Thursday, September 15, 2011

ဆန်းသစ်တီထွင် ဒီဇိုင်းပညာရှင်များ


ဗိသုကာပညာရပ်နှင့် ဒီဇိုင်း ပညာရပ်ကို လေ့လာတဲ့အခါမှာ ပညာရပ်ထဲကနေ ဒီဇိုင်းတွေကို လေ့လာရသလို ဒီဇိုင်နာ၊ ဗိသုကာများထံမှလည်း ဒီဇိုင်းတွေကို အပြန်အလှန် လေ့လာရကြောင်း ဖတ်မှတ်ဖူးပါသည်။
တိုးတက်လာသော လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းနယ်ပယ်တွင် လူသားများသည် မိမိတို့ နေထိုင်လုပ်ကိုင်နေရသော အဆောက်အဦးများအား အမိုးအကာ လုံရုံဟူသော အနေအထားမျိုးတွင် ရောင့်ရဲ တင်းတိမ် မနေတော့ပဲ တစ်နေ့ထက်တစ်နေ့၊ တစ်ရာသီထက်တစ်ရာသီ ပိုမိုဆန်းသစ်သော အဆင်တန်ဆာ ဒီဇိုင်းများဖြင့် ဖန်တီးပြုလုပ်ရန် ဆန္ဒရှိလာကြပေသည်။ ရှေးခေတ် အတီတေကလည်း ရှေးခေတ်အလျောက်၊ တိုးတက်သော နည်းပညာခေတ်တွင်လည်း နည်းပညာ ဖန်တီးမှုများအလျောက် လူသားတို့၏ လိုအပ်ချက် စိတ်ဆန္ဒတို့မှာလည်း တစ်ဆထက်တစ်ဆ မြင့်မားလာကြပေသည်။ စင်စစ်အားဖြင့် ထိုအရာသည် ခေတ်၏ လိုအပ်ချက် မဟုတ်၊ စနစ်အတွက် လိုအပ်ချက်မဟုတ်၊  "လူ"ဆိုသော အသစ် အသစ်ကိုမှ ခုံမင်တတ်သော သဘောထားကြောင့် ဖြစ်ပေသည်။ လူသားတို့၏ အသစ်၊ အသစ်သော ဆန္ဒများနှင့် လိုလားချက်များအတွက်  ထိုထို လိုအပ်ချက်များကို ဝန်ဆောင်မှု အပြည့်အ၀ ပေးနိုင်ရန် မည်သည့်အရာများ လုပ်ဆောင်ရန် လိုအပ်ပါသနည်း...။
လုပ်ငန်းခွင်၏ စံသက်မှတ်ချက်များနှင့် ကိုက်ညီကာ ကျွမ်းကျင်သော အလုပ်သမားများ လိုအပ်လာပါသည်။ စနစ်တကျ လေ့လာသုံးသပ်မှုများဖြင့် ဝန်ဆောင်မှု ပေးနိုင်သော ပညာရှင်များ လိုအပ်လာပါသည်။  ဆန်းသစ်မှုသည် ကွဲလွဲမှု မဟုတ်၊ ကွဲလွဲခြင်းသည် ဆန်းသစ်ခြင်းမမည်။ နေရာ၊ ဒေသ၊ ကာလအလိုက် ကွဲပြားခြားနားလာသော လူသားတို့၏ စိတ်ဆန္ဒကို ဖြည့်ဆည်းပေးခြင်းသာ ဖြစ်ကောင်းဖြစ်ပါမည်။ လုပ်ငန်းရှင်များမှာလည်း အလားအလာရှိကာ လုပ်ငန်းခွင် စံသတ်မှတ်ချက်များနှင့် ကိုက်ညီသင့်တော့သည့် အလုပ်သမားများကို ရှာဖွေလာတတ်ကြသည်။ ၎င်းတို့သည် တိုးတက်လာသည့် အမြင်တို့နှင့်အညီ လူသားတစ်ဦးချင်းစီ၏ သီးသန့် ရွေးချယ်ခြင်းဟူသော သဘောထားကွဲလွဲခြင်းများကို သည်းခံညှိနှိုင်းကာ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေမှု ရှိသော အဆောက်အုံများကို ဖန်တီးပေးနိုင်ကြရမည်။
ယခုလက်ရှိ ပြောင်းလဲနေသော နည်းပညာရပ်များက ဒီဇိုင်းပညာရှင်များအား အမြဲတစ်စေ တီထွင်ကြံဆနေစေရန် ဖိအားပေးလျှက်ရှိသည်။ ထို့ကြောင့် ဒီဇိုင်းပညာရှင်များသည် ပြောင်းလဲနေသော ခေတ်စနစ် အခြေအနေများကို မျက်ခြေအပျက်မခံပဲ အဆောက်အအုံတို့၏ ပြောင်းလဲခြင်းပုံစံ၊ ဖွဲ့စည်းတည်ဆောက်ပုံ ဆန်းသစ်မှု၊ ထပ်မံဖြည့်စွက်မည့် ပစ္စည်းများကို လူသားတို့၏ လိုအပ်ချက်နှင့် ထပ်တူကျအောင် အစဉ်တစိုက် ကြိုးပမ်းနေသင့်သည်။ ထို့အပြင် ဒီဇိုင်းပညာရှင်တစ်ယောက်သည် တစ်ခုခုကို ဖန်တီးသောနေရာတွင် တစ်ထပ်တည်းဖြစ်နေသော ရှုခင်းကိုပင် အမြင်ပြောင်းလဲပေးနိုင်စွမ်း ရှိရမည့်အပြင် စွန့်ပစ်ပစ္စည်းထဲမှပင် ဆန်းပြားသော အသစ်အဆန်းတစ်ခု အသွင်ကို ဖန်တီးကာ အစားထိုး အသုံးပြုနိုင်ရပေမည်။
