Wednesday, August 20, 2025

ကြက်ဥလား၊ ကြက်မ,လား နှင့် ဒီဇိုင်နာတစ်ဦး၏ ဒီဇိုင်းခရီးစဉ်

 


ကျွန်တော်က ကဗျာလေးတွေ သဘောကျတော့ ကဗျာတိုတိုထွာထွာလေးတွေ ရေးလေ့ရှိပါတယ်။ အခုဆောင်းပါးကိုလည်း ကဗျာလေးနှင့်ပဲ စလိုက်ပါမယ်။

အစ
ကြက်ဥလား
ကြက်မ,လား
ဝေခွဲရခက်နေတာ...။
ဒီတစ်တောင်ကျော်ရင်
ပဲခူးရောက်ရောက်
စစ်ကိုင်းရောက်ရောက်...။
ပုပ္ပါးတောင်ကလပ်
ဘောင်ပဲ့ထွက်တာနဲ့
ပုသိမ်ကနွား
ချိုလိမ်
ပေါင်ကျိုးတာ
မဆိုင်ပါဘူးကွာတဲ့...။
စကားတွေ
ကားသွားလိုက်ကြတာ...။
ဘဝတွေ
ခြားသွားသလိုပါပဲလေ...။
အနှောင်အဖွဲ့ဟာ
ငါတို့တွေ
မချိုးဖြတ်နိုင်သမျှ
ဘယ်တော့မှ
လွတ်မှာ မဟုတ်ဘူးကွာ... တဲ့...။
- MMO
..............................
ဒီဇိုင်နာတစ်ဦး၏ ဒီဇိုင်းခရီးစဉ်
ဒီဇိုင်နာတိုင်းဟာ ပရောဂျက်အသစ်တစ်ခု စတင်ချိန်မှာ မေးခွန်းကြီးတစ်ခုနဲ့ စတင်ရင်ဆိုင်ရလေ့ရှိပါတယ်။ အဲဒါကတော့ “ကြက်ဥလား၊ ကြက်မ,လား” ဆိုတဲ့ မေးခွန်းပါ။ ဘယ်ဟာက အရင် စဖြစ်တည်သလဲ။ ဒါ‌ကြောင့် ဘယ်ဟာကို အရင်စရမလဲ။ ဘယ်ကနေ စတင်လိုက်ရမလဲ။
ကိုယ်ပိုင် ဒီဇိုင်းအယူအဆက အရင်လား၊
ဒါမှမဟုတ် အလုပ်အပ်နှံသူ အိမ်ရှင်ရဲ့ လိုအင်ဆန္ဒက အရင်လား။
ဒါတွေဟာ ဝေခွဲရကြပ်စေတဲ့ အစောပိုင်း အခက်အခဲတွေပါပဲ။
ဒီဇိုင်နာတစ်ယောက်ရဲ့ အနုပညာအမြင်ဟာ သူ့ပရောဂျက်ရဲ့ အုတ်မြစ်ဖြစ်ပြီး၊ အိမ်ရှင်ရဲ့ လိုအပ်ချက်ကတော့ ဒီပရောဂျက်ကို ရှင်သန်လာစေမယ့် အသက်ဝိဉာဉ်ပါပဲ။ ဒါကြောင့် ဒီကဏ္ဍနှစ်ခုကို ဘယ်လို ပေါင်းစပ်မလဲ၊ ဘယ်ဟာကို ဦးစားပေးမလဲဆိုတဲ့ စဥ်းစားမှုတွေဟာ အစပိုင်းမှာ တွေ့ရတတ်တဲ့ အခက်အခဲတွေ ဖြစ်ပါတယ်။ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်မှသာ ပရောဂျက်တစ်ခုက အောင်မြင်နိုင်မှာပါ။
..............................
ဒီဇိုင်းအယူအဆနှင့် ပရောဂျက်တစ်ခု၏ အစ
ဒီဇိုင်းပရောဂျက်တစ်ခု စတင်ပြီဆိုတာနဲ့ “ဒီတစ်တောင်ကျော်ရင် ပဲခူးရောက်ရောက်၊ စစ်ကိုင်းရောက်ရောက်” ဆိုသလိုပဲ ဒီဇိုင်နာတစ်ယောက်ဟာ ရည်မှန်းချက်တစ်ခုထားပြီး ဖြတ်သန်းရပါတယ်။ ဒီဇိုင်းပုံစံက အဆင့်ဆင့်ပြောင်းလဲသွားနိုင်သလို၊ အဲဒီအပေါ်မူတည်ပြီး ပန်းတိုင်ကလည်း ကွဲပြားသွားနိုင်ပါ‌သေးတယ်။ ဘယ်လမ်းကိုပဲ ရွေးချယ်သည်ဖြစ်စေ၊ အရေးကြီးတာကတော့ ပန်းတိုင်တစ်ခုဆီကို ဦးတည်နေဖို့ပါပဲ။
စိတ်ကူးစိတ်သန်းတွေကို နေရာဒေသ၊ ယဥ်ကျေးမှုနဲ့ မသက်ဆိုင်ဘဲ အတွေးထဲမှာ ဆန္ဒရှိသလို ပုံဖော်လို့ရပါတယ်။ “ပုပ္ပါးတောင်ကလပ် ဘောင်ပဲ့ထွက်တာနဲ့၊ ပုသိမ်ကနွား ချိုလိမ် ပေါင်ကျိုးတာ မဆိုင်ပါဘူး” ဆိုတဲ့အတိုင်း ဒီဇိုင်းဖန်တီးရာမှာ တစ်ခါတစ်ရံ ဆက်စပ်မှုမရှိတဲ့ စိတ်ကူးတွေနဲ့ အကြောင်းအရာတွေကို ပေါင်းစပ်ပြီး ထူးခြားတဲ့အနုပညာလက်ရာတွေအဖြစ် ဖန်တီးတတ်ကြတာမျိုးလည်း ရှိပါတယ်။
ဒီအခါမှာ အိမ်ရှင် အလုပ်အပ်နှံသူနဲ့ ဒီဇိုင်နာကြားက ဆက်သွယ်မှုဟာ အရေးကြီးပါတယ်။ “စကားတွေ ကားသွားလိုက်ကြတာ၊ ဘဝတွေ ခြားသွားသလိုပါပဲလေ” ဆိုသလို တခါတလေမှာ ဆက်သွယ်ရေး အမှားအယွင်းတွေ၊ နားလည်မှု လွဲမှားတာတွေ ဖြစ်တတ်ပါတယ်။ ပွင့်လင်းမြင်သာတဲ့ ဆက်ဆံရေးနဲ့ နားလည်မှုဟာ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ အဓိကပါပဲ။

