Wednesday, September 7, 2011

ပတ်ဝန်းကျင်ကို တည်ဆောက်ခြင်း(Built Environment)-2

ပတ်ဝန်းကျင်ကို တည်ဆောက်ခြင်း(Built Environment)-2

နောက်ဒုတိယပုံပြင်ကလေးကတော့ "The three little pigs" ဆိုတဲ့ပုံပြင်လေးပါ...။ ဒါလေးလည်း ကြားဖူးချင် ကြားဖူးနိုင်ပါတယ်...။ သိုသော်လည်း မကြားဖူးသေးတဲ့သူတွေအတွက်ပေါ့ဗျာ....။ တခါတုန်းက ဝက်ကလေးသုံးကောင်ရှိသတဲ့...။ သူတို့သုံးကောင်ဟာ အချိန်တန်အရွယ်ရောက် ဝက်လားမြောက်လာတော့... ရေကြည်ရာ... မြက်နုရာ တိုးတတ်ကြီးပွားအောင် ရှာကြံဖို့ အိမ်ကနေထွက်ကြမယ်ပေါ့...။ အဲလိုထွက်ခါနီးမှာ မိခင်ဖြစ်သူ ဝက်မကြီးက သားသုံးယောက်ကို ခရီးမထွက်ခင် သြဝါဒစကား မြွတ်ကြားသတဲ့....။ “သားတို့ရေ မင်းတို့တွေ ဘာပဲလုပ်လုပ် ၊မင်းတို့ အကောင်းဆုံးဖြစ်အောင်လုပ်ကြပါ...။ ဘာကြောင့်ဆိုရင် မင်းတို့ကောင်းအောင်လုပ်ရင် လောကကြီးကလည်းမင်းတို့ကိုကောင်းကျိုးပြန်ပေးတတ်လို့ပဲကွ...” ဆိုပြီးမှာလိုက်ပါသတဲ့...။
အဲဒီလိုနဲ့ ဝက်လေးသုံးကောင်ထွက်လာခဲ့တာမှာ သူ့နေရာသူ ကိုယ်စီနေကြရင်း ပထမဆုံးဝက်ကလေးကတော့ သူနေထိုင်ဖို့နေရာကို ကောက်ရိုးတွေနှင့် ပြုလုပ်ထားသတဲ့...။ ဒုတိယ ဝက်ကလေးကတော့ သူနေဖို့ကို သစ်ချောင်းလေးတွေနဲ့ပြုလုပ်ထားပြန်သတဲ့....။ အဲ နောက်ဆုံးတတိယ ဝက်ကလေးကတော့ အုတ်တွေနှင့်သူ့နေရာကို အခိုင်အမာလုပ်ထားတာပေါ့...။ အဲဒီလို အသီးသီးနေကြတာ တနေ့မှာတော့ တောထဲက ဝံပုလွေတစ်ကောင်ဟာ အစာရှာထွက်လာရာမှာ ဝက်ကလေးတွေနေတဲ့နေရာရောက်တော့ ပထမဝက်ကလေး နေတဲ့ကောက်ရိုးတဲကိုတွေ့ပါလေရော...။ အဲဒီမှာ ဝက်ငယ်လေးတစ်ကောင်တည်းနေတာ သိတော့ စားဖို့အကြံနဲ့ “ ငါ့ကို အထဲကို ဝင်ခွင့်ပေးပါ... မပေးရင်မင့်တဲကို ဖြိုပြီး ငါဝင်လာမယ်...။” လို့ ခြိမ်းခြောက်ပြီးပြောတယ်...။
 

