်းနှင့် တစ်ဖက်သို့ပြန်လည်မေးမြန်းခြင်း ဖြစ်သည်။ ဤကဲ့သို့ ဆောက်ရွက်ခြင်းများသည် သဘောတူညီချက် အခန်းကဏ္ဍအတွက် အထူးအရေးပါသည်ဖြစ်ပါသည်။ စေ့စပ်ညှိနှိုင်းကြသူများအနေဖြင့် အာရုံစိုက်နားထောင်ပြီး လိုက်၍ ရေးသားမှတ်သားခြင်း ပြုရာတွင် မိမိနားစိုက်/ အာရုံစိုက်နေသည့် ကိုယ်ဟန်အမူအရာကို ပျက်မသွားစေရန်ဖြစ်ပါသည်။

ကိုယ်ဟန်အမူအရာသည် စေ့စပ်ညှိနှိုင်းသည့် ပညာရပ်အတွက် အရေးပါသောကဏ္ဍတစ်ခု ဖြစ်ပါသည်။ မျက်နှာဟန်မူရာနှင့် ကိုယ်ဟန်အမူအရာတို့သည်တစ်ခုသောအဓိပ္ပာယ် (သို့မဟုတ်) အချက်ကို အောင်စေခြင်း ဖြစ်တတ်ပါသည်။ မျက်နှာဟန်မူရာသည် ဦးခေါင်း၊ မျက်လုံး၊ နှုတ်ခမ်းအသီးသီးတို့၏လှုပ်ရှားမှုများ ပါဝင်သည်။ ထ့ိုနည်းတူပင် လက်၏လှုပ်ရှားမှု၊ ပုခုံးနှင့် ဦးခေါင်းအနေအထား၊ ကိုယ်အင်္ဂါလှုပ်ရှားမှုများသည် သတိပြုရန် သင့်သောလှုပ်ရှားမှုများ ဖြစ်ပါသည်။ ဘောင်းဘီအိတ်အတွင်း လက်ကိုထည့်၍ စကားပြောဆိုခြင်းသည် ရိုင်းပြသောအပြုအမူဟူ၍ ဆိုကြပါသည်။ သုတ်သီး သုတ်ပြာလှုပ်ရှားမှုသည် စိုးရိမ်ကြောင့်ကြခြင်း၊ ကြောင့်ရွံခြင်း၊ ပူပန်ခြင်းအဓိပ္ပာယ်မျိုး သက်ရောက်စေပါသည်။ သို့ဖြင့် တည့်မတ်စွာထိုင်ခြင်း၊ ရပ်ခြင်း၊ (ခါးကုန်းမှုလုံးဝမပြုခြင်း) ၊ (လျော၍မထိုင်ခြင်း) ၊ဝတ်စားဆင်ယင်မှုကောင်းခြင်း၊ အိန္ဒြေရှိစွာဖြင့် လှုပ်ရှားပြုမှုခြင်း၊ ရင်ကော့၍ မျက်နှာတူရူထားရှိခြင်း၊ အပြုံးဆောင်ခြင်းအစရှိသည့် လေ့ကျင့်ခန်းများအကျင့် ဖြစ်သွားအောင် လေ့ကျင့်ရန် လိုပါသည်။ စေ့စပ်ညှိနှိုင်းပွဲတွင် အဆိုးရွားဆုံးအန္တရာယ်မှာ တစ်ဖက်နှင့် တစ်ဖက်လှည့်ကွက်များ၊ ပြုလုပ်ခြင်း၊ ကစားခြင်း (Game Playing) ဖြစ်ပါသည်။

နှစ်ဖက်လုံးအတွက်အချိန်ကုန် အားကုန်သည့်အပြင် အောင်မြင်မှု ရ လာဒ်ကို အဟန့်အထား ဖြစ်စေတတ်သည်။ ကိုယ်ကျိုးအတွက် အမှတ်ယူတတ်ခြင်း၊ စကားပြောကောင်းခြင်းတို့ကြောင့် အဓိက ပြဿနာ ဆွေးနွေးခြင်းတို့မှ လွဲချော် တတ်ပါသည်။ တစ်ဖက်နှင့် တစ်ဖက်အထင်မှား ၊ အမြင်မှားဖြစ်စေတတ်သဖြင့် အထူးသတိပြုရန် နှင့် ရှောင်လွှဲတတ်ရန် ဖြစ်ပါသည်။

Reference : Photo အား http://kellycrew.wordpress.com/2011/01/17/negotiation_success/ မှရယူပါသည်။


MTZO