ဒီဇိုင်းပရောဂျက်၏ အဆင့်ဆင့်
ဒီဇိုင်နာတစ်ယောက်ရဲ့ ဒီဇိုင်းပရောဂျက် လုပ်ငန်းစဥ်မှာ အောက်ပါအဆင့်တွေ ပါဝင်လေ့ရှိပါတယ်။
လေ့လာခြင်းနှင့် စိတ်ကူးပုံဖော်ခြင်း
ဒီအဆင့်မှာ အလုပ်အပ်နှံသူရဲ့ လိုအပ်ချက်၊ ဘတ်ဂျက်နဲ့ စတိုင်လ်ကို အသေးစိတ်လေ့လာရပါတယ်။ ပြီးရင် ကနဦး ဒီဇိုင်းအယူအဆတွေကို စိတ်ကူးနဲ့ ပုံဖော်ရပါတယ်။
ဒီဇိုင်းရေးဆွဲခြင်း
ဒီဇိုင်းပုံကြမ်းတွေ၊ 3D ပုံစံတွေနဲ့ အသေးစိတ်ပုံဆွဲခြင်းတွေကို ဆက်လက်လုပ်ဆောင်ရပါတယ်။ ဒါက ဒီဇိုင်းကို အသက်ဝင်လာအောင် ပုံဖော်တဲ့ အဆင့်ပါပဲ။
ပစ္စည်းရွေးချယ်ခြင်း
အသုံးပြုမယ့် ပရိဘောဂတွေ၊ အထည်အလိပ်တွေ၊ ဆေးရောင်တွေနဲ့ အလင်းရောင် အပါအဝင် အသုံးပြုမယ့် ပစ္စည်းတွေကို ဂရုတစိုက်ရွေးချယ်ရပါတယ်။
ပရောဂျက် အကောင်အထည်ဖော်ခြင်း
ရွေးချယ်ထားတဲ့ ဒီဇိုင်းအတိုင်း အမှန်တကယ် ဆောက်လုပ်ခြင်း၊ ဒါမှမဟုတ် ပြင်ဆင်ခြင်းကို အကောင်အထည် ဖော်ပါတယ်။
ဒီအဆင့်တွေ တစ်လျှောက်လုံးမှာ ဒီဇိုင်နာတစ်ယောက်ဟာ “အနှောင်အဖွဲ့ဟာ၊ ငါတို့တွေ မချိုးဖြတ်နိုင်သမျှ ဘယ်တော့မှ လွတ်မှာမဟုတ်ဘူး” ဆိုသလိုပဲ စည်းမျဥ်းတွေ၊ အကန့်အသတ်တွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ ဒါပေမဲ့ ဒီအနှောင်အဖွဲ့တွေ၊ တနည်း ပြောရရင် အဆောက်အအုံဆိုင်ရာ စည်းမျဉ်းတွေ၊ ကန့်သတ်ချက်တွေ၊ လိုက်နာသင့်တဲ့ နည်းဥပဒေတွေဟာ ဒီဇိုင်းကို ပိုမိုစနစ်ကျစေပြီး၊ နောက်ဆုံးမှာ အောင်မြင်တဲ့ ရလဒ်တစ်ခုကို ပေးစွမ်းနိုင်မှာပါ။
ဒီဇိုင်နာတစ်ယောက်ရဲ့ ခရီးလမ်းမှာ ပရောဂျက်တိုင်းဟာ 'ကြက်ဥလား၊ ကြက်မ,လား' ဆိုတဲ့ မေးခွန်းနဲ့ စတင်ခဲ့ပြီး နောက်ဆုံးမှာ ကောင်းမွန်လှပတဲ့ အနုပညာလက်ရာတစ်ခုကို ဖန်တီးနိုင်မှသာ အောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်။
အဆုံးအစ ရေရေရာရာ မသိနိုင်တဲ့ ဘဝမှာ ကျွန်တော်တို့တွေ ဘယ်လို လျှောက်လို့ ဘယ်လို ခရီးပေါက်သွားမလဲ...။ တကယ့်အဖြေကတော့ ဉာဏ်ပညာနှင့် ချစ်ခြင်းတရားကို နှလုံးသားမှာ ထွေးပိုက်ရင်း မမောတမ်း ခရီးဆုံးအထိ လျှောက်လှမ်းကြရမှာ ဆိုတာပဲ မဟုတ်ပါလား။

MMO

အလှတရားနှင့် ဘေးကင်းရေးကို ချိန်ခွင်လျှာညှိခြင်း

 


အိမ်တစ်အိမ်၊ အခန်းတစ်ခန်းကို အလှဆင်တဲ့အခါ ကျွန်တော်တို့ရဲ့ အာရုံက အရောင်အသွေးတွေ၊ အလှဆင်ပစ္စည်းတွေ၊ ပရိဘောဂတွေအပေါ်မှာပဲ စူးစိုက်မိတတ်ပါတယ်။ ဒါပေမယ့် လှပခြင်းထက်ပိုပြီး အရေးကြီးတဲ့ အချက်တစ်ခုရှိပါတယ်။ ဒါကတော့ ဘေးကင်းဖို့နဲ့ ဆောက်လုပ်ရေးစည်းမျဉ်းတွေနဲ့ ကိုက်ညီဖို့ပဲ ဖြစ်ပါတယ်။

ဆောက်လုပ်ရေးစည်းမျဉ်းများ (Building Codes) ဆိုတာဘာလဲ။

ဆောက်လုပ်ရေးစည်းမျဉ်းတွေဟာ အိမ်ခြံမြေတွေ၊ အဆောက်အဦတွေ ဘေးကင်းစွာနဲ့ နေထိုင်အသုံးပြုနိုင်ဖို့ အာမခံချက်ပေးတဲ့ ဥပဒေနဲ့ညီတဲ့ စံချိန်စံညွှန်းတွေပဲ ဖြစ်ပါတယ်။ ဒီစည်းမျဉ်းတွေမှာ မီးဘေးကာကွယ်ရေး၊ လျှပ်စစ်စနစ်၊ ရေဆင်းစနစ်၊ လေဝင်လေထွက်နဲ့ ကန့်သတ်ချက်တွေ အပါအဝင် အချက်ပေါင်းများစွာ ပါဝင်ပါတယ်။

စည်းမျဉ်းတွေကို လိုက်နာခြင်းဟာ အောက်ပါအကျိုးကျေးဇူးတွေရရှိစေပါတယ်-

၁။ ဘေးကင်းရေး - မီးဘေးအန္တရာယ်၊ လျှပ်စစ်ဓာတ်လိုက်မှုနဲ့ အခြားမတော်တဆမှုတွေကို ကာကွယ်ပေးပါတယ်။

၂။ ကျန်းမာရေး - လေဝင်လေထွက်ကောင်းမွန်ခြင်း၊ သဘာဝအလင်းရောင်ရရှိခြင်းတို့ကို သေချာစေပါတယ်။

၃။ အရည်အသွေး - ဆောက်လုပ်မှုအရည်အသွေးနဲ့ ပစ္စည်းးကောင်းမွန်မှုကို အာမခံပေးပါတယ်။

၄။ ဥပဒေနှင့်ညီညွတ်မှု - စည်းမျဉ်းတွေနဲ့ မကိုက်ညီတဲ့ အဆောက်အဦတွေဟာ ဥပဒေအရ ပြင်ဆင်ခိုင်းခြင်း ဒါမှမဟုတ် ပိတ်သိမ်းခံရခြင်းတွေ ဖြစ်နိုင်ပါတယ်။

