Wednesday, September 7, 2011

ဖွဲ့စည်းထားသိုခြင်း(Composition)

ဖွဲ့စည်းထားသိုခြင်း(Composition)

ပေါင်းစပ်ခြင်း၊ ဖွဲ့စည်းခြင်းဆိုတာ လွယ်မယောင်နှင့်ခက်ပါတယ်....။ ဆီလျှော်အောင်၊သင့်တင့်အောင် ပေါင်းစပ်ဖွဲ့စည်းနိုင်ဖို့ဆိုတာ အပြောလွယ်သလောက် တကယ်လုပ်ဆောင်နိုင်ဖို့ မလွယ်ကူပါဘူး...။ ဘယ်လိုနေရာမျိုးမှာဖြစ်စေ စုစုစည်းစည်း ညီညွတ်မျှတအောင်၊ မြင်တဲ့သူ၊ ကြည့်တဲ့သူတွေရဲ့ အမြင်မှာ ပသာဒဖြစ်နေအောင် စုစည်းနိုင်တယ်ဆိုရင် composition ဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ ဗိသုကာပညာမှာ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုတဲ့ ပုံသဏ္ဍာန်(shapes)၊ အရောင်(colors)၊ အဆင်အသား(textures)၊ မျဉ်း(lines)၊ သို့မဟုတ် စုစည်းထားသောအရာဝတ္ထု(themes) တွေဟာ တစ်ခုနှင့်တစ်ခု တစ်ပိုင်းနှင့်တစ်ပိုင်း ဆက်စပ်ထားခြင်းကို composition လုပ်ခြင်းလို့ ဆိုနိုင်ပါတယ်။ အလွန်နက်ရှိုင်းလှတဲ့ ချိုင့်ဝှမ်း သို့မဟုတ် ချောက်ကမ်းပါးတစ်ခုကို ဖြတ်ပြီး လမ်းတစ်ခုတည်ဆောက်ချင်တယ်ဆိုရင် ချောက်ရဲ့ ဟိုဘက်ဒီဘက် ကမ်းပါး နှစ်ဘက်ကို ဆက်သွယ်ပေးဖို့ တစ်စုံတစ်ခု လိုအပ်ပါလိမ့်မယ်။ အဲဒီလိုဆက်သွယ်ဖို့အတွက် ပြုလုပ်ပေးထားတဲ့ အရာကို ကျနော်တို့တွေ ဘယ်လိုများခေါ်ပါလိမ့်..။ တံတား (Bridge) ဆိုတာကို လူတိုင်းသိနိုင်မယ်ထင်ပါတယ်။ တံတားဆိုတာမှာရော ဘယ်လိုတံတားတွေများရှိနိုင်မလဲ။ ဘယ်လိုအရာဝတ္ထုတွေနှင့် တည်ဆောက်ထားမလဲ။ သံတံတား၊ သစ်သားတံတား၊ ကြိုးတံတား စသည်ဖြင့် အမျိုးမျိုးတွေ့နိုင်မှာပါ။ နောက် ဆက်စပ်မှုအနေနှင့် ကျနော်တို့ လူသားမျိုးနွယ်တွေရဲ့ ဆက်စပ်မှုတွေရော စဉ်းစားကြည့်ရအောင်ပါ။ ကျနော်တို့တွေမှာ မွေးချင်းညီအကိုမောင်နှမ ဘယ်နှစ်ယောက်ရှိကြပါသလဲ။ အဲဒီညီအကိုမောင်နှမတွေကရော ဘယ်လိုမျိုးဆက်သွယ်နေကြပါသလဲ။ နောက် အဲဒီ မိသားစုတစ်ခုမှာရှိတဲ့ မိသားစုဝင်တွေဟာ အတော်တော်များများ တစ်ယောက်နှင့်တစ်ယောက်ဟာ ဆင်တူနေတဲ့ အချက်ကလေးတွေရှိတတ်ကြပါတယ်။ အဲဒါမျိုးလေးတွေကို သတိထားမိကြပါသလား။ ကျနော်တို့တွေ Design တွေပြုလုပ်ကြမယ်ဆိုရင်ရော...။ တခါတရံမှာ ကျနော်တို့တွေရဲ့ ဒီဇိုင်းတွေမှာ အစိတ်အပိုင်းတစ်ခုနှင့်တစ်ခု ဆက်စပ်နိုင်ဖို့ တံတားသဖွယ် သို့မဟုတ် ဆီလျှော်သင့်တင့်တဲ့ အကူးအပြောင်း ဖြစ်စေအောင် ပြုလုပ်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ အောက်ကပုံမှာကြည့်မယ်ဆိုရင်...
