Wednesday, September 7, 2011

အကွက်အဆင်(Pattern)

အကွက်အဆင်(Pattern)



Pattern ကို အကွက်အဆင်လို့ ကျနော်ဘာသာပြန်လိုက်ပါတယ်...။ အဆင်ဆိုတာကို ကျနော်ငယ်ငယ်က အဝတ်အထည်တွေမှာ အသုံးများတာကို ကြားဖူးနားဝရှိပါတယ်။ အဆင်လေးကောင်းတယ်၊ အကွက်လေးတွေ မဆိုးဘူးစသဖြင့်ဆိုတတ်ကြတာ မကြာမကြာ ကြားဖြစ်တယ်။ အဲဒါကို Pattern လို့ဆိုတာနားလည်မိပါတယ်။ ဗိသုကာ Concept မှာတော့ pattern အကြောင်းကို အရာဝတ္ထုတွေကို ပုံမှန်ဖြစ်စေ (သို့) ပုံမှန်မဟုတ်ဘဲ ဖြစ်စေ အစီအစဉ်ပြုလုပ်ပြီး အထပ်ထပ် ပြုလုပ်ထားလိုက်ရင် Pattern ( အဆင်ကွက် ) ကို ဖန်တီးပြုလုပ်ပြီး ဖြစ်သွားပါတယ်။ Architectural design မှာ အရာဝတ္ထုတွေ Line , colour, Texture, Form နှင့် Shape များကို အသုံးပြု ပြီး လည်းကောင်း၊ Value(darkness) အလင်းအမှောင် အသွေးအနု အရင့်ကို အသုံးပြုပြီးလည်းကောင်း အမျိုးမျိုးဖန်တီးပြီး အကြိမ်ကြိမ်အထပ်ထပ် (Repeat) ပြုလုပ်အသုံးပြုတတ်ကြပါတယ်။ Pattern အကွက်တွေဟာ ဂရုတစိုက်လုပ်လို့ဖြစ်စေ၊ မတော်တဆ အဲလိုမှမဟုတ်ရင် အလျဉ်းသင့်သလိုတွဲစပ်၍ ဖြစ်စေ ဖြစ်ပေါ်နေတတ်ပါတယ်။ Pattern များမှာ repetition ထပ်ကြော့တာတွေ များစွာပါဝင်နေတတ်ပါတယ်...။ ပြောရရင် တစ်မျိုးတည်းသော အကွက်အဆင်တစ်ခုခုကို ထပ်၍ထပ်၍ အကြိမ်များစွာ အသုံးပြုတတ်ခြင်းပါ။ နောက် Pattern တစ်ခုဟာ အခြား Pattern တစ်ခုကို ဖုံးအုပ်တာဖြစ်စေ၊ လွှမ်းမိုးတာဖြစ်စေ၊ ပေါင်းကူးသဘော ဆက်စပ်၍ ဖြစ်စေ ပြုလုပ်ထားခြင်းကို Design ပြုလုပ်ရာမှာ Counterpoint ပြုလုပ်ခြင်းလို့ ခေါ်ဝေါ်ကြပါတယ်....။ အချို့pattern တွေဟာဆိုရင် Design Concept တွေကနေတဆင့် အတွေးပွားပြီး ပြုလုပ်တတ်ကြပါသေးတယ်..။
 

Pattern နှင့်ပတ်သတ်ပြီး အတွေးပွား လေ့ကျင့်နိုင်တဲ့ အတွေးလေးတွေ နမူနာပြောပါမယ်...။ ပုံ နှစ်ပုံကိုကြည့်ပါ...။
 

A line (မျဉ်းတစ်ကြောင်း) နှင့် A shape (ပုံသဏ္ဍာန်တစ်ခု) တို့ရဲ့ကွာခြားချက်တွေက ဘာတွေများပါလိမ့်....။ အခြားအရာတွေ အနေနှင့် ကျနော်တို့ အခန်းတွေထဲမှာ မတူညီကွာခြားတဲ့ ဘယ်လိုပုံသဏ္ဍာန် အရာဝတ္ထုတွေရှိသလဲဆိုတာ သတိထားမိကြပါသလား...။ အဲဒီအရာဝတ္ထုတွေကရော ဘယ်လိုနေရာမျိုးတွေမှာ ရှိနေတတ်ပါသလဲ...။ Lines မျဉ်းကြောင်းအားလုံးဟာ shapes တွေဖြစ်ဖို့လိုအပ်ပါသလား...။ (မလို) ကျနော်တို့ဝတ်ဆင်ထားတဲ့ အဝတ်အထည်တွေကို သေချာကြည့်မယ်ဆိုရင် Line တွေ၊ shape တွေ အဖြစ်တွေ့နေရပါသလား။ အကြိမ်ကြိမ်အထပ်ထပ် repeat လုပ်ထားတဲ့ အရာဝတ္ထုတွေကို ကျနော်တို့ ပတ်ဝန်းကျင်မှာ သေချာစွာ လေ့လာကြည့်ရှု့သင့်ပါတယ်။ အဲဒီအရာတွေမှာရော repeat ဖြစ်တဲ့ အပိုင်းတွေမှာ ဆက်စပ်ရာနေရာတွေမှာ Line တွေများ တွေ့ရတတ်ပါသလား..။ shape တွေကို အကြိမ်ကြိမ် repeat လုပ်အသုံးပြုခြင်းဟာ ဘယ်လိုရလဒ်များထွက်ပေါ်လာပါသလဲ...။ Patterns တွေ အဖြစ် အလွယ်တကူတွေ့နိုင်မယ်ထင်ပါတယ်...။ အင်္ကျ ီ အဝတ်အစားတွေ အမျိုးမျိုးတွေမှာ pattern အကွက်အဆင် အမျိုးမျိုးကို တွေ့နိုင်ပါတယ်။
 

ကျနော်တို့ အိမ်အခန်း ပတ်ဝန်းကျင်မှာရှိတဲ့ မျက်နှာကျက်၊ နံရံ၊ တံခါး ပြူတင်း ပေါက်တွေ၊ စာအုပ်စင် စတဲ့ ပစ္စည်းတွေဟာ Patterns ဖြစ်နေတာကို တွေ့ရမှာပါ...။
 

Patterns တွေကို ကျနော်တို့ဘယ်လိုနေရာတွေမှာ ဘယ်လိုနည်းလမ်းတွေနှင့် အသုံးပြုနိုင်ပါသလဲ...။ သဘာဝတရားမှာရော Patterns တွေရှိနေတယ်ဆိုတာကို သတိထားမိကြပါသလား..။ သစ်တော်သီးတစ်လုံးကို ထက်ဝက်ပိုင်းလိုက်ပြီး အထဲမှာရှိတဲ့ အစေ့တွေကိုကြည့်မယ်ဆိုရင် လှပတဲ့ Pattern လေးကိုမြင်ရပါမယ်။ ပင်လယ်လိပ်တစ်ကောင်ကို ကြည့်လိုက်ရင်လည်း့ Pattern တွေကိုမြင်ရမှာပါ..။
 

အခြားအနေနှင့် မြင်းကျား၊ ကျားသစ်စတဲ့ တောရဲတိရစ္ဆာတွေရဲ့ အရေခွံမှာလှပတဲ့ Pattern တွေကိုအထင်အရှားတွေ့နိုင်တာပါပဲ။ အဲဒီသဘာ၀ ဖြစ်ပေါ်လာတဲ့ Patterns တွေကို တိရစ္ဆာန်တွေဟာ ဘယ်လိုများအသုံးပြုကြပါသလဲ..။ မြင်းကျားရဲ့ အစင်းကြား Pattern တွေဟာ မြက်ပင်တွေ၊ သစ်ကိုင်းသစ်ခက်တွေရဲ့ အရိပ်တွေ အဖြစ်ထင်မှတ်မှားစေပါတယ်...။
 

ကျားသစ်တစ်ကောင်ရဲ့ အစက်အပြောက် Patterns တွေ ကတော့ သစ်ရွက်သစ်ခက်တွေကို ထိုးကျတဲ့ နေပျောက် အစက်အကွက်ကလေးတွေလိုပါပဲ...။
 

အဲဒီတော့ မြင်းကျားတွေဟာ မြက်ခင်းတွေ ကိုင်းတောတွေမှာ နေထိုင်တဲ့အခါ ရန်သူအလွယ်တကူမမြင်ရအောင် ကွယ်ဖျောက်ပြီးသားဖြစ်စေပါတယ်...။ ကျားသစ်တစ်ကောင်ဟာ သစ်ပင်ပေါ်မှာ နေတဲ့အခါ သစ်ရွက်နေပြောက်တွေနှင့် ရောနှောပြီး သားကောင်တွေ အလွယ်တကူ မသိနိုင်အောင်ပုန်းကွယ်ခွင့်ရနေပါတယ်....။ အခြားကျနော်တို့ ပတ်ဝန်းကျင် ငယ်စဉ်ကတွေ့ရတတ်တဲ့ ပုတ်သင်ညိုတွေ အရောင်ပြောင်းတတ်ခြင်းဟာလည်း သဘာဝက ဆန်းကျယ်စွာ ဖန်တီးပေးထားတဲ့ Patterns အကွက်အဆင်တွေပဲ ဖြစ်ပါတယ်...။ အခုဆိုရင် တိရိစ္ဆာန်တွေမှာ ဘာကြောင့် Patterns တွေ ဖန်တီးပေးထားသလဲ ဆိုတာ တွေးမိလောက်မယ်ထင်ပါတယ်...။ Architect ဗိသုကာတွေဟာ Patterns တွေကို နည်းလမ်းအမျိုးမျိုးနှင့် အသုံးပြုတတ်ပါတယ်...။
 

ပုံမှာတွေ့ရတဲ့ အဆောက်အအုံ plan မှာ Grid တွေအသုံးပြုထားပါတယ်..။ အဲဒီမှာ Patterns တွေကိုတွေ့ရပါသလား...။
 
Dubai Arch Tower


နောက် ထပ်တွေ့ရတဲ့ Skyscraper အဆောက်အအုံကြီးမှာလည်း Patterns တွေကို သတိထားမိပါသလား..။ နောက်ထပ်စဉ်းစားစရာကတော့ Patterns တွေကနေ Rhythm ဖြစ်စေတဲ့ ဆက်သွယ်ချက်က ဘာများပါလိမ့်...။ နှစ်ခုစလုံးရဲ့ အဓိက အခြေခံအချက်က Repetition အကြိမ်ထပ်ခြင်းကို အခြေခံကြတာပါ....။ အဲဒီနှစ်ခုရဲ့ အခြေခံ အချက်ကိုမူတည်ပြီး နှိုင်းယှဉ်ချက်တစ်ခုလောက် ထုတ်ကြည့်မယ်ဆိုရင် pattern ကနေ rhythmကို သွားသလို texture ကနေ beat အဖြစ် ဆက်စပ်နေပါတယ်....။ အခြားအဆက်အစပ်တွေများစွာလည်း တွေးတောစဉ်းစားဉာဏ်ကျက်စားနိုင်ပါတယ်...။ လက်တွေ့စမ်းသပ်ချက်လုပ်ဆောင်နိုင်တဲ့ Patterns သင်ခန်းစာလေးကိုလည်း ပြောချင်ပါသေးတယ်...။ အရောင်စုံစက္ကူမျှင်လေးတွေကို ဖျာတစ်ခုသဖွယ်ယက်လုပ်မယ်ဆိုရင် အရောင်အမျိုးမျိုးကို ထပ်ကြိမ်အသုံးပြုခြင်း Repetition ကိုပြုလုပ်ပြီးဖြစ်သလို၊ သူ့ရဲ့ရလဒ်ကတော့ လေးထောင့်ကွက် Patterns လေးတွေ အဖြစ်ရရှိမှာပါ...။ နောက်စမ်းသပ်နိုင်တဲ့ တစ်ခုကတော့ အာလူးတစ်လုံးကို အလယ်ကပိုင်းပြီး ပိုင်းထားတဲ့ မျက်နှာပြင်နေရာလေးမှာ ပုံသဏ္ဍာန်တစ်ခုခုကို ထွင်းလိုက်ပါ....။ အဲဒီနောက် ထွင်းထားတဲ့ အာလူးအပိုင်းလေးရဲ့ မျက်နှာပြင်ကို ပုံနှိပ်မှင်ဆေးတစ်ခုခုဖြင့် စိမ်နှစ်ပြီး နောက် အာလူးပုံနှိပ်ပုံစံဒီဇိုင်းတစ်ခုအဖြစ်ဖန်တီးနိုင်ပါတယ်...။ သတိထားရမှာက ပုံနှိပ်မှင်ကို အများကြီးမဖြစ်အောင်ဂရုစိုက်နှစ်ပြီး စာရွက်သို့မဟုတ် ပလိပ်ပြားတစ်ခုခုမှာ ပုံနှိပ်သင့်ပါတယ်...။ တံဆိပ်နှိပ်တဲ့ မှင်ခွက်လေးကို အသုံးပြုရင်ရနိုင်ပါတယ်...။ ဒီလေ့ကျင့်ခန်းလေးကို ပန်းသီးတစ်လုံးနှင့်လည်း စမ်းသပ်နိုင်ပါတယ်...။ အထည်အလိပ်လုပ်ငန်းတွေမှာ ပုံနှိပ်တဲ့ နည်းပညာဟာ ခုပုံစံလေးကို အခြေခံပြီး အဝတ်အစားတွေရဲ့ အပိုင်းအစတွေမှာ ပုံနှိပ်ခြင်းပါပဲ....။ အခုလောက်ဆိုရင် Patterns နှင့်ပတ်သတ်တဲ့ သဘောတရားကို အကြမ်းဖျဉ်းနားလည် သွားလောက်ပြီလို့ ထင်ပါတယ်....။
 


MMO

No comments:

Post a Comment