Interior Design နဲ့ ဘယ်လိုဆက်စပ်သလဲ

Interior Designer တစ်ယောက်အနေနဲ့ ဒီစည်းမျဉ်းတွေကို နားလည်ဖို့ အရေးကြီးပါတယ်-

· တံခါးအကျယ် - ထွက်ပေါက်တံခါးတွေဟာ လုံခြုံရေးအရ အနည်းဆုံး ၃၂ လက်မ ကျယ်ဖို့ လိုအပ်ပါတယ်။

· မီးခိုးသတိပေးစနစ် - အိပ်ခန်းတိုင်းနဲ့ ထွက်ပေါက်တွေမှာ မီးခိုးသတိပေးစနစ် တပ်ဆင်ဖို့ လိုအပ်ပါတယ်။

· ပစ္စည်းရွေးချယ်မှု - အချို့သော ကော်ဇောတွေ၊ Finishes တွေမှာ မီးလောင်လွယ်မှုနှုန်း (Flammability Rating) စံချိန်စံညွှန်းတွေရှိပါတယ်။

· ဆားကစ်ဘရိတ် - ရေချိုးခန်းနဲ့ မီးဖိုချောင်လို စိုထိုင်းတဲ့နေရာတွေမှာ GFCI (Ground Fault Circuit Interrupter) ဆားကစ်ဘရိတ်တွေ တပ်ဆင်ဖို့ လိုအပ်ပါတယ်။

· လျှောက်လမ်းများ - လမ်းလျှောက်တဲ့နေရာတွေမှာ အနည်းဆုံး ၃၆ လက်မ ကျယ်ဖို့ လိုအပ်ပြီး Wheel Chair သုံးတဲ့သူတွေအတွက် ပိုကျယ်ဖို့ လိုအပ်ပါတယ်။

လှပမှုနဲ့ စည်းမျဉ်းကို ပေါင်းစပ်အသုံးချနည်း

အတွေ့အကြုံရှိတဲ့ Interior Designer တွေဟာ ဒီစည်းမျဉ်းတွေကို ကန့်သတ်ချက်တွေအဖြစ် မမြင်ဘဲ၊ ဖန်တီးမှုအတွက် စိန်ခေါ်မှုတွေအဖြစ် ရှုမြင်ကြပါတယ်။ ဒီစည်းမျဉ်းတွေကို အောက်ပါနည်းလမ်းတွေနဲ့ အလှအပဒီဇိုင်းနဲ့ ပေါင်းစပ်လေ့ရှိပါတယ်။

၁။ နေရာချထားမှုဗျူဟာ (Strategic Placement)

ဒီဇိုင်းအစီအစဉ်ဆွဲတဲ့အဆင့်ကတည်းက ဒီအရာတွေကို ထည့်သွင်းစဉ်းစားပါတယ်။

· ထွက်ပေါက်တံခါးတွေကို ပရိဘောဂတွေနဲ့ မပိတ်ဆို့စေဘဲ၊ သဘာဝလမ်းကြောင်းအတိုင်း ရှင်းလင်းစွာထားရှိခြင်း။

· မီးသတ်ဘူး၊ ဆေးဘူး၊ ရေပိုက် တွေကို လူသွားလမ်းဘေးမှာထားတာထက် မြင်နိုင်ပေမယ့် နေရာအကျဉ်းချုံ့ထားတဲ့ နီးရာကွေ့အိမ်သာလိုနေရာမျိုးမှာ ဗျူဟာမှန်တဲ့နေရာချထားခြင်း။

၂။ အရောင်နှင့် ဆိုင်းဘုတ် (Color and Signage)

စည်းမျဉ်းက "မြင်သာရမယ်" လို့ပြောထားပေမယ့် "ထင်ရှားစွာပြသရမယ်" လို့မဆိုထားပါဘူး။

· မီးသတ်ဘူးဘောက်စ်တွေကို နံရံနဲ့ဆင်တူယိုးမှားဖြစ်အောင် ချယ်မှုန်းထားတဲ့ panel တွေ၊ အနုပညာချပ်တွေနဲ့ ဖုံးအုပ်ပြီး အရောင်အသွေးညီညွတ်အောင်လုပ်ခြင်း။ ဒါပေမယ့် ဘောက်စ်ရဲ့နေရာကို သိသာထင်ရှားတဲ့ သင်္ကေတနဲ့ ပြန်လည်ညွှန်ပြခြင်း။

· ထွက်ပေါက်တံခါးတွေရဲ့ ဘေးနံရံကို အနီးအနားက အရောင်စပ်နှင့် ဆန့်ကျင်ဘက်အရောင်အနည်းငယ်ဖြင့် ခြယ်မှုန်းထားခြင်း (ဥပမာ- မီးခိုးရောင်နံရံမှာ ကြက်သွေးရောင်ဘောင်ခတ်ထားခြင်း) ။

၃။ အလင်းရောင် (Lighting)

အလင်းရောင်ကိုအသုံးပြုပြီး လိုအပ်တဲ့နေရာတွေကို ညွှန်ပြနိုင်ပါတယ်။

· မီးသတ်ကိရိယာတွေရှိရာ နေရာတွေကို recessed spotlights လေးတွေ၊ wall washer lights တွေနဲ့ ညဘက်တွင်ပါ မြင်နိုင်အောင်အလင်းပေးခြင်း။

· ထွက်ပေါက်တံခါးတွေဆီ ဦးတည်သွားတဲ့ floor-level LED pathway lighting လေးတွေ တပ်ဆင်ပေးခြင်း။ ဒါဟာ လှပရုံသာမက အရေးပေါ်အခြေအနေမှာ အထူးအသုံးဝင်ပါတယ်။

၄။ ဒီဇိုင်းဆန်းသစ်သော ဖုံးအုပ်မှုများ (Design-Forward Covers)

စံချိန်မီ မီးသတ်ဘူးဘောက်စ်တွေကို လှပအောင် ပြုလုပ်ထားတဲ့ အဖုံးတွေနဲ့ အစားထိုးနိုင်ပါတယ်။

· သစ်သား၊ မှန်၊ သတ္ထု စတဲ့ ဒီဇိုင်းနဲ့လိုက်ဖက်မယ့် material တွေနဲ့ လုပ်ထားတဲ့ custom-made cabinet door တွေနဲ့ ဖုံးအုပ်ခြင်း။ ဒီအဖုံးတွေဟာ magnetic catch သို့မဟုတ် pressure-release mechanism တွေပါဝင်ပြီး အရေးပေါ်မှာ လွယ်ကူစွာ ဖွင့်၍ရအောင်ပြုလုပ်ထားရပါမယ်။

· Canvas Art သို့မဟုတ် Mirror အလှဆင်ချပ် တစ်ချပ်ကို ဘောက်စ်ပေါ်မှာ တင်ထားပြီး လိုအပ်တဲ့အခါ ဘေးကို ရွေ့လျားရနိုင်အောင်လုပ်ထားခြင်း။