ပုံသဏ္ဍာန်နှစ်ခုဟာ တစ်ခုနှင့်တစ်ခု သီးသန့်စီ၊သီးခြားစီ ဖြစ်နေတာ တွေ့မှာပါ။ အဲဒီနှစ်ခုဟာ ဆက်စပ်မှုလုံးဝမရှိသလိုလည်းခံစားရမှာပါ။ အကယ်၍ အဲဒီနှစ်ခုကို ပေါင်းစပ်မှုအနေနဲ့ မြင်နိုင်ဖို့ဆိုရင် တစ်ခုခုနှင့် ဆက်စပ်ပေးဖို့လိုအပ်နေတယ်လို့ ခံစားရမှာပါ။ အဲဒီတော့ အဲဒီနှစ်ခုကို ဆက်စပ်ပေးဖို့ဆိုရင် ဘာတွေလုပ်ဖို့လိုအပ်မလဲ...။ ဘယ်လိုပုံစံမျိုးတွေ ဆက်စပ်လိုက်မယ်ဆိုရင် သူတို့နှစ်ခုရဲ့ သီးခြားဖြစ်နေမှု အထီးကျန်သလိုဖြစ်နေမှုတွေကနေ စုစည်းမှုဖြစ်အောင် ဖန်တီးပေးနိုင်မလဲ။ ဘယ်လို လုပ်ပေးရင် သူတို့တွေရဲ့ ဆက်သွယ်နေမှုရှိတယ်ဆိုတာကိုပြနိုင်မလဲ။ အခြေခံအားဖြင့်တော့ တူညီတဲ့ ပုံသဏ္ဍာန်(shapes)၊ မျဉ်း(lines)၊ အရောင်(colors) စတဲ့ အရာတွေနှင့ ဆက်စပ်ပေးရမှာပါ။ အပေါ်ကပုံထဲမှ အောက်ကပုံနှစ်ပုံပုံမှာ ပုံနှစ်ခုထဲကမှ တြိဂံပုံလေးလိုမျိုး အမျိုးစားတူတဲ့ တြိဂံလေးကိုအသုံးပြုပြီး တံတားအဖြစ် ဆက်စပ်ပေးလိုက်ပါတယ်။ အခြားထို့ထက်ပိုမိုတဲ့ ပုံသဏ္ဍာန်တွေ အသုံးပြုပြီး family relations မိသားစုတစ်ခု ဆက်သွယ်သလို ဆက်သွယ်လိုက်မယ်ဆိုရင် ကားချပ်တစ်ခုလုံးစာအတွက် ပြည့်စုံတဲ့ ဆက်သွယ်မှုရှိနေတဲ့ ပုံသဏ္ဍာန်တွေကို ရရှိလာပါမယ်။ အခြား တြိဂံတစ်ခုကို ထပ်ဖြည့်ပြီး မျဉ်းတစ်ခုနှင့် ဆက်သွယ်ပေးလိုက်သလိုမျိုး ဆက်စပ်ဖြည့်ဆည်းပေးနိုင်တာမျိုးတွေ လုပ်နိုင်ပါတယ်။ ကဲ ခုဆိုရင် ဒီဇိုင်းတစ်ခု သို့မဟုတ် ဖွ့ဲစည်းထားသိုမှု တစ်ခုဟာ အစိတ်အပိုင်းတိုင်းမှာ အရေးကြီးတယ်ဆိုတာ သိနိုင်လောက်ပါပြီ။ ဗိသုကာတွေအနေနှင့် အဲဒီလိုမျိုး စုစည်းထားသိုဖို့အတွက် composition ကို သူတို့ရဲ့ဒီဇိုင်းတွေမှာ ဘယ်လိုများ လုပ်ဆောင်တတ်သလဲလို့ ထင်မိပါသလဲ။ သူတို့တွေလည်း သူတို့တွေရဲ့ အဆောက်အအုံတွေမှာ ပုံသဏ္ဍာန်(shapes)၊ မျဉ်း(lines)၊ အရောင်(colors) စတဲ့အရာတွေနှင့်ပဲ ပြုလုပ်ကြရတာပါ။ အောက်မှာပြထားတဲ့ ဂျပန်နိုင်ငံက Horyu-ji Temple မှာဖန်တီးထားတဲ့ ဗိသုကာပညာရှင်ဟာ ကွဲပြားတဲ့ ပုံ(form) အမျိုးမျိုးကို တစ်ခုတည်းဖြစ်အောင် လိမ္မာပါးနပ်စွာ စုစည်းဖွဲ့သိုထားပါတယ်။
