Wednesday, September 7, 2011

ဟန်ချက်ညီခြင်း(Balance)

ဟန်ချက်ညီခြင်း(Balance)


ဟန်ချက်အကြောင်းပြောဖို့ စဉ်းစားမိတော့ ဆပ်ကပ်တွေက ကြိုးတန်းလျှောက်သမားတွေကို ပြေးမြင်မိတယ်...။ ကြိုးတန်းတစ်ခုပေါ်မှာ မယိမ်းယိုင်အောင် လျှောက်လှမ်းဖို့ လက်တွေဘယ်ညာယိမ်းပြီးထိန်းတာဖြစ်ဖြစ်၊ တုတ်တံတစ်ချောင်းကိုကိုင်ပြီး ဘယ်ညာညီအောင်၊ ဟန်ချက်မပျက်အောင် ထိန်းတာဖြစ်ဖြစ် လုပ်တတ်ကြတယ်..။ အဲလိုလုပ်နိုင်မှသာ ပြုတ်ကျမှုမဖြစ်နိုင်မှာပါ..။ စက်ဘီးစီးတာ လူတွေရဲ့ လမ်းလျှောက်တာ ပြောရရင် လောကကြီးတစ်ခုလုံးဟာ အရာရာတိုင်းမှာ ဟန်ချက် Balance တွေ ထိန်းညှိုထားတာမဟုတ်လား။ ဒါကြောင့် balance ဆိုတာ နေရာတိုင်းအတွက် အင်မတန်အရေးပါတဲ့ အရာပါ...။ ဗုဒ္ဒရဲ့ မစ္ဇျိမပဋိပဓါဆိုတာ ဘယ်အရာမှ အစွန်းမရောက်ဖို့ အရာရာ Balance ဖြစ်အောင်သတိနဲ့နေဖို့ သင်ကြားခြင်းပဲမဟုတ်ပါလား...။ ဒီတော့ Balance ရဲ့အရေးပါမှုဟာ ဘယ်လောက်အထိ နက်နဲသလဲ သိသင့်သလဲဆိုတာ ခန့်မှန်းနိုင်လောက်မှာပါ..။
ဗိသုကာပညာမှာလည်း Balance ရဲ့အရေးပါမှုဟာ အထူးပြောဖို့လိုမယ်မထင်ပါဘူး..။ အဆောက်အအုံတွေ၊ ဘလောတွေကို အခြားအရာတွေနှင့် Balance ဖြစ်အောင် ချိန်ညှိုပုံအမျိုးမျိုးနဲ့ အမြင်မှာ ဟန်ချက်ညီအောင် အစီအစဉ်ပြုလုပ်ပေးနိုင်ပါတယ်။ ဗိသုကာတွေဟာ သူတို့ဒီဇိုင်းတွေမှာရှိတဲ့ Balanceကို စဉ်းစားတဲ့အခါ အရင်ဆုံး Symmetric (ခေါက်ချိုးညီခြင်း) နှင့် Asymmetric (ခေါက်ချိုးမညီခြင်း) ဘယ်ဟာကိုသုံးမလဲ စဉ်းစားဆုံးဖြတ်ကြပါတယ်။ ကလေးတွေဟာ ငယ်စဉ်ပညာသင်ကြားချိန်မှာဖြစ်ဖြစ်၊ ကစားချိန်မှာဖြစ်ဖြစ် Symmetric နှင့် Asymmetric ကို အလိုလို ပြုလုပ်တတ်ပါတယ်။ နောက်မှသာ ပိုမိုအဆင့်မြင့်တဲ့ balance အကြောင်းတွေကို ရှင်းလင်းသေခြာ နားလည်နိုင်အောင် လေ့လာသင်ကြားကြရတာပါ။ အဲဒီတော့ ဗိသုကာတွေဟာ သဘာဝအားဖြင့် Symmetrical Design တွေကို သင်ယူပြီးဖြစ်နေတတ်ပါတယ်...။ Balance ကို ပန်းချီပညာရှင်တွေကတော့ Asymmetrical Balance ကို Informal လို့ခေါ်ဆိုကြပြီး Symmetrical Balance ကို Formal လို့ အမျိုးအစားခွဲ ခေါ်ဆိုတတ်ကြပါတယ်။ ဒီ Balance Concept ကို လက်တွေ့ရှင်းလင်း ပြောပြရာမှာ Balance Scale က အံ့သြဖွယ်ကောင်းအောင်နားလယ်လွယ် ပါတယ်။ ပုံမှာ ပြထားသလို သစ်သားချောင်းကလေးနှင့် တြီဂံတုံးလေးတစ်တုံး တို့ဖြင့် ပြသနိုင်ပါတယ်။ သစ်သားချောင်းအလယ်မှာ ပုံမှာပြထားသလို အချိုင့်ကလေး ပြုလုပ်ပေးထားပါ...။ သစ်သားချောင်းလေးအရွယ်အစားကို ၁၂ လက်မ ကနေ ၁၈ လက်မ အတွင်းလောက်ထားပြီး ပြုလုပ်မယ်ဆိုအဆင်ပြေ နိုင်ပါတယ်...။ အရွယ်အစားအမျိုးမျိုး၊ အလေးချိန် အမျိုးမျိုး သော သစ်တုံးကလေးတွေ၊ ပစ္စည်းကလေးတွေ ကို တဖက်တချက်စီမှာ ထားပြီး စမ်းသပ်လေ့လာနိုင်ပါပြီ။ အလေးချိန်တူ အရွယ်အစားတူတဲ့ တုံးလေးတွေကို ဘယ်ညာ အကွာညီညီထားခြင်းဟာ Symmetrical Balance သို့မဟုတ် Formal Balance ဆိုတာကို ပြသခြင်းပါ။ နောက်ဆုံးပုံမှာလို အရွယ်မညီ အကွာအဝေးမညီသော်လည်း တဖက်နှင့်တစ်ဖက် အလေးချိန်ညီမျှနေခြင်းဟာ Asymmetrical Balance သို့မဟုတ် Informal Balance ပါပဲ။ အဆောက် အအုံ ဒီဇိုင်းများမှာလည်း အခုလို Balance တွေကို ချိန်ဆ အသုံးပြုနိုင်ပါတယ်။ အခြား Balance နှင့်ပတ်သတ်ပြီး နားလည်အောင် လေ့လာနိုင်တာတွေ များစွာရှိပါတယ်။ ရေကူခြင်း၊ စက်ဘီးစီးခြင်း၊ လမ်းလျှောက်ခြင်း စတဲ့ လှုပ်ရှားမှုတွေ မှာလည်း Balance ရဲ့ အခြေခံတွေပါ။ နောက် ခြေတဖတ်တည်း မတ်တပ်ရပ်ခြင်းမှာ ခန္ဓာကိုယ်က မယိုင်မလဲ အောင် ဘယ်လိုတွေ Balance လုပ်ထားသလဲ။ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေမှာ ခန္ဓာကိုယ်မှာဖြစ်နေတဲ့ Balance တွေ ဘယ်လိုလဲဆိုတာ လေ့လာနိုင်ပါတယ်။

အဲဒီနောက်မှာတော့ Balance ရဲ့ feeling ခံစားမှုကို ဗိသုကာလက်ရာတွေ၊ မဂ္ဂဇင်းတွေမှာပါလာတဲ့ ဓါတ်ပုံတွေ ပန်းချီကားတွေကနေ တဆင့် အကောင်းဆုံးခံစားလေ့ကျင့် လေ့လာနိုင်ပါတယ်...။ အခုဆိုရင် Balance အကြောင်းကို သဘောပေါက်နားလည်နိုင်လောက်ပြီ ထင်ပါတယ်။
 

Balance ဆိုတာကို အခြားနေရာတွေမှာပါ ဖြန့်ကျက်တွေးတော စဉ်းစားနိုင်ပါတယ်။ နိုင်ငံ တစ်နိုင်ငံရဲ့ နိုင်ငံရေးတွေ၊ လှုမှုရေးတွေ၊ စီးပွားရေးတွေမှာ Balance ဖြစ်ခြင်းမဖြစ်ခြင်း စသဖြင့်လည်းကောင်း၊ အိမ်တစ်အိမ်ရဲ့ ဝင်ငွေထွက်ငွေ Balance ၊ အားကစားပြိုင်ပွဲတစ်ခုမှာ ပြိုင်ဘက်အချင်းချင်းရဲ့ ယှဉ်ပြိုင်မှု Balance စသည်ဖြင့် လည်းကောင်း အမျိုးမျိုး ချိန်ဆမှန်းဆ၊ တွေးတောရင်းဖြင့် Balanceရဲ့အကြောင်းများများလေး အတွေးပွားနိုင်တယ်ဆိုတာ ပြောရင်း ကျနော်ကိုယ်တိုင်လည်း စိတ်နှင့် ကိုယ်ခန္ဓာ ကျန်းမာရေး အတွက် Balance ညီမျှအောင် ဂရုပြု နေထိုင်ဖို့ စဉ်းစားနေမိပါတော့တယ်ခင်ဗျာ...။
 


MMO

No comments:

Post a Comment