၅။ ပစ္စည်းရွေးချယ်မှုနှင့် ပြင်ဆင်မှု (Material and Finish)

ကိုယ်တိုင်က ဒီဇိုင်းအစိတ်အပိုင်းတစ်ခုဖြစ်သွားအောင် လုပ်ဆောင်နိုင်ပါတယ်။

· မီးသတ်ပိုက်ခေါင်း (Fire Hose Reel) ကို industrial-chic ဒီဇိုင်းအနေနဲ့ ချန်ထားခြင်း။ ပတ်ဝန်းကျင်ကို Rusty metal၊ ရှင်းလင်းတဲ့ လိုင်းများနှင့် ဒီဇိုင်းချထားခြင်း။

· မီးသတ်ဆေးဘူးတွေကို နံရံနဲ့ဆင်တူယိုးမှားဖြစ်အောင် ဆေးသုတ်ထားသော custom bracket တွေနဲ့ တပ်ဆင်ခြင်း။

ဒီလိုပြုပြင်မွမ်းမံတဲ့အခါ အောက်ပါအချက်တွေကို သတိထားရပါမယ်။

· ဘယ်လိုအဖုံးအအုပ်မျိုးပဲဖြစ်ဖြစ် လိုအပ်တဲ့အချိန်မှာ လွယ်ကူစွာ၊ မြန်မြန်ဆန်ဆန် ရယူနိုင်ရမယ်။

· မည်သည့်အလှဆင်မှုမဆို ကိရိယာရဲ့ လုပ်ဆောင်ချက်ကို ထိခိုက်စေခြင်း၊ ပိတ်ဆို့ခြင်းမရှိစေရ။

· မီးသတ်သင်္ကေတ (Signage) ကို ဖယ်ရှားခြင်း၊ ဖုံးကွယ်ခြင်းမပြုရ။ ဒီဇိုင်းနဲ့လိုက်ဖက်တဲ့ သင်္ကေတအသစ်တွေနဲ့ အစားထိုးနိုင်ပါတယ်။

Interior Design ဟာ လှပမှုတစ်ခုတည်းအတွက်သာမက၊ နေထိုင်သူတွေရဲ့ ဘေးကင်းရေးနဲ့ ကျန်းမာရေးအတွက်လည်း အရေးပါပါတယ်။ ဆောက်လုပ်ရေးစည်းမျဉ်းတွေကို နားလည်ပြီး လိုက်နာခြင်းဟာ လှပပြီး ဘေးကင်းတဲ့ နေရာတစ်ခုကို ဖန်တီးနိုင်မယ့် အဓိကသော့ချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ဒီဇိုင်းမှာ အလှတရားနဲ့ လုံခြုံရေးကို ဟန်ချက်ညီညီ ပေါင်းစည်းဖို့ မမေ့ပါနဲ့။

 

MTZO

Friday, August 15, 2025

ယင်-ယန် ဒဿန နှင့် လောကရဲ့ ဆန့်ကျင်ဘက်အလှတရား

 



    ကျွန်တော်တို့ ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့အခါ မြင်ရတဲ့ အရာဝတ္ထုတွေ၊ သဘာဝတရားတွေ၊ ဖြစ်ရပ်တွေဟာ အမြဲလိုလို ဆန့်ကျင်ဘက်တွေနဲ့ ဒွန်တွဲနေတာကို သတိထားမိကြမှာပါ။ တရုတ်လူမျိုးတွေရဲ့ 'ယင် နှင့် ယန် (𝚈𝚒𝚗 𝚊𝚗𝚍 𝚈𝚊𝚗𝚐)' ဆိုတဲ့ဒဿနကို လေ့လာကြည့်လိုက်ရင် လောကကြီးရဲ့ အံ့ဩစရာကောင်းတဲ့သဟဇာတဖြစ်မှုနဲ့ မျှတမှုကို ပိုပြီး နားလည်လာနိုင်ပါတယ်။ တကယ်တော့ ဒီဆန့်ကျင်ဘက် အင်အားစုတွေပေါင်းစပ်ပြီး ပြီးပြည့်စုံတဲ့အလှတရားကို ဖန်တီးပုံက ဒီဇိုင်းလောကအတွက်ရော၊ ကျွန်တော်တို့ ဘဝအတွက်ပါ သင်ခန်းစာတွေအများကြီး ပေးပါတယ်။