အဲလိုပြုလုပ်ထားရာမှာ ဘယ်အရာတွေဖြစ်မလဲ။ ရှည်လျားပြီး ရစ်သမ်ကျမျဉ်းသဖွယ် ဖြစ်နေတဲ့ ပုံမျိုးနှင့် အဆောက်အအုံတစ်ခုလုံးကို ဆက်သွယ်ပေးထားပါတယ်။ အထူးသဖြင့် တူညီတဲ့ အချိုးအစား(propotion)၊ တူညီတဲ့ ဟင်းလင်းပြင်(space)၊ တူညီတဲ့ အမိုး(roof line)၊ နှင့် တူညီတဲ့ အရာဝတ္ထုပစ္စည်းတွေကို အသုံးပြုထားကြပါတယ်။ ကျနော်တို့အနေနှင့် composition ကိုလေ့ကျင့်သင်ယူရာမှာ ပတ်ဝန်းကျင်မှာရှိတဲ့ ဆက်စပ်နေတဲ့ ပစ္စည်းတွေကို ဂရုပြုလေ့လာခြင်းပါပဲ။ သစ်ရွက်ကလေးတွေမှာ ပါတဲ့ အကြောမျှင်လေးတွေဟာ မြို့တစ်မြို့ရဲ့ မြေပုံတစ်ခုနှင့် သဏ္ဍာန်တူနေတတ်ပါတယ်။ အခြားအရာနှင့်တူတာကတော့ လူတွေရဲ့ ကိုယ်ခန္ဓာက သွေးကြောမျှင်လေးတွေနှင့် သဏ္ဍာန်တူနေတတ်တာပါ။ အဲဒီလိုပဲ ကျနော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ သဏ္ဍာန်တူတဲ့ အရာဝတ္ထုတွေ အနေနှင့် များစွာရှိပါတယ်။
ပုံမှာပြထားတဲ့ သဏ္ဍာနှစ်ခုဟာ ငှက်ပျောသီးတစ်လုံးနှင့် လိမ္မော်သီးတစ်လုံးပုံပါ။ သူတို့ဟာ သစ်သီးအဖြစ်အမျိုးအစားတူကြပါတယ်။ သူတို့ရဲ့ သဏ္ဍန်ဟာ မျဉ်းကွေးများဖြင့် ဖွဲ့စည်းထားတာလည်း တူကြပါတယ်။ သူတို့ဟာ ပြင်ညီတစ်ခုတည်းအပေါ်မှာပဲ တည်ရှိနေကြပါတယ်... စတဲ့ အချက်တွေဟာ တူညီကြပါတယ်။ အခြားမတူတဲ့ အချက်တွေကတော့ တစ်ခုကရှည်ပြီး တစ်ခုက ပုလုံးတိုပါ။ တစ်ခုက ဘယ်ဘက်မှာရှိပြီး တစ်ခုက ညာဘက်မှာရှိပါတယ်။ တစ်ခုက တခြားနေရာ တစ်ခုကို ညွှန်နေတဲ့ပုံ ရှိပြီး အခြားတစ်ခုက အဲဒီမှာပဲ တည်နေပါတယ်။ တစ်ခုက ကားချပ်ဘောင်ကိုထိစပ်နေပြီး အခြားတစ်ခုကတော့ လွတ်လွတ်ကင်းကင်း ကားချပ်ထဲမှာ ရှိနေပါတယ်။ အဲဒီလိုပုံစံဖြင့်လေ့လာပြီး သူတို့တွေရဲ့ တူညီမှု၊ မတူညီမှု၊ ကွပြားမှု၊ မကွဲပြားမှုတွေကို လေ့လာပြီး သူတို့တွေကို ဘယ်လို ဆက်စပ်မယ်ဆိုရင် အကောင်းဆုံး အသင့်တော်ဆုံး ဒီဇိုင်းအဖြစ် ပြောင်းလဲပြုလုပ်နိုင်မလဲဆိုတာ တွေးတောရင်းဖြင့် ပိုမိုကောင်းမွန်သော ဒီဇိုင်းများကို ပြုလုပ်နိုင်လာပါလိမ့်မယ်။ အထက်ပါဥပမာကဲ့သို့ ပစ္စည်းနှစ်ခုရဲ့ ဆက်စပ်မှုတွေကို ဆန်းစစ်လေ့လာပြီး ကျနော်တို့တွေရဲ့ ဒီဇိုင်း အသိအမြင်တွေကို ထက်မြက်အောင် လေ့ကျင်ပျိုးထောင်ပေးသင့်ပါတယ်။ အထူးသဖြင့် ပတ်ဝန်းကျင်မှာရှိတဲ့ အမြင်ဆိုင်ရာ ဖြစ်စေ၊ အနံ့ဆိုင်ရာဖြစ်စေ၊ အသံဆိုင်ရာဖြစ်စေ၊ အထိအတွေ့ ဆိုင်ရာဖြစ်စေ၊ အရသာဆိုင်ရာဖြစ်စေ စတဲ့ အာရုံငါးပါးနှင့် ပတ်သတ်ပြီး ဆက်စပ်နေတဲ့ တနည်း family ဖြစ်တဲ့၊ relationship ဖြစ်နေတဲ့ အရာဝတ္ထုတွေကို သေခြာခွဲခြားသိနိုင်ပြီဆိုရင်... ကျနော်တို့တွေအနေနှင့် ဒီဇိုင်းပြုလုပ်ရာမှာ composition အကောင်းဆုံးဖြစ်အောင် ဖွဲ့စည်းပေါင်းစပ် ထားသိုနိုင်ပါလိမ့်မယ်။ အောက်ကပုံတွေကိုလေ့လာမယ်ဆိုရင် ဒီဇိုင်းဆိုင်ရာ composition အသုံးပြုထားပုံတွေ ကိုလေ့လာနိုင်ပါတယ်...။
Romanesque cathedral at Hilsesheim, Germany, ဒီပုံမှာဆိုရင် ဂျီသြမေတြီဆိုင်ရာပုံအမျိုးမျိုး (pramids, cubes, cones and planes....) အစရှိတဲ့ ပုံတွေကို ဆက်စပ်အသုံးပြုပြီး တည်ဆောက်ထားတဲ့ အဆောက်အအုံ ဒီဇိုင်းတစ်ခုပါ။ အခြားအခြားသော အဆောက်အအုံများမှာလည်းယခုလို ဒီဇိုင်းပြုလုပ်ထားခြင်းများကို လေ့လာနိုင်မှာပါ။
Composition အကြောင်းနှင့်ပတ်သတ်ပြီး ဥပမာလေးတွေ ပြောပြပေးပါမယ်... လေ့ကျင့်ခန်းလေးတွေ အနေနှင့်ပါး၏။ shape အမျိုးမျိုး စိတ်ကြိုက် ဆွဲထားလိုက်ပါ... ဆွဲပြီးသွားတဲ့ ပုံတွေကို အောက်မှာ ပြထားတဲ့ ပုံစံ အုပ်စုလေးနှစ်ခုမှာ ထည့်ပေးကြည့်ပါ... အဝိုင်းပါတဲ့ မျဉ်းကွေးတွေနှင့် ပုံတွေကို ပုံ(၁) မှာ ထည့်ကြည့်ပါ...
