Wednesday, September 7, 2011

စုစည်းခြင်း(Unity)

စုစည်းခြင်း(Unity)



စုစည်းခြင်းကို မပြောခင် အရင်ကပြောခဲ့ဖူးတဲ့ အခြေခံ အချက်လေးတွေ ပြန်နွှေးချင်ပါသေးတယ်...။ အရင် Activity ခုနစ်မျိုးမှာ ၁- တူညီခြင်းနှင့် ကွဲပြားခြင်း(သို့) ခြားနားခြင်း (alike or different) ၂- အစီအစဉ်ပြုလုပ်ခြင်း( Order ) ၃- အစွန်းအနားသတ်များ(EDGES) ၄- အခြေခံ Geometric Shapes လေးမျိုး ၅-နှိုင်းယှဉ်ခြင်း(Comparing) ၆-ပတ်ဝန်းကျင်ကို တည်ဆောက်ခြင်း(Built Environment) ၇-ထပ်တလဲလဲ ပြုလုပ်ခြင်း (Repetition) စသည်တို့ဖြစ်ပါတယ်....။ အဲဒီအချက်တွေဟာ ဗိသုကာ အယူအဆနှင့်ပတ်သတ်ပြီး အခြေခံ အကျဆုံး concept တွေပါပဲ..။ ခုပြောမယ့် စုစည်းခြင်း (Unity) ကစပြီး အဆင့်နည်းနည်းပိုမြင့်လာတယ်လို့ ဆိုရပါမယ်...။ ကဲ... စုစည်းခြင်း အကြောင်း ဆက်ပါတော့မယ်။ အမျိုးမျိုးသော ကွဲပြားခြားနားတဲ့ပုံစံတွေ (အထူးသဖြင့် အလွန်ကို ကွာခြားလွန်းလှတဲ့ ပုံစံတွေ) ကို အစီအစဉ်တကျ ပြုလုပ်ပြီး တစ်ခုတည်းသော အရာအဖြစ် ဆက်စပ်တည်ဆောက်နိုင်ခြင်းကို Unity လုပ်နိုင်ခြင်း တနည်း စုစည်းနိုင်ခြင်းလို့ခေါ်ပါတယ်...။ သက်မဲ့အရာဝတ္ထုတွေကိုမှ အစီအစဉ်တကျ စုစည်းဖို့ လုပ်နိုင်တာမဟုတ်ပါဘူး....။ လူသားတွေရဲ့ အမျိုးမျိုးသော မတူညီတဲ့ စိတ်တွေ အယူအဆတွေ ခံစားချက်တွေကို တစ်ခုတည်းသော ယုံကြည်ချက်ကို အာရုံစိုက်လာနိုင်အောင် လုပ်ဆောင်နိုင်ခြင်းကိုလည်း Unity လုပ်နိုင်ခြင်းလို့ ခေါ်ဆိုနိုင်မှာပါ...။ အခုတော့ ကျနော့အနေနဲ့ ဗိသုကာတစ်ယောက် အတွက် အရာဝတ္ထုတွေကို ပေါင်းစည်းဆက်စပ်ပြီး unity လုပ်နိုင်ခြင်းရဲ့ အရေးပါမှုကို ပြောလိုခြင်းပါ..။ Unity ဆိုတာ အမျိုးမျိုး ဖြန့်ကျက်တွေးတော လုပ်ယူနိုင်သော အယူအဆတစ်ခုပါ...။ Unity ကိုကျွမ်းကျင်စေဖို့ ရိုးရှင်းတဲ့ အိုင်ဒီယာလေးတွေကနေစပြီး ရှုပ်ထွေးခက်ခဲတဲ့ အရာတွေကို လုပ်ဆောင်သွားသင့်ပါတယ်။ ကလေးငယ်တွေဟာ အရွယ်အမျိုးမျိုး၊ ပုံသဏ္ဍာန်အမျိုးရှိတဲ့ ဘလော့တုံးလေးများနှင့်ကစားရတာကို အင်မတန်နှစ်သက်ကြပါတယ်...။ အဲလိုပြုလုပ်ခြင်းကနေ ကွဲပြားတဲ့အရာဝတ္ထုတွေကို စုစည်းပေါင်းစပ်တတ်တဲ့ စွမ်းရည်ကို ဖြစ်ပေါ်နိုင်စေပါတယ်..။ အခုလိုလုပ်ခြင်းကနေ တစ်ခုနှင့်တစ်ခု ဆင့်ထပ်စီခြင်း (sticking) ၊ အစုလိုက် စုစည်းထားခြင်း (grouping) ၊ တိုင်ထောင်ခြင်းများ (piling)၊ အခြားအနေနှင့် အရာဝတ္ထုတစ်မျိုးကို ထပ်တလဲလဲ အသုံးပြုတတ်လာခြင်း ( Repeating ) စတဲ့ အခြေခံ ဗိသုကာ အယူအဆတွေကို သိမြင်လာနိုင်ပါတယ်။ Frank Lloyd Wright (born Frank Lincoln Wright, June 8, 1867 – April 9, 1959) ဆိုတဲ့ အမေရိကန် လူမျိုး နာမည်ကျော် အာခီတတ်ကြီးဟာ သူရဲ့ကျော်ကြားတဲ့ ဗိသုကာဒီဇိုင်းတွေရဖို့ သူငယ်စဉ်က ကစားခဲ့တဲ့ ဘလော့တုံးလေးတွေက အင်မတန်အရေးပါခဲ့ပါတယ်တဲ့...။ အရိုးရှင်းဆုံးဖြစ်တဲ့ အဲဒီအခြေခံ concept ကလေးကပင် ဗိသုကာပညာရပ်မှာ အင်မတန်အရေးပါပါတယ်...။ ပန်းရံလုပ်ငန်းကို ကြည့်မယ်ဆိုရင် ပန်းရံလုပ်သား တစ်ယောက် စီထားတဲ့ အုတ်နံရံများ၊ ကျောက်တုံးနံရံများကို လေ့လာကြည့်လျှင် စီထားသော အုတ်ထိပ်များ၊ ကျောက်တုံးများမှာ အစီအစဉ်ကျနသောကြောင့် အကွက်အဆင်ပုံစံ အမျိုးမျိုးဖြင့် အမြင်မှာ လှပနေတတ်ပါတယ်...။ ထို့ထက်ရှုပ်ထွေးဖွယ်ကောင်းသည်မှာ ဗိသုကာတစ်ယောက် ဖန်တီးထားသော မတူညီတဲ့ ပုံစံများကို အပြွတ်လိုက်စုပြုံပြီး အစီအစဉ်ကျအောင် ပေါင်းစည်း၍ Unity လုပ်ထားခြင်းပါပဲ။ အောက်မှာပြထားသောပုံများဟာ အေဒီ ၆၀၇ ကတည်ဆောက်ထားတဲ့ ဂျပန်နိုင်ငံက Horyu-Ji Temple အဆောက်အအုံ ဖြစ်ပါတယ်...။
 