▫️"ယင်-ယန် ဒဿနရဲ့ သမိုင်းကြောင်းနဲ့ အနှစ်သာရ"
ယင်-ယန် ဒဿနဟာ ရှေးကျတဲ့ တရုတ်ဒဿနတစ်ခုဖြစ်ပြီး 'တာအိုဝါဒ (𝚃𝚊𝚘𝚒𝚜𝚖)' ရဲ့ အခြေခံသဘောတရားတစ်ခုလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀၀၀) လောက်ကတည်းက စတင်ပေါ်ပေါက်ခဲ့တယ်လို့ ယူဆရပြီး 'အပြောင်းအလဲများ ကျမ်း (𝙸 𝙲𝚑𝚒𝚗𝚐)' ထဲမှာ ပထမဆုံး တွေ့ရှိခဲ့ရပါတယ်။ ယင်-ယန်ဟာ စကြာဝဠာထဲက အရာရာတိုင်းမှာပါဝင်နေတဲ့ ဆန့်ကျင်ဘက်၊ ဖြည့်စွက်ပေးတဲ့ အင်အားစုနှစ်ခုကို ကိုယ်စားပြုပါတယ်။
⚫ ယင် (𝚈𝚒𝚗) က အမှောင်၊ အေးမြမှု၊ ထိန်းသိမ်းမှု၊ အမဓာတ်၊ ငြိမ်သက်မှု၊ မြေပြင်၊ ညဘက် စတဲ့ သဘောတရားတွေကို ကိုယ်စားပြုပြီး၊
⚪ ယန် (𝚈𝚊𝚗𝚐) ကတော့ အလင်း၊ နွေးထွေးမှု၊ တိုးတက်ပြောင်းလဲမှု၊ အဖိုဓာတ်၊ လှုပ်ရှားမှု၊ ကောင်းကင်၊ နေ့ဘက် စတဲ့ သဘောတရားတွေကို ကိုယ်စားပြုပါတယ်။
ယင်-ယန် သင်္ကေတကို သေချာကြည့်မယ်ဆိုရင် အနက်နဲ့ အဖြူပုံစံ နှစ်ခုဒွန်တွဲနေပြီး တစ်ခုစီရဲ့ အလယ်မှာတော့ ဆန့်ကျင်ဘက်အရောင်ရဲ့ အစက်လေးတွေပါနေတာကို တွေ့ရပါလိမ့်မယ်။ ဒါက ဘာကိုပြသလဲဆိုတော့ ယင်ထဲမှာ ယန်အစက်အပြောက်လေး ရှိသလို၊ ယန်ထဲမှာလည်း ယင်အစက်အပြောက်လေး ရှိနေတယ် ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ဘယ်အရာမှ လုံးဝစစ်စစ် ယင် သို့မဟုတ် လုံးဝစစ်စစ် ယန် မဟုတ်ပါဘူး။ အရာရာတိုင်းဟာ အချင်းချင်း ဆက်စပ်နေပြီး အပြန်အလှန် ဖြည့်ဆည်းပေးနေကြတယ်လို့ ဒီဒဿနက ဆိုပါတယ်။
▫️▫️▫️▫️▫️
"ဒီဇိုင်နာတစ်ယောက်ရဲ့ အမြင် - ဆန့်ကျင်ဘက်တို့ရဲ့ အလှ"
ဒီဇိုင်နာတစ်ယောက်အနေနဲ့ ယင်-ယန်ဒဿနဟာ ဒီဇိုင်းအမြင်တွေကို အများကြီး ဆန်းသစ်ပြောင်းလဲစေနိုင်ပါတယ်။ ဒီဇိုင်းဖန်တီးတဲ့အခါမှာ မျှတမှု (𝙱𝚊𝚕𝚊𝚗𝚌𝚎) ဟာ အရမ်းအရေးကြီးတဲ့ မူတစ်ခုပါ။
▫️အရောင်တွေ
အနက်နဲ့ အဖြူ၊ နွေးတဲ့အရောင်နဲ့ အေးတဲ့အရောင်၊ တောက်ပတဲ့အရောင်နဲ့ မှိုင်းတဲ့အရောင် စသဖြင့် ဆန့်ကျင်ဘက်အရောင်အတွဲအဖက်တွေကို ပေါင်းစပ်အသုံးပြုခြင်းက ဒီဇိုင်းတစ်ခုကို ပိုအသက်ဝင်စေပြီး ဆွဲဆောင်မှု ရှိစေပါတယ်။ ဥပမာ- နက်ပြာရောင်နောက်ခံမှာ ရွှေရောင်လိုင်းလေးတွေ ထည့်လိုက်တဲ့အခါ အမှောင်နဲ့ အလင်းရဲ့ပေါင်းစပ်မှုက ခမ်းနားတဲ့ခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။
▫️ပုံသဏ္ဌာန်တွေ
ချွန်ထက်တဲ့ပုံစံတွေနဲ့ လုံးဝန်းတဲ့ပုံစံတွေ၊ ကြီးမားတဲ့ ပုံစံတွေနဲ့ သေးငယ်တဲ့ ပုံစံတွေ၊ အစိုင်အခဲနဲ့ အပေါက်တွေကို ဟန်ချက်ညီညီပေါင်းစပ်ခြင်းဖြင့် စိတ်ဝင်စားစရာကောင်းတဲ့ အမြင်အာရုံကို ဖန်တီးနိုင်ပါတယ်။ ဥပမာ- သဘာဝကျောက်တုံးရဲ့ မာကျောတဲ့ပုံစံနဲ့ သစ်သားရဲ့ နူးညံ့နွေးထွေးတဲ့ အသွင်အပြင်ကိုပေါင်းစပ်ထားတဲ့ ပရိဘောဂတွေဟာ ခိုင်မာမှုနဲ့ သက်သောင့်သက်သာဖြစ်မှုကို တစ်ပြိုင်တည်း ပေးစွမ်းပါတယ်။
▫️နေရာလွတ်နဲ့ ပြည့်စုံမှု
ဒီဇိုင်းတစ်ခုမှာ အရာဝတ္ထုတွေနဲ့ ပြည့်နေတဲ့အပိုင်း (𝙿𝚘𝚜𝚒𝚝𝚒𝚟𝚎 𝚂𝚙𝚊𝚌𝚎) နဲ့ နေရာလွတ်အပိုင်း (𝙽𝚎𝚐𝚊𝚝𝚒𝚟𝚎 𝚂𝚙𝚊𝚌𝚎 ) တို့ဟာ အပြန်အလှန် မှီခိုနေကြပါတယ်။ နေရာလွတ်တွေကို ကောင်းစွာအသုံးချခြင်းက ဒီဇိုင်းကို ရှင်းလင်းစေပြီး ကြည့်ရတာ ပိုမိုသက်သာစေကာ အသက်ရှူချောင်စေပါတယ်။ ဒါဟာ ပြည့်စုံမှုနဲ့ ကွက်လပ်ရဲ့ ဆန့်ကျင်ဘက်ဒဿနကို ပုံဖော်တာပါပဲ။
▫️ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာလည်း ဒီယင်ယန်ဒဿနကို တွေ့မြင်နိုင်ပါတယ်။ ကောင်းတဲ့နေ့တွေရှိသလို ဆိုးတဲ့နေ့တွေလည်း ရှိပါတယ်။ အောင်မြင်မှုနဲ့ ကျရှုံးမှု၊ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုတွေဟာ ဒွန်တွဲနေကြပါတယ်။ အရေးကြီးတာကတော့ ဒီဆန့်ကျင်ဘက်တွေကြားက မျှတမှုကို ရှာဖွေနိုင်ဖို့ နဲ့ တစ်ခုစီမှာ ပါဝင်နေတဲ့ အခြားတစ်ဖက်ကို နားလည်ပေးဖို့ပါပဲ။ အဲဒီလို နားလည်လက်ခံလိုက်တဲ့အခါ ကျွန်တော်တို့ရဲ့ ဘဝဟာ ပိုမိုပြီး ပြည့်စုံလာပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်တဲ့ ခွန်အား ကိုလည်း ရရှိစေပါတယ်။
▫️ဒီဇိုင်နာတစ်ယောက်အနေနဲ့ ကျွန်တော်ယုံကြည်တာက ဆန့်ကျင်ဘက်တွေ ပေါင်းစည်းပြီး ပြီးပြည့်စုံခြင်းဆီ ဦးတည်သွားတဲ့ အလှတရားဟာ လောကရဲ့ အံ့ဩစရာအကောင်းဆုံး ဖန်တီးမှုပါပဲ။ ဒီဆန့်ကျင်ဘက်တွေမရှိရင် တိုးတက်ပြောင်းလဲမှု၊ နားလည်မှုနဲ့ စစ်မှန်တဲ့ သဟဇာတဖြစ်မှုဆိုတာ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။
"ဆန့်ကျင်ဘက် အလှ"
လောကဟာ
အပူ
အအေး
အဖြူ
အမည်း
အကောင်း
အဆိုး
ဆန့်ကျင်ဘက်တွေနဲ့
ဒွန်တွဲနေကြသတဲ့...။
အဖို
အမ
အတွန်း
အဆွဲ
ကွဲတဲ့အခါကွဲပြီး
မြဲတဲ့အခါလည်းမြဲနေတတ်သတဲ့…။
အဆိုးတစ်သက်မှာ
အကောင်းတစ်စက် ရှိတတ်သလို
အကောင်းတစ်သက်မှာလည်း
အဆိုးတစ်ကွက် ပါလာတတ်သေးသတဲ့...။
မြင်တတ်ဖို့လိုသလို
မြင်နိုင်တဲ့ မျက်စိရှိဖို့လည်း
လိုသေးတာပါ့လေ...။
ဖန်ရည်တစ်ခွက်မှာ
အချိုတစ်ခဲဖောက်ရင်း
နေ့တွေ
ညတွေ
ပြောင်းကုန်ကြတာပဲ
မဟုတ်ပါလား…။