ဒီဇိုင်းဆွဲသားခြင်းဟူသော အတတ်ပညာသည် အလျား၊ အနံ၊ အမြင့် ဟူသော ထုထည် ပမာဏများနှင့် ဆက်စပ်တွေးတော ကြံဆခြင်းဖြစ်သော်လည်း အချိန်ဟူသည့် အတိုင်းအတာ ပမာဏနှင့် အဆောက်အအုံများ၏ ဆက်စပ်မှုကိုလည်း ထည့်သွင့်စဉ်းစားနိုင်ရမည်။ သို့မှသာ သတ်မှတ်ထားသော အချိန်ကာလအတွင်း စိတ်ကြိုက် ဒီဇိုင်းကို တီထွင်နိုင်မှာ ဖြစ်သည်။
အဆောက်အအုံတစ်ခု၏ ထင်ရှားသော လက္ခဏာ အစိတ်အပိုင်း ( ၆ )ရပ်မှာ တည်နေရာ၊ ဖွဲ့စည်းတည်ဆောက်ပုံ၊ ကိုယ်ထည်အခွံ၊ ဝန်ဆောင်မှု၊ နေရာလွတ်နှင့် စီမံချက်တို့ ဖြစ်ပါသည်။ အိမ်တွင်းအလှဆင် ဒီဇိုင်းပညာရှင်များသည် နေရာလွတ်လပ်မှုနှင့် စီမံချက်အနေအထားတို့ကို အာရုံစူးစိုက်နေစဉ် ကျန်သော အချက်အလက်များအတွက် ကျိုးကြောင်းခိုင်လုံစွာ အကျိုးသက်ရောက်မှု ရှိစေရန်ကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပေသည်။ ထိုသို့ စဉ်းစား တွေးခေါ်မှုများသည် လက်တွေ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အကောင်အထည် ဖော်နိုင်ရန်အတွက် အမြဲတစ်စေ လေ့လာ လေ့ကျင့်ထားရန် လိုအပ်ပါသည်။
ဒီဇိုင်းပညာရှင်တစ်ယောက်သည် စွယ်စုံရသော အတတ်ပညာရှင် တစ်ယောက်ဖြစ်ရန် မလိုအပ်သော်လည်း မိမိ၏ ဒီဇိုင်းနှင့် ပတ်သတ်ကာ အရာရာ အားလုံးကို ခြုံငုံ သုံးသပ်တတ်နိုင်ရပေမည်။ တိုးတက်နေသော ယနေ့ကမ္ဘာပေါ်တွင် လူဦးရေ တိုးတက်လာသည်နှင့်အမျှ အဆောက်အဦးများ ပြွတ်သိပ်လာမှုကြောင့် လက်တွေ့အသုံးကျသော အယူအဆ၊ သဘောတရား နည်းများကို စဉ်းစားတွေးခေါ် နိုင်မှသာ ထူးချွှန်သော ဒီဇိုင်းပညာရှင်တစ်ယောက် ဖြစ်နိုင်ပေမည်။ ဒီဇိုင်းပညာရှင်တစ်ယောက် အနေဖြင့် ၅နှစ်စာအတွက် ပြသနာများကို ကြိုတင်တွေးတော အဖြေရှာဖွေရာတွင် ၅မိနစ်အတွင်း ဖြေရှင်းလိုက်သော ဖြစ်ကတတ်ဆန်း လုပ်ရပ်မျိုးကိုလည်း ရှောင်ကြဉ်သင့်ပါသည်။
ဘက်ပေါင်းစုံ၊ နေရာပေါင်းစုံမှာ မရှိမဖြစ် အရေးပါနေသော ဒီဇိုင်းပညာရှင်တစ်ယောက် ဖြစ်နိုင်ဖို့ ဆန်းပြားမှုကို ခုံမင်တတ်သော လူသားတို့၏ စံသတ်မှတ်ချက်များကို ပြည့်စုံအောင် ဖန်တီးပေးစေနိုင်ရန် ဆန်းသစ်သော အတတ်ပညာများကို ကျွမ်းကျင်မှုရှိရန် ကြိုးပမ်းရန် လိုအပ်လာပါသည်။
အထက်တွင် ဆိုထားခဲ့သော စကားလေးဖြင့် နိဂုံးချုပ်လိုပါသည်။
ဗိသုကာပညာရပ်နှင့် ဒီဇိုင်း ပညာရပ်ကို လေ့လာတဲ့အခါမှာ ပညာရပ်ထဲကနေ ဒီဇိုင်းတွေကို လေ့လာရသလို ဒီဇိုင်နာ၊ ဗိသုကာများထံမှလည်း ဒီဇိုင်းတွေကို အပြန်အလှန် လေ့လာရကြောင်း ဖတ်မှတ်ဖူးပါသည်။
ကျွန်တော်တို့ရဲ့ အရှေ့ အရှေ့မှ ပညာရှင်တွေ၊ သူရဲကောင်းတွေရဲ့ သမိုင်းတစ်နေရာမှာ ချန်ထားခဲ့တဲ့ ဒီဇိုင်းများကို လေ့လာရင်း ကျွန်တော်တို့တွေလည်း နောင်တစ်ချိန်မှာ စစ်မှန်တဲ့ ဒီဇိုင်းများကို ချန်ထားနိုင်ခဲ့သူများ ဖြစ်အောင် ကြိုးစားခြင်းဖြင့်  ကမ္ဘာကြီးအား လှသထက်လှအောင် အလှဆင်ကြပါစို့.....။   





 MTZO


No comments:

Post a Comment