Wednesday, September 7, 2011

နှိုင်းယှဉ်ခြင်း(Comparing)

နှိုင်းယှဉ်ခြင်း(Comparing)
 

အရာဝတ္ထုများရဲ့ အရွယ်အစား(The Size of Things) ကိုခန့်မှန်းသိရှိနိုင်ခြင်း ကလည်း ဗိသုကာဒီဇိုင်းနာ တစ်ယောက်အတွက် အင်မတန်အရေးကြီးတဲ့ အချက်တစ်ခုပါ။ ကျနော်တို့အနေနဲ့ အရာဝတ္ထုတစ်ခုရဲ့ အတိုင်းအတာကို အခြားအတိုင်းအတာသိတဲ့ အရာဝတ္ထုတစ်ခုနှင့် နှိုင်းယှဉ်ခြင်းဖြင့် အဲဒီအရာဝတ္ထုရဲ့ အတိုင်းအတာကို အကြမ်းခန့်မှန်း သိရှိနိုင်ပါတယ်...။ ဗိသုကာတွေဟာ အရာဝတ္ထုတွေကို နှိုင်းယှဉ်ပြီး အရာဝတ္ထုတစ်ခုနှင့်တစ်ခု၏ အရွယ်အစားများ ဆက်သွယ်ချက်တွေကို Adjust လုပ်ခန့်မှန်းနိုင်ရပါမယ်။ အဲဒီလိုပြုလုပ်နိုင်မှသာ အရာဝတ္ထုတွေရဲ့ အလေးချိန် weight ကိုပါ နားလည် မှန်းဆနိုင်မှာပါ။ အဲလိုနားလည်မှ ဘယ်လိုလေးလံတဲ့ အရာဝတ္ထုဟာ ဘယ်လိုပုံစံမျိုးဖြစ်လာမလဲ ၊ နောက် ခံနိုင်အား Strength နှင့် အချိုးအဆ Scales စသည်ဖြင့် မှန်းဆနိုင်ပါ့မယ်။ အဆောက်အဦးတစ်ခု သို့မဟုတ် မြို့ကြီးတစ်မြို့ရဲ့ အစိတ်အပိုင်း နေရာအနှံမှာရှိတဲ့ ပစ္စည်းတွေရဲ့ အရွယ်အစားတွေကို သူတို့ပတ်ဝန်းကျင်မှာရှိတဲ့ အခြားအရာဝတ္ထုတွေနှင့် နှိုင်းယှဉ်လေ့လာတဲ့ အလေ့အကျင့်လေးကို ကျနော်တို့တစ်တွေ ပြုလုပ်သင့်ပါတယ်။ အရာအဝတ္ထုတစ်ခုဟာ ဘယ်လောက်ကြီးတယ်၊ ငယ်တယ်ဆိုတာကို အခြားအရာ ဝတ္ထုတစ်ခုနဲ့ နှိုင်းယှဉ်ရင် အလွယ်တကူ သိရှိနိုင်ပါတယ်။
 

ရှေးခေတ် ဂရိလူမျိုး အာခီတတ်တွေဟာ အဲလို အရာဝတ္ထုတွေ နှိုင်းယှဉ်ခြင်းကို ကောင်းစွာလေ့လာ သင်ယူနိုင်ခဲ့ကြပါတယ်။ အဆောက်အဦးတွေရဲ့ ရှေ့မှာ ရုပ်ထုတစ်ခု ထားမယ်ဆိုရင် သူတို့တွေ စဉ်းစားကြတာက အဲဒီရုပ်ထုတွေကို သာမန်သက်ရှိလူသားတွေထက် အရွယ်အစားကြီးပြီး ထုလုပ်လေ့ရှိကြပါတယ်။ ဘာကြောင့် အဲလိုမျိုးထုလုပ်ခဲ့ကြတာလဲ.... ?
အကြောင်းကတော့ အဲဒီအရာ ဝတ္ထုကို ကျနော်တို့မျက်လုံးမြင်ကွင်းအနေနဲ့ ရှင်းလင်းစွာတွေ့မြင်ဖို့ လိုအပ်လို့ပါပဲ...။ ကျနော်တို့တွေ အဲဒီရုပ်တုတွေကို ကြည့်ရှုချိန်မှာ မြေပြင်ကနေ အပေါ်အမြင့်ကိုမော့ ကြည့်ကြရတာပါ...။ ကျနော်တို့ မျက်လုံးတွေရဲ့ အမြင်ဟာ အရာဝတ္ထုတွေနဲ့ဝေးလေ သေးကွေးတယ်လို့ထင်ရလေပါ....။ အဲဒီတော့ ပုံမှန်လို မြင်တွေ့ နိုင်ဖို့ အဲဒီရုပ်ထုတွေရဲ့ အရွယ်အစားဟာ သာမန်သက်ရှိတွေထက် ကြီးနေရတော့တာပေါ့...။ ပုံမှာပြထားတဲ့ ဥပမာလေးကို လေ့လာကြည့်ပါ...။ လူနှင့် တဲ(Tent)လေးတွေကို နှိုင်းယှဉ်ပြထားခြင်းပါ...။ ဘယ် တဲ (Tent) ကကြီးသလဲ ဘယ်တဲကငယ်သလဲဆိုတာကို အလွယ်တကူ ခန့်မှန်းနိုင်ကြမှာပါ...။ ဘာကြောင့်ဆိုတော့ ကျနော်တို့တွေ လူတွေရဲ့ အချိုးအဆနှင့် နှိုင်းယှဉ်လိုက်လို့ပါပဲ...။ ကျနော်တို့တွေရဲ့ ဦးနှောက်က လူရဲ့အရွယ်အစားနှင့် တဲလေးတွေရဲ့ အရွယ်အစားကို နှိုင်းယှဉ်ရာမှာ အလွယ်တကူ အဖြေထုတ်ပေးလိုက်နိုင်ပါတယ်။ အတွေးလေးတွေပွားကြည့်ရ အောင်ဗျာ.... ကျနော်တို့ ပတ်ဝန်းကျင်မှာ အလွန်ကြီးမားတဲ့ ဘယ်လိုပစ္စည်းတွေများတွေ့ဖူးကြပါသလဲ....။ အလွန့်အလွန်ကြီးတဲ့ အရာတွေရော စဉ်းစားမိတာရှိပါသလား....။ နောက် အင်မတန်သေးငယ်တယ်လို့ ထင်ရတဲ့ ပစ္စည်းလေးတွေရော ဘယ်လောက်များ စဉ်းစားမိပါသလဲ....။ ဖြစ်နိုင်ရင် စာရင်းလေးတွေ လုပ်ကြည့်ပါလား....။