လောကဟာ ဆန်းကျယ်ပါတယ်။ အဲဒီဆန်းကျယ်မှုတွေထဲက ဆန့်ကျင်ဘက်တွေ သဟဇာတဖြစ်အောင် ဖန်တီးထားခြင်းက အလှဆုံး၊ အံ့ဖွယ်အကောင်းဆုံး ဖန်တီးမှုပဲ မဟုတ်ပါလား။

𝙼𝙼𝙾

အရူးစိတ် နှင့် အရောင်များ

 


ကျွန်တော်တို့တွေရဲ့ နေ့စဉ်ဘဝမှာ အရောင်တွေနဲ့ ပတ်သက်ပြီး မြင်နေရတဲ့၊ ခံစားနေရတဲ့ အကြောင်းအရာတွေကို အိမ်ရဲ့ အတွင်းပိုင်း ဒီဇိုင်းနဲ့ ဘယ်လိုချိတ်ဆက်လို့ရလဲ ကြည့်ရအောင်နော်။

အရင်ဆုံး ဥပမာတခု ပြောရမယ်ဆိုရင် လူတွေရဲ့ ၀တ်စားဆင်ယင်မှုပေါ့။ လူတချို့က အ၀တ်အစား၀တ်တဲ့အခါ မျက်စိအေးစေတဲ့ ကြားနေအရောင်တွေ ကြိုက်ပေမယ့် အရောင်စုံဝတ်တတ်တဲ့လူတွေလည်းရှိတာပါပဲ။
ဒီဇိုင်းမှာလည်း ထိုနည်းတူစွာပါပဲ။ ကျွန်တော့်အတွေ့အကြုံအရ လူအများစုက မျက်စိအေး‌စေတဲ့ ကြားနေအရောင်တွေ (ဥပမာ- အဖြူ၊ မီးခိုး၊ နီညို၊ ဝါညို အရောင်မှိန်မှိန်ဖျော့ဖျော့) ကို အိမ်အတွင်းပိုင်းတွေ အတွက် ရွေးချယ်တတ်ကြပါတယ်။ ဒါပေမဲ့ တကယ့်တကယ် အိမ်ကို ဒီဇိုင်းလုပ်တဲ့အခါကျတော့ 𝙿𝚛𝚒𝚖𝚊𝚛𝚢 (အနီ၊ အပြာ၊ အဝါ) နဲ့ 𝚂𝚎𝚌𝚘𝚗𝚍𝚊𝚛𝚢 (လိမ္မော်၊ အစိမ်း၊ ခရမ်း) လို တောက်ပတဲ့ အရောင်လေးတွေ အနည်းငယ်မှ မပါဘဲနဲ့ အခန်းက အသက်ဝင်မှာမဟုတ်ဘူး ဆိုတာ သိလာတယ်။ ဥပမာ- နံရံကို မီးခိုးရောင်ခြယ်ထားရင်တောင် ဆိုဖာခုံ ဒါမှမဟုတ် ခေါင်းအုံးလေးတွေကို လိမ္မော်ရောင်၊ အပြာရောင်လေးတွေ ထည့်လိုက်မှ အခန်းက ပိုလင်း၊ ပိုလှပြီး "ဟာ...ဒီအခန်းလေးကတော့ နေချင်စဖွယ်လေးပါလား" လို့ ခံစားရသလို မျက်စိပသာဒ ပိုဖြစ်ပါတယ်။
လူတွေရဲ့ အရောင်မြင်နိုင်စွမ်းနဲ့ ခံယူချက်တွေက တစ်ယောက်နဲ့ တစ်ယောက် မတူညီကြပါဘူး။ အရောင်မှာ "𝙼𝚘𝚗𝚘𝚌𝚑𝚛𝚘𝚖𝚊𝚝𝚒𝚌"(အရောင်တစ်ရောင်တည်းကို အဖျော့၊ အတောက်နဲ့ သုံးတာ) ဆိုတာ ရှိပါတယ်။ ဒါပေမဲ့ လူတိုင်းက ဒီလိုရိုးရှင်းတာကို ကြိုက်ကြတာမဟုတ်ဘူး။ တချို့က အရောင်စုံစုံလင်လင်နဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ပတ်ဝန်းကျင်ကို ပိုနှစ်သက်ကြတယ်။ ဒီတော့ ဒီဇိုင်နာတစ်ယောက်အနေနဲ့ ကိုယ်ဒီဇိုင်းလုပ်ပေးရမယ့်သူရဲ့ စိတ်ကြိုက်ကို သိဖို့က အရမ်းအရေးကြီးပါတယ်။ ကျွန်တော်တို့ အိမ်‌တွေမှာ အရောင်ရွေးတဲ့အခါလည်း ကိုယ့်စိတ်ခံစားမှု၊ ကိုယ်နှစ်သက်ရာကို နားလည်ဖို့ လိုအပ်တာပေါ့။ ကိုယ်နေရမယ့်နေရာဆိုတော့ ကိုယ်ပျော်ရွှင်ဖို့က အဓိကပဲ မဟုတ်ပါလား။
ဒီဇိုင်းလောကမှာ သုံးတဲ့ အရောင်စနစ်တွေ (𝙳𝚒𝚐𝚒𝚝𝚊𝚕 အတွက် 𝚁𝙶𝙱၊ ပုံနှိပ်အတွက် 𝙲𝙼𝚈𝙺) အခြား ဘယ်လိုနည်းနဲ့ပဲ ဖန်တီးသည်ဖြစ်စေ၊ ဘယ်သူမှ နောက်ဆုံးရလဒ်ကို ပုံသေဖြစ်ပြီး ငြီးငွေ့စရာ ကောင်းနေတာမျိုး မလိုချင်ကြပါဘူး။ အိမ်ဒီဇိုင်းမှာလည်း အတူတူပါပဲ။ ဘယ်လို 𝙲𝚘𝚗𝚌𝚎𝚙𝚝 နဲ့ပဲ စဉ်းစားစဉ်းစား၊ နောက်ဆုံးတော့ အိမ်က သက်ဝင်လှုပ်ရှားပြီး လှပနေဖို့က အဓိကပါပဲ။ အရောင်တစ်ရောင်တည်းသုံးတာက အေးချမ်းပေမယ့် တချို့အခန်းတွေမှာတော့ နည်းနည်း "ဖျော့" နေတတ်တယ်။ ဒါကြောင့် အရောင်အသွေးလေးတွေ နည်းနည်းစီ ထည့်သုံးတာက အခန်းကို ပိုပြီး ဆွဲဆောင်မှုရှိစေပါတယ်။
ဒီဇိုင်းလုပ်တဲ့အခါ 𝙲𝚘𝚕𝚘𝚛 𝚆𝚑𝚎𝚎𝚕 (အရောင်ဘီး) နဲ့ 𝙲𝚘𝚕𝚘𝚛 𝚃𝚑𝚎𝚘𝚛𝚢 အခြေခံတွေကို နားလည်ဖို့ လိုအပ်ပါတယ်။ ဘယ်အရောင်က ဘယ်အရောင်နဲ့ လိုက်ဖက်လဲ၊ ဘယ်လိုပေါင်းရင် ဘယ်လိုခံစားမှု ပေးလဲဆိုတာတွေကို သိနေရပါမယ်။ ဒါပေမဲ့ တချို့လူတွေက ဒီသီအိုရီတွေကို ကျော်လွန်ပြီး ကိုယ့်ရဲ့ စိတ်ကူးအတိုင်း၊ ကိုယ့်ရဲ့ ပင်ကိုဉာဏ်အတိုင်း ဖန်တီးချင်ကြပါတယ်။ "စိတ္တဇပန်းချီ" တွေ ဖန်တီးသလိုမျိုးပေါ့။ ဒီလိုပါပဲ ကိုယ့်အိမ်ကို ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်အရောင်အသွေးနဲ့ ထူးခြားတဲ့ အနုပညာလက်ရာတစ်ခုလိုလည်း ဖန်တီးလို့ရနိုင်ပါတယ်။ အိမ်ဆိုတာ ကိုယ်နေရမယ့်နေရာဆိုတော့ ကိုယ်ကြိုက်တဲ့အရောင်တွေနဲ့ ကိုယ့်စိတ်ခံစားမှုကို ဖော်ပြနိုင်တဲ့ ဒီဇိုင်းမျိုး ဖန်တီးနိုင်ရင် အကောင်းဆုံးပေါ့နော်။
အရောင်တွေနှင့် စိတ်ကူးပေါက်ရာ ကဗျာလေး တစ်ပုဒ်ရေးထားမိပါတယ်။
“အရူးစိတ်”
ကျနော်က
နြူထရယ်တုန်းတွေကို
ပိုသဘောကျတယ်ဗျ...တဲ့
သူ့ကိုယ်မှာကြည့်လိုက်တော့
ပရိုင်မာရီတွေရော
စကင်ဒရီတွေရော
ရောမွှေထားတဲ့ ဝတ်စုံနဲ့...။
တခါတခါ
မိုနိုခရုန်းပဲမြင်တဲ့သူတွေနှင့်
ဆက်ဆံရချိန်မှာ
ငါလည်းမျက်မှန်ပါဝါ
ပြန်ချိန်သင့်ပြီလို့
တွေးမိသား...။
ဘယ်သူဖြစ်ဖြစ်ကွာ
ဒီမီးပွိုင့်က မိကြတာပဲ...
ကားဆရာရဲ့အပြောမှာ
ကျနော့် နေ့တွေ
မျှောချပြစ်ခဲ့ရတယ်...။
အာဂျီပီပဲသုံးသုံး
စီအမ်ဝိုင်ကေနဲ့ပဲချယ်ချယ်
နောက်ဆုံးရလဒ်ကို
မိုနိုခရုန်း မဖြစ်ချင်ကြတာပဲ မဟုတ်လား...။
ကာလာသီဝရီမပိုင်ဘဲ
မန်ဆယ်ဝှီးနဲ့လွတ်အောင်
စိတ္တဇပန်းချီတစ်ချပ်
ရေးချင်မိသား
ငါအရူးမပျောက်သေးခင်
အချိန်မှာပဲလေ...။

