ဒီတစ်မိုးကုန်ရင်
ငါတို့ အိမ်ခေါင်မိုး
အသစ်လဲနိုင်တော့မှာပါ
ညီမလေးရယ်...။
ဆွေးနေတဲ့
တိုင်တွေရော
ကြမ်းခင်းတွေရော
ဆင့်တွေ
ယက္မတွေ
ခါးပန်းတွေ
အစအဆုံး
ခြေဆုံးခေါင်းဆုံး
သနပ်ခါးဖုံးရအုန်းမယ့်
အမာရွတ်တွေလေ...။
ဥရူ၊ ကြငှာန်း
ညောင်ရန်း၊ သပြေ
ရဝေ၊ ဂုပ္ဖီး
အစဉ်အတိုင်း
ပြန်စိုက်ကြဖို့ကတော့
တိုင်အဆွေးတွေ
အရင်ဖယ်ရအုန်းမှာပေါ့
ညီမလေးရယ်...။
ဒီတစ်မိုးကုန်ရင်လေ
ရှိသမျှ
သစ်ဝါးတွေ
စုစည်း
ငါတို့တွေ
အိမ်အသစ်ကြီး
အပြီးဆောက်ကြမယ်လေ...။
အခုတော့
အိမ်ထဲနေရင်း
ကိုယ့်အိမ်အစစ်ကို
ကိုယ်လွမ်းနေသေးတာပဲ...။
အဖေ
အမေတို့
မရှိတော့ကတည်းကပေါ့...။
"အိမ်လေး" ကဗျာမှာ မြန်မာ့ရိုးရာအိမ်တစ်လုံးရဲ့ ပုံရိပ်ကို ထင်ဟပ်ပြီး၊ အိမ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ပြုပြင်မွမ်းမံမှုတွေနဲ့အတူ စိတ်ပိုင်းဆိုင်ရာ လွမ်းဆွတ်မှုတွေကို ဖော်ပြထားပါတယ်။ ဒီကဗျာကို အခြေခံပြီး မြန်မာ့အိမ်ဆောက်အတတ်ပညာနဲ့ ဒီဇိုင်နာတစ်ဦးရဲ့ ဒီဇိုင်းပိုင်းဆိုင်ရာ အမြင်နဲ့ ခံယူချက်တွေကို ပေါင်းစပ်ကာ ဆောင်းပါးတစ်ပုဒ် ရေးသားတင်ပြလိုက်ပါတယ်။









မြန်မာ့ရိုးရာအိမ်ဆောက်အတတ်ပညာဟာ သဘာဝပတ်ဝန်းကျင်ကို အခြေခံပြီး ဒေသတွင်းမှာ ပေါများတဲ့ သစ်နဲ့ ဝါးတွေကို အဓိက အသုံးပြုပါတယ်။ ရာသီဥတုနဲ့ ကိုက်ညီစေဖို့ အိမ်ခေါင်မိုးကို မိုးဒဏ်လေဒဏ်ခံနိုင်အောင် မြင့်မားစွာ မိုးထားပြီး၊ အိမ်အောက်ခြေကို မြေကြီးကနေ ခွာပြီး ဆောက်လုပ်လေ့ရှိပါတယ်။ ဒီလိုလုပ်တာဟာ ရေကြီးရေလျှံမှုနဲ့ အင်းဆက်ပိုးမွှားဒဏ်ကနေ ကာကွယ်ဖို့ပါ။ အိမ်ရဲ့ အခန်းအပြင်အဆင်နဲ့ တိုင်တွေရဲ့ နေရာချထားမှုဟာလည်း ရှေးဟောင်းဗေဒင်နဲ့ မြန်မာ့ရိုးရာဓလေ့ထုံးတမ်းတွေနဲ့ ဆက်စပ်နေတတ်ပါတယ်။ အယူတော်လို့ခေါ်တဲ့ အတိတ်၊ နိမိတ်၊ တဘောင် စတာတွေကို အယူကောက်ပြီး ဟောကြားတဲ့ပညာဟာ နယ်ပယ်အသီးသီးမှာ ဝင်ဆံ့သလို အိမ်ဆောက်အတတ်ပညာမှာလည်း အဓိကကျပါတယ်။



"ဥရူကြငှန်း ရှေ့ကတန်း၊
ညောင်ရန်း ရဝေ အလယ်နေ၊
သပြေဂုပ္ဖီး နောက်ကဆီး" ဆိုတဲ့ ကဗျာလေးနဲ့ သင်ကြားခဲ့ကြပါတယ်။ ဒီကဗျာလေးက တိုင်တွေရဲ့ အစဉ်အလိုက်နေရာယူပုံကို ရှင်းလင်းစွာ ဖော်ပြပါတယ်။







အချုပ်အားဖြင့် အိမ်တစ်လုံးကို တည်ဆောက်တယ်ဆိုတာ သစ်နဲ့ဝါးတွေ စုစည်းပြီး အဆောက်အအုံတစ်ခု ဖန်တီးတာထက် ပိုပါတယ်။ ဒါဟာ မိသားစုရဲ့ အမွေအနှစ်၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေနဲ့ ဝိညာဉ်ရေးရာတန်ဖိုးတွေကို ထိန်းသိမ်းစောင့်ရှောက်တာပဲ ဖြစ်ပါတယ်။ ဆွေးမြေ့နေတဲ့ တိုင်အိုတွေကို အစားထိုးပြီး အိမ်ခေါင်မိုးအသစ်လဲလှယ်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်မွမ်းမံမှုမျှသာမကဘဲ၊ ကွယ်လွန်သွားပြီဖြစ်တဲ့ မိဘတွေရဲ့ အမှတ်တရတွေနဲ့ မိသားစုရဲ့နွေးထွေးမှုကို ပြန်လည်အသက်သွင်းခြင်းလည်း ဖြစ်ပါတယ်။ မြန်မာ့ရိုးရာအိမ်ဆောက်အတတ်ပညာဟာ ခေတ်မီတဲ့ ဒီဇိုင်းတွေနဲ့ ပေါင်းစပ်ပြီး ပိုမိုခေတ်မီဆန်းသစ်တဲ့ ဗိသုကာလက်ရာတွေကို ဖန်တီးနိုင်ပါတယ်။ ဒါပေမယ့် အခြေခံအုတ်မြစ်ဖြစ်တဲ့ ရိုးရာအခြေခံမူတွေနဲ့ ယုံကြည်မှုတွေကိုတော့ မမေ့မလျော့ ထိန်းသိမ်းသွားဖို့ လိုအပ်ပါတယ်။ အိမ်ဆိုတာ ရုပ်ဝတ္ထုပစ္စည်းတစ်ခုတည်းမဟုတ်ဘဲ၊ သမိုင်း၊ ယဉ်ကျေးမှု၊ ချစ်ခြင်းမေတ္တာနဲ့ အမှတ်တရတွေ စုဝေးရာ နှလုံးသားတစ်ခုဖြစ်တယ်ဆိုတာကို "အိမ်လေး" ကဗျာလေးဖြင့် ပြန်လည်သတိပေးရင်း ရိုးရာ အိမ်ဆောက်ခြင်း အသိပညာကို ဗဟုသုတ အနေနှင့် မျှဝေပေးလိုက်ပါတယ်။
MTZO
No comments:
Post a Comment