အဲဒီမှာ ဝက်ကလေးက... အပြင်က ဝံပုလွေကိုကြည့်ပြီး “ငါနှင့်အသွေးအမွှေးမတူ မင်းလိုလူ ဝင်ခွင့်မပြုလို့” ပြန်ပြောလိုက်တော့... ဝံပုလွေက စိတ်ဆိုးပြီး ကောက်ရိုးအိမ်ကိုဖြိုဖျက် ပြစ်လိုက်တယ်...။ ပြီးတော့... ဝက်ကလေးကို စားပစ်လိုက်တယ်...။ နောက်တစ်ရက်မှာလည်း အဲဒီဝံပလွေဟာ ဒုတိယ ဝက်ကလေးတွေ နေတဲ့နေရာရောက်လာပြန်တယ်....။ အဲဒီမှာ ဝက်ငယ်လေးတစ်ကောင်တည်းနေတာ သိတော့ စားဖို့အကြံနဲ့ “ ငါ့ကို အထဲကို ဝင်ခွင့်ပေးပါ... မပေးရင်မင့်တဲကို ဖြိုပြီး ငါဝင်လာမယ်...” လို့ခြိမ်းခြောက်ပြီး ပြောပြန်တယ်...။ အဲဒီမှာ ဝက်ကလေးက... အပြင်က ဝံပလွေကိုကြည့်ပြီး “ငါနှင့်အသွေးအမွှေးမတူ မင်းလိုလူ ဝင်ခွင့်မပြုလို့...” ပြန်ပြောလိုက်ပြန်တာပေါ့...။ အဲဒီမှာ ဝံပုလွေက အရင်လိုပဲစိတ်ဆိုးပြီး သစ်ချောင်းအိမ်ကိုဖြိုဖြတ်ပြစ်လိုက်တယ်..။ နောက်တော့ ဝက်ကလေးကို စားပစ်လိုက်တယ်...။ နောက်တစ်ရက်မှာလည်း တတိယ ဝက်ကလေးရဲ့ အိမ်ကိုလာပြန်တယ်..။ အရင်လိုပြောပြီး ဖြိုဖို့လုပ်တော့တာပေါ့...။ ဒါပေမယ့် တတိယဝက်ကလေးက အခိုင်အခံဆောက်ထားတော့ ဝံပလွေ ဖြိုလို့မရနိုင်ခဲ့ဘူး...။ နောက်ဆုံးဝံပုလွေကြီး အကြံထပ်ထုတ်တယ်..။ အိမ်ကိုဖြိုမရတော့ ဘေးမှာရှိတဲ့ နေရာကို ရှာကြံပြီး အိမ်ခေါင်မိုးပေါ်တတ်ဖို့ ကြံစည်တာပေ့ါ....။
 

အဲဒီလိုနဲ့ အိမ်ခေါင်ပေါ်ရောက်အောင်တွယ်တက်လာပြီး အထဲ ဝင်ဖို့ အပေါက်ရှာရာ မှာ မီးခိုးခေါင်းတိုင်တွေ့တာ နှင့်အဲဒီထဲကနေ အောက်ကို ဆင်းလိုက်တယ်...။ ဝံပုလွေအဲလိုလုပ်နေတာတွေကို အထဲက ဝက်ကလေးက ဂရုတစိုက်နေတော့ သိနေတာပေါ့..။ အဲဒီတော့ မီးခိုးခေါင်းတိုင်ထဲ ဝင်တာနဲ့ မီးဖိုထဲ မီးဇာထဲပြီး မီးရှို့ပစ်လိုက်တာ ဝံပုလွေလည်း အကင်ဖြစ်သွားတော့တာပေါ့...။ အဲနောက်နေ့မှာ အဲဒီဝက်ငယ်လေးဟာ မိခင်ကိုအိမ်အလည်ခေါ်ပြီး ဝံပုလွေ အကြောင်းပြောတာပေါ့...။ အဲဒီမှာ မိခင် ဝက်မကြီးက .. ကဲ အမေမပြောလားသာရေ... လောကမှာ ကိုယ်တတ်နိုင်သလောက် အကောင်းဆုံးလုပ်တဲ့သူကို လောကကြီးက ကောင်ကျိုးပြန်ပြုပါတယ်ဆိုတာ... ခုလက်တွေ့မဟုတ်လားသားရဲ့...။ဆုံးမစကားပြောသတဲ့...။ ဒီလိုနဲ့ ဝက်ကလေးလည်း ပျော်ရွှင်စွာ ဝက်သတ်သမားလက်မရောက်ခင်အထိနေထိုင်သွားသတဲ့ကွယ်....။ ပုံပြင်ကလေးတွေကတော့ ဒါပါပဲ...။ ဘာသာပြန်ပုံပြင်လေးတွေပါ...။ မူရင်းတွေဖတ်ချင်ယင်တော့ အွန်လိုင်းမှာ ရှာကြည့်ကြပါ..။ မချောမွေ့ရင်ပဲ ဖြစ်ဖြစ် အဓိပ္ပါယ်လွဲရင်ပဲ ဖြစ်ဖြစ် ကျနော့ရဲ့ ညံဖျင်းမှုကြောင့်ပါခင်ဗျာ...။။ အင်း အတော်လည်းပေရှည်သွားပါပီ... ခုမှလိုရင်းပြောပါတော့မယ်...လိုရင်းလေးကိုတော့ မကြာမည်လာမည်ပေါ့ဗျာ....။ ဒီနေ့တော့နားပါရစေ...။
 



MMO

No comments:

Post a Comment