လူတွေရဲ့စိတ်တွေဟာ အမျိုးမျိုးအဖုံဖုံ အရောင်စုံပဲ မဟုတ်လား။ ဒီတော့ အရူးအနှမ်းဆိုရင်လည်း မထူးဆန်းတော့ပါဘူး။

𝙼𝙼𝙾

ဝါဘီစာဘီ (𝚆𝚊𝚋𝚒-𝚂𝚊𝚋𝚒) နှင့် မညီညာခြင်းအလှတရား

 


▪️ လူ့လောကကြီးမှာ ပြီးပြည့်စုံခြင်းဆိုတာ မရှိဘူးလို့ ဂျပန်အတွေးအခေါ် ဝါဘီစာဘီ (𝚆𝚊𝚋𝚒-𝚂𝚊𝚋𝚒) က ပြောထားပါတယ်။ အရာရာတိုင်းဟာ မပြည့်စုံဘူး၊ မတည်မြဲဘူး၊ ပြောင်းလဲနေတယ်ဆိုတဲ့ သဘောတရားကို လက်ခံပြီး အဲဒီမပြည့်စုံမှု၊ မတည်မြဲမှုတွေထဲကနေ အလှတရားကို ရှာဖွေခံစားတာဟာ ဝါဘီစာဘီရဲ့ အနှစ်သာရပါပဲ။
▪️ ဝါဘီစာဘီ ဒဿနရဲ့ သမိုင်းကြောင်းနှင့် ဖြစ်စဉ်
ဝါဘီစာဘီ ဆိုတဲ့ အယူအဆဟာ ဂျပန်ယဉ်ကျေးမှုနဲ့ ဒဿနဗေဒမှာ အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ ဒီဒဿနဟာ (၁၅) ရာစုဝန်းကျင် မုရိုမာချိ (𝙼𝚞𝚛𝚘𝚖𝚊𝚌𝚑𝚒) ခေတ်ကတည်းက စတင်ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ ဇင်ဗုဒ္ဓဘာသာ (𝚉𝚎𝚗 𝙱𝚞𝚍𝚍𝚑𝚒𝚜𝚖) ရဲ့ လွှမ်းမိုးမှုနဲ့အတူ ဖြစ်ပေါ်လာခဲ့ပြီး၊ ထိုအချိန်က ချမ်းသာကြွယ်ဝသူများရဲ့ အလွန်အကျွံ ပြင်ဆင်ခြယ်သမှုတွေနဲ့ ပြီးပြည့်စုံမှုကို အလေးပေးတဲ့ အလှတရားကို တုံ့ပြန်တဲ့အနေနဲ့ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
▪️ ဇင်ဗုဒ္ဓဘာသာမှ ကမ္ဘာကြီးရဲ့ အမှန်တရားသုံးပါးဖြစ်တဲ့
▫️အနိစ္စ (𝚒𝚖𝚙𝚎𝚛𝚖𝚊𝚗𝚎𝚗𝚌𝚎)
▫️ဒုက္ခ (𝚜𝚞𝚏𝚏𝚎𝚛𝚒𝚗𝚐 𝚘𝚛 𝚍𝚒𝚜𝚜𝚊𝚝𝚒𝚜𝚏𝚊𝚌𝚝𝚒𝚘𝚗) နဲ့
▫️အနတ္တ (𝚗𝚘𝚗-𝚜𝚎𝚕𝚏)
တို့ကို နက်နဲစွာ နားလည်သဘောပေါက်ခြင်းကနေ ဝါဘီစာဘီကို မွေးဖွားခဲ့တာပါ။ အရာအားလုံးဟာ ပြောင်းလဲနေတယ်၊ မတည်မြဲဘူး၊ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ မပြည့်စုံဘူးဆိုတဲ့ အချက်တွေကို လက်ခံခြင်းကနေ ငြိမ်းချမ်းမှုကို ရရှိနိုင်တယ်လို့ ဇင်ဗုဒ္ဓဘာသာက ဆိုပါတယ်။ ဒီအတွေးအခေါ်တွေဟာ ဝါဘီစာဘီရဲ့ အခြေခံအုတ်မြစ်တွေပါပဲ။
▪️ "𝚆𝚊𝚋𝚒"ဆိုတဲ့ စကားလုံးက မူလက သဘာဝတရားထဲမှာ တစ်ယောက်တည်း နေထိုင်ရတဲ့ ရိုးရှင်းမှုနဲ့ အထီးကျန်ဆန်မှုကို ရည်ညွှန်းပါတယ်။ ကျေးလက်ဆန်တဲ့ အလှတရား၊ ရသမျှနဲ့ ရောင့်ရဲတင်းတိမ်တဲ့ ဘဝပုံစံကို ဖော်ပြပါတယ်။