နောက် စဉ်းစားကြည့်ဖို့ ပြောပြပါအုန်းမယ်....။ ကြွက်ငယ်လေး တစ်ကောင်ကို ကြီးတယ်ထင်သလား...။ ငယ်တယ်ထင်သလား....။ အကယ်၍ အဲဒီကြွက်ကလေးကို ပုရွတ်ဆိတ်တစ်ကောင်နှင့် နှိုင်းယှဉ်လိုက်မယ်ဆို ကြွက်ကလေးဟာ ဘယ်လိုနေမလဲ....။ အဲလိုမှမဟုတ်ပဲ ဆင်တစ်ကောင်နှင့် နှိုင်းယှဉ်လိုက်မယ်ဆိုရင်ရော....။ အတွေးလေးတွေ ပွားကြည့်ကြပါခင်ဗျာ....။
 
ဒါနဲ့ ကားတွေကို ထုတ်လုပ်ထားတာမှာ ကလေးလေးတွေနှင့် အသုံးပြုဖို့ သင့်တော်တဲ့ အရွယ်အစားလို့ထင်မိပါသလား...။ တံခါး သော့ခလောက်(Door Lock)တွေကိုလည်း သုံးနှစ်သားအောက် ကလေးငယ်လေးတွေ ဖွင့်လို့ရဖို့ စီစဉ်ထားကြပါသလား...။ ရေသောက်ဖို့ ရေပန်းတိုင်တွေကိုရော....။ ဘက်စကတ်ဘောကစားဖို့ ကစားကွင်းတွေရော....။ စဉ်းစားမိသလောက်လေးတွေ တွေးကြည့်ကြပေါ့ဗျာ...။
 

ခုနကမေးခွန်းတွေကို ပြန်စဉ်းစားကြည့်မယ်ဆိုရင်... တံခါးသော့ခလောက်(Door Lock) ဆိုရင် ကလေးတစ်ယောက်အတွက် အရမ်းမြင့်နေပါတယ်၊ သောက်ရေဘုံတိုင်(Drinking fountain)ဆိုရင်လည်း အရမ်းမြင့်နေတာပဲ...။ အခြားအရာဝတ္ထုအနေနှင့် လှေကားထစ်တွေဆိုရင်လည်း ကလေးတစ်ယောက်အတွက် ကြီးနေပြန်ရော.....။ မျက်နှာကျက်တွေ၊ ထိုင်ခုံတွေ၊ ရေချိုးခန်း ကြွေဇလုံတွေ.... လျှပ်စစ် မီးခလုတ်စတာတွေဟာ ကလေးတွေနှင့် အဆင်မပြေကြတာ တွေ့ဖူးကြမှာပါ...။ နောက်ဆုံးအနေနဲ့ အချိန်လေးများရကြမယ်ဆိုရင် ကလေးတွေနှင့် အဆင်မပြေဖြစ်နေတဲ့ (Out of scale) ဖြစ်နေတဲ့ အရာတွေကို စာရင်းလေးတွေ စုစည်းပြီး ဘယ်ဟာမျိုးကဖြင့် ကလေးလေးတွေအတွက် အဆင်ပြေအောင်စီစဉ်နိုင်မယ်.... ဘယ်လိုအရွယ်အစား ဒီဇိုင်းလေးတွေ လုပ်သင့်တယ်..... အထားအသိုလေးတွေ ဘယ်လိုထားသင့်တယ်.... အသုံးဝင်အောင် ဘယ်လိုမျိုးလေးတွေပြုလုပ်သင့်တယ်..... ဆိုတာမျိုးလေးတွေ ဝိုင်းဝန်းစဉ်းစားတွေးတော အဖြေရှာကြမယ်ဆိုရင်ဖြင့်..... ကျနော်တို့တွေ အတွေးလေးတွေ ပွားရင်း အရွယ်အစား နှိုင်းယှဉ်ခြင်း(Comparing) ဆိုတာကို နားလည်သွားမယ်လို့ မျှော်လင့်မိပါတယ်ခင်ဗျာ...။
 


MMO

No comments:

Post a Comment