မျှော်စင် အဆောင်တစ်ခုနှင့်တစ်ခု အမျိုးမျိုးကွဲပြားနေတာ တွေ့နိုင်ပါတယ်...။ သု့ိသော်လည်း ရှေ့ဘက်မှကြည့်မယ်ဆိုရင် မြေစိုက်အဆောင်များစွာကို repetition လုပ်ပြီး ဆောက်ထားပါတယ်..။ အဲဒီလိုပြုလုပ်ထားပြီး ကွဲပြားတဲ့ အဆောက်အအုံများစွာကို တစ်ခုတည်းဖြစ်အောင် စုစည်းပေါင်းစည်းပေးထားပါတယ်...။ အောက်က ပုံလေးတွေကိုလေ့လာကြည့်ပါ...။ အတွေးလေးတွေ ပွားကြည့်ရအောင်နော်...။
 

ပထမပုံနှင့် ဒုတိယပုံ ဘယ်ပုံဟာ cluster ဖြစ်သလဲ group အနေနဲ့ပဲ ရှိနေသလား။ cluster အဖြစ်ပေါင်းစည်းထားတဲ့ ပုံကို Unity ဖြစ်နေတယ်လို့ဆိုနိုင်ပါတယ်...။ အဲဒီလိုပဲ ကျနော်တို့တွေ ပတ်ဝန်းကျင်မှာရှိတဲ့ ပန်းပွင့်တွေ၊ သစ်သီးတွေ၊ သစ်ရွက်တွေ၊ သစ်ကိုင်းတွေ အစရှိသဖြင့်လေ့လာ ကြည့်ပါက Unity ဖြစ်နေသော အရာများစွာကို တွေ့နိုင်မှာပါခင်ဗျာ...။ သစ်ကိုင်းများ၊ သစ်ရွက်များစွာကို စုစည်းပြီး ယူနစ်တစ်ခုတည်းအဖြစ်ပေါင်းစည်းထားတဲ့ အရာကတော့ သစ်ပင်ပါပဲ...။ ကျနော်တို့ပတ်ဝန်းကျင်မှာတွေ့နိုင်တဲ့ ပျားအုံ၊ ပုရွတ်ဆိတ်အုံ၊ ခြအုံ အစရှိတဲ့ တိရိစ ္ဆာန်တွေရဲ့ အသိုက်တွေကို ဖွဲ့စည်းတည်ဆောက်ထားခြင်းဟာ နမူနာ Unity ထားခြင်းများအဖြစ်လေ့လာတွေးတော ဆင်ခြင် ပွားများ နိုင်ပါတယ်....။ အခြားအရာများကိုလည်း တွေ့မြင်နိုင်မှာပါခင်ဗျာ...။ ဆပ်ကပ်ပွဲတစ်ခုမှာ တွေ့မြင်နိုင်တတ်တဲ့ လူပိရမစ် စီထပ်ခြင်းကလည်း လှပတဲ့ Unity လုပ်ခြင်းလို့ ပြောမယ်ဆိုရင်ဖြင့်....။
 

အခုလောက်ဆို စုစည်းခြင်း (Unity) ကိုနားလည်နိုင်လောက်ပြီလို့ မျှော်လင့်မိပါတယ်ခင်ဗျာ....။


လေးစားစွာဖြင့်  

MMO

No comments:

Post a Comment