▪️ "𝚂𝚊𝚋𝚒" ဆိုတဲ့ စကားလုံးကတော့ အချိန်ကြာလာတာနဲ့အမျှ ဖြစ်ပေါ်လာတဲ့ ဟောင်းနွမ်းမှု၊ ပျက်စီးယိုယွင်းမှုတွေကနေ ရရှိတဲ့ အလှတရားကို ဆိုလိုပါတယ်။ သစ်သားတွေမှာပေါ်လာတဲ့ အက်ကွဲကြောင်းတွေ၊ ကျောက်တုံးတွေပေါ်က ရေညှိတွေ၊ ကြွေပန်းကန်တွေရဲ့ အစွန်းပဲ့နေတာတွေ စတဲ့ အရာတွေဟာ အချိန်ရဲ့ဒဏ်ကို ခံနိုင်ရည်ရှိခြင်းနဲ့ သူတို့ရဲ့သမိုင်းကြောင်းကို ဖော်ပြနေတဲ့ အလှတရားတွေပါပဲ။ နောက်ပိုင်းမှာ "𝚆𝚊𝚋𝚒" နဲ့ "𝚂𝚊𝚋𝚒" ဆိုတဲ့ အယူအဆနှစ်ခု ပေါင်းစပ်ပြီး ဝါဘီစာဘီဆိုတဲ့ ဒဿနဖြစ်ပေါ်လာခဲ့ပါတယ်။
▪️ အထူးသဖြင့် ဂျပန် လက်ဖက်ရည်ပွဲ (𝚃𝚎𝚊 𝙲𝚎𝚛𝚎𝚖𝚘𝚗𝚢) ယဉ်ကျေးမှုဟာ ဝါဘီစာဘီ ဒဿနကို လက်တွေ့အကျဆုံး ဖော်ပြခဲ့ပါတယ်။ ဇင်ဆရာတော် 𝚂𝚎𝚗 𝚗𝚘 𝚁𝚒𝚔𝚢ū ဟာ အလှဆင်လွန်းတဲ့ လက်ဖက်ရည်ခွက်တွေအစား ရိုးရှင်းပြီး သဘာဝဆန်တဲ့၊ တစ်ခါတစ်ရံ မညီညာတဲ့ လက်ဖက်ရည်ခွက်တွေကို အသုံးပြုပြီး၊ ရိုးရှင်းတဲ့ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်ငြိမ်သက်စွာ လက်ဖက်ရည်သောက်သုံးခြင်းကို အားပေး၊ ထောက်ခံ၊ ကျင့်သုံး ခဲ့ပါတယ်။ ဒါဟာ ပြီးပြည့်စုံမှုနဲ့ ကြွယ်ဝချမ်းသာမှုကို လိုက်စားနေမယ့်အစား ရိုးရှင်းမှု၊ မညီညာမှုနဲ့ သဘာဝကျမှုကို တန်ဖိုးထားတဲ့ ဝါဘီစာဘီရဲ့ သဘောတရားကို ပိုမိုပေါ်လွင်စေခဲ့ပါတယ်။
▪️ ဝါဘီစာဘီကို အခြေခံပြီး ကျွန်တော်ရေးခဲ့ဖူးတဲ့ ကဗျာလေးတစ်ပုဒ်ကို ဖော်ပြချင်ပါတယ်။
"မညီညာခြင်းအလှတရား"
တိမ်တွေက
အရောင်စုံသတဲ့...။
ပုံသဏ္ဌာန်
အကွဲကွဲ
အပြားပြား
ဒါကပဲ
သဘာဝရဲ့
အလှတရားပဲမဟုတ်လား...။
မတူညီခြင်းကပဲ
ပိုလှစေသတဲ့...။
ကျနော့
အိပ်မက်က
အဖြူအမည်းပါပဲလေ...။
အလှတရား
ဖွေရှာရင်း
မြောနေမိတာပေါ့
အရောင်တွေ
ကန်းနေတာကြောင့်လေ...။

ဒီကဗျာလေးဟာ ဝါဘီစာဘီရဲ့ အနှစ်သာရဖြစ်တဲ့
▫️မညီညာခြင်းထဲက အလှ (𝚋𝚎𝚊𝚞𝚝𝚢 𝚒𝚗 𝚒𝚖𝚙𝚎𝚛𝚏𝚎𝚌𝚝𝚒𝚘𝚗)
▫️မတည်မြဲခြင်းကို လက်ခံခြင်း (𝚊𝚌𝚌𝚎𝚙𝚝𝚊𝚗𝚌𝚎 𝚘𝚏 𝚝𝚛𝚊𝚗𝚜𝚒𝚎𝚗𝚌𝚎) နဲ့
▫️ရိုးရှင်းမှုကို တန်ဖိုးထားခြင်း (𝚊𝚙𝚙𝚛𝚎𝚌𝚒𝚊𝚝𝚒𝚘𝚗 𝚘𝚏 𝚜𝚒𝚖𝚙𝚕𝚒𝚌𝚒𝚝𝚢) တို့ကို ထင်ဟပ်ပြထားပါတယ်။
ပြီးပြည့်စုံမှုနောက်ကို မလိုက်ဘဲ၊ လောကရဲ့ မတူညီမှုတွေ၊ ပြောင်းလဲမှုတွေ၊ အဖြူအမည်းဆန်တဲ့ ရိုးရှင်းမှုတွေထဲကနေ ငြိမ်းချမ်းတဲ့ အလှတရားကို ရှာဖွေခံစားနိုင်ဖို့ ဝါဘီစာဘီဒဿနက ကျွန်တော်တို့ရဲ့ ဘဝနေနည်းကို လမ်းညွှန်ပြသပေးနေတယ်လို့ စိတ်တွင်းက မှတ်ယူနေမိပါတော့တယ်။