ထောင့်တွေနှင့် အဖြောင့်ဆွဲထားထဲ့ပုံတွေကို ပုံ(၂) မှာထည့်ကြည့်ပါ...
ခုဟာမှာ အမျိုးအစားခွဲတတ်ဖို့ လေ့ကျင့်ပေးခြင်းပါ... အောက်မှာပြထားတဲ့ ပုံလေး၂ပုံမှာ ဘယ်လိုကွာခြားသလဲဆိုတာ တွေပြောကြည့်ပါအုန်း...
ပြောရရင် တူတာကတော့ ပြင်ညီတစ်ခုတည်းမှာရှိတယ်... မျဉ်းကြောင်းတွေနှင့်ဆွဲထားတယ်... မျဉ်းကြောင်းအရောင်တွေတူတယ် စသဖြင့်ပေါ့... မတူတာကတော့ တစ်ခုက မျဉ်းအကွေး နောက်တစ်ခုက မျဉ်းအဖြောင့်... တစ်ခုက ဘယ်ဘက် တစ်ခုက ညာဘက်... စသဖြင့်ပေါ့... မတူတဲ့ အချက်တွေ စဉ်းစားနိုင်သလောက် စဉ်းစားရင်း ခွဲခြားစမ်းစစ် တတ်တဲ့ အသိအမြင် တိုးတတ်လာစေနိုင်ပါတယ်.... နောက်ထပ် လေ့ကျင့်ခန်းတွေ အနေနှင့် family group တွေအနေနှင့် ဆက်စပ်တာတွေကို လေ့ကျင့်လေ့လာသင့်ပါတယ်... အဲဒီအမျိုးအစား family relationship တွေခွဲခြားရာမှာ အမြင်ဆိုင်ရာ... အကြားဆိုင်ရာ... အနံ့ဆိုင်ရာ... အရသာဆိုင်ရာ... အထိအတွေ့ဆိုင်ရာ စတဲ့အာရုံငါးပါးဆိုင်ရာတွေ ကိုလေ့လာပြီး အမျိုးအစား အမျိုးမျိုး သီးခြားစီ ခွဲခြားလေ့လာသင့်ပါတယ်... ဥပမာတွေပြောရရင်... အောက်က ဇယားလေးကိုကြည့်ကြည့်ပါ...
family group ခွဲထားပုံလေးပါ... စဉ်းစားမယ်ဆို အများကြီးထွက်လာနိုင်မှာပါ... အရောင် အနေနဲ့ အမျိုးအစား ခွဲခြားထားတာပါ.. နောက်တစ်ခုကတော့ ပတ်ဝန်းကျင်မှာရှိတဲ့ ဟာတွေကို ဂျီသြမေတြီပုံလေးတွေနှင့် နှိုင်းယှဉ်ခွဲခြား လိုက်တာပါ...
နောက်ဆုံးဟာလေးတော့ ကိုယ့်ဘာသာ စဉ်းစားအဖြေရှာ ကြည့်လိုက်ကြပါ...
အဲဒီဥပမာလေးတွေလိုပဲ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ပစ္စည်းလေးတွေကို သတိထားလေ့လာပြီး အမျိုးအစားခွဲခြားမှတ်သားတတ်တဲ့ အလေ့အကျင့်လေးမွေးမြူပေးထားမယ်ဆိုရင် composition ပေါင်းစပ်စုစည်းတဲ့ အချိန်မှာ အမျိုးအစား category ခွဲတတ်မှုကြောင့် သင့်လျှော်သလို စီမံခန့်ခွဲနိုင်ဖို့ အလေ့အကျင့် ကောင်းကောင်းရနေပါလိမ့်မယ်... ။ အဲ...ဒါနဲ့ composition ကောင်းမကောင်းဆိုတာ၊ ဝါသနာ၊ ပါရမီ အတွေ့အကြုံနှင့် တီထွင်ဆန်းသစ်တတ်မှုတွေ ပေါင်းစပ်နိုင်မှသာ အကောင်းဆုံးဖြစ်နိုင်မှာပါ....။ အခုလို အရာဝတ္ထုတွေ composition လုပ်သလို လူသားတွေကို composition လုပ်နိုင်တာဟာ ခေါင်းဆောင်ကောင်းတွေရဲ့ အရည်အချင်းတစ်ရပ်ပါပဲ...။ ခေါင်းဆောင်ကောင်းတွေဟာ ခုပစ္စည်းတွေကို အမျိုးအစား ခွဲခြားနိုင်သလို မိမိလက်အောက်က လူတွေကိုလည်း စိတ်ဓါတ်၊ အကျင့်၊ စရိုက်၊ လုပ်ရည်၊ ကိုင်ရည် အစရှိတဲ့ တစ်ယောက်ချင်းရဲ့ အရည်အချင်းတွေကို ခွဲခြားစိစစ်နိုင်ပြီး ဘယ်လိုလူမျိုးဟာ ဘယ်လိုသင့်တော်တယ်ဆိုတာ ဝေဖန်ပိုင်းခြား စိစစ်စီမံပြီး အကောင်းဆုံး ခေါင်းဆောင်မှု ပေးနိုင်ကြပါတယ်...။ အဲဒီတော့ composition ဆိုတာ နေရာတကာမှာ အရေးပါတယ်ဆိုရင် ဘယ်လိုများထင်မြင်မိကြမလဲ....။ ကျနော်ကတော့ ကျနော့အမြင်တွေကို ရေးသားလိုက်ခြင်းပါ..။ သဘောတူတာလည်း ရှိနိုင်သလို အယူအဆ ကွဲပြားနေတာ၊ လွဲမှားနေတာမျိုးလည်း ရှိနေနိုင်ပါတယ်...။ ကျနော်သိသလောက်၊ တွေးမြင်မိသလောက် အသိအမြင်လေးကို ပြောလိုက်ခြင်းပါခင်ဗျာ...။ တကယ်တော့ ဖွဲ့စည်းထားသိုခြင်း composition ဆိုတာ ဒီဇိုင်းဆိုင်ရာမှာသာမက ကျနော်တို့လူသားတွေရဲ့ လူအဖွဲ့အစည်းတွေမှာရော လူတစ်ယောက်နှင့် တစ်ယောက်ရဲ့ မတူညီတဲ့ အကျင့်စရိုက်တွေ၊ မတူညီတဲ့ သဘာဝတွေ၊ တူညီတဲ့ စရိုက်တွေ၊ တူညီတဲ့ သဘာဝတွေ စတာတွေကို composition ပြုလုပ်နိုင်ခြင်းဟာလည်း မိသားတစ်စု၊ အဖွဲ့အစည်းတစ်ခု၊ ရပ်ကွပ်တစ်ခု၊ မြိုရွာတစ်ခု၊ နိုင်ငံတစ်ခု အတွက် အင်မတန်အရေးပါလှတယ်ဆိုတာ တွေးတောမိပါတယ်...။ နောက်ဆုံး နိုင်ငံတစ်ခုသာမက ကမ္ဘာလုံးဆိုင်ရာ၊ စကြာဝဠာကြီးအထိ အဆုံးစွန် သတ္တလောကကြီးတစ်ခုလုံးရဲ့ ဖွဲ့စည်းတည်ဆောက်မှု ဆက်စပ်မှုတွေကို နားလည်ခံစားနိုင်မည်ဆိုရင်ဖြင့် လောကသဘာဝရဲ့ စုစည်းပေါင်းစပ်နိုင်ခြင်းရဲ့ အလှတရားတွေကို မြင်တွေ့ခံစား အသုံးချနိုင်မည်ဆိုသော အတွေးလေးကို စိတ်ကူးယဉ် ဖြန့်ကျက်တွေးတောမိပါကြောင်း။


MMO

No comments